ငါးရာတန်ရေခဲမုန့်တစ်ခွက်ရဲ့တန်ဖိုး
- Mar 24
- 1 min read

ဟိုတလောက အမှိုက်ပုံမှာ အလုပ်လုပ်ကြတဲ့သူတွေကို နေ့လည်စာထမင်းဘူးလေး တွေသွားဝေပေးပါသေးတယ်။ လူ ၄၀၀ စာလောက်ငှအောင်စီစဥ်ခဲ့တာပါ။
ပုံမှန်တော့ နေ့လည်စာထမင်းကျွေးရင် ထမင်းဘူးလေးတွေနဲ့ ငါးဖယ်ဟင်း၊ ကြက်သားကြော်၊ ချဉ်ပေါင်ကြော် အစရှိသဖြင့် စီစဉ်ခဲ့တာပါပဲ။ ဒီတခါတော့ စိတ်ထဲက ထမင်းစားပြီးအချိုတည်းဖို့ ရေခဲမုန့်နဲ့ ကိတ်မုန့်လေးပါထည့်လိုက်ကောင်းမယ်လို့ အတွေးပေါက်မိပါတယ်။
ရာသီဥတုကလည်းပူတော့ ချိုချိုအေးအေးလေး တစ်ခုခုစားရရင်ကောင်းမှာပဲ လို့တွေးမိတာလေ ထမင်းဗူးအပြင် အချိုရေခဲမုန့်ကိတ်မုန့်ပါ စားကြရတော့ ပျော်ကြပါတယ်။ ကလေးရော လူကြီးရော ရေခဲမုန့်လေးတွေ ပျော်သွားမှာစိုးလို့တချို့က အရင်စားကြတယ်တဲ့။
ရေခဲမုန့်လေးပါ ရှားရှားပါးပါး စားရတာကောင်းလိုက်တာဆိုပြီး ပျော်နေကြတယ်တဲ့။ ကျွန်မကို ဓာတ်ပုံတွေပို့ပေးလာတော့ ရေခဲမုန့်ခွက်ကလေးတွေကိုင်ပြီး ပြုံးပျော်ရယ်မောနေကြတဲ့ပုံတွေကြည့်ပြီး စိတ်ထဲမှာဘယ်လိုဖြစ်သွားတယ်မသိဘူး မျက်ရည်ကျမိပါတယ်။
ရေခဲမုန့်လေးတစ်ခွက်ရဲ့တန်ဖိုးဟာ ငါးရာကျပ်လောက်ပဲရှိပါတယ်။ ကိတ်မုန့်လေးပါပါတော့ တစ်ထောင်လောက်ပေါ့။ ထားလိုက်ပါတော့ ရေခဲမုန့်လေး တစ်ခွက်ဟာ ငါးရာလို့ပဲ။
ဒီလောက်ကလေးကိုတောင် ကျွေးတဲ့သူရှိမှပဲစားရတဲ့ လူတွေရဲ့ဘဝကို ကရုဏာဖြစ်မိရပါတယ်။
တဆက်တည်းမှာပဲ မတူကွဲပြားခြားနားတဲ့ဘဝအခြေအနေတွေကို စဉ်းစားမိတယ်။
လူတစ်ယောက်နဲ့စကားပြောဖူးပါတယ်။ သူအင်မတန်ချစ်တဲ့ ချစ်သူကို ခရီးသွားဟန်လွဲ လက်ဆောင်ဝယ်ပေးတဲ့ပိုက်ဆံအိတ်က သိန်းရာကျော်တန်တယ်ဆိုတာသိရတော့ ကျွန်မတော်တော်အံ့ဩသွားပါတယ်။ ဒီလိုတန်ဖိုးကြီးအိတ်တွေရှိတယ်ဆိုတာသိပေမယ့် ကိုယ်တိုင်လည်းမကိုင်ဖူးတဲ့အပြင် ဒီလောက် လွယ်လွယ်ကူကူဝယ်ပေးနိုင်တဲ့လူမျိုးလည်း ကျွန်မ မတွေ့ဖူးသေးလို့ဖြစ်ပါလိမ့်မယ်။
သူ့ဆီက ကိန်းဂဏန်းတွေကိုကြားရတဲ့အခါ သူက ထမင်းစားရေသောက်ပြောနေပေမယ့် ကျွန်မကတော့ အဲဒီလောက်များပြားတဲ့ကိန်းဂဏန်းတွေ ဘဝမှာတစ်သက်လုံးရှာရင်တောင်ရပါ့မလား။ ရလာရင်တောင်ကျွန်မ အဲဒီ သုညတွေ ရေတွက်တတ်မှာမဟုတ်ဘူးလို့ တွေးနေမိသေးတာပါ။
တကယ်တမ်း စဥ်းစားကြည့်မယ်ဆိုရင်
အဲဒီလောက်ကိန်းဂဏန်းတွေဟာ ဘဝအခြေအနေအမျိုးစုံကို ဖန်တီးနိုင်တဲ့ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။
သနားစရာကောင်းတာက သူလုံးဝမပျော်ရွှင်နိုင်တာကြာပါပြီ။ မရယ်နိုင်တာကြာပါပြီ။ အကြီးအကျယ်စိတ်ညစ်နေရတာပါပဲ။ ကျွန်မ နားထောင်ရသမျှ ကိုယ့်တန်ဖိုး ကိုယ်ချ၊ ကိုယ့်စိတ်ကိုကိုယ်အတော်ညှင်း-ပန်း-နှိပ်-စက်နေတဲ့သူလို့ပဲ မြင်မိပါတယ်။
ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်လေးစားလိုက်တာနဲ့ သူ့ပြဿနာတွေ ငြိမ်းအေးသွားမှာပါ။ Self Respect /Self Love/Self Esteem ပြဿနာပါပဲ။
ပျော်ရွှင်မှုဟာ ငွေကြေးနဲ့တိုက်ရိုက်မကျဘူးဆိုတာ ဒီနေရာမှာ သေချာသိသွားရတာပါပဲ။
ရေခဲမုန့်စားရလို့ပျော်ရွှင်တယ်ဆိုတာ အင်မတန်မှရိုးရှင်းတဲ့ အခြေခံအကျဆုံးပျော်ရွှင်မှုဖြစ်ပါတယ်။ လူတွေဟာ ရေခဲမုန့်စားရရင် ပျော်ကြတာပဲလေ။
တချို့လူတွေမှာတော့ ငါးရာတန်ရေခဲမုန့်လေးစားပြီး ပျော်ရွှင်ခွင့်ရဖို့တောင်ခက်ခဲနေရတတ်ပါတယ်။ တချို့တွေကတော့ ကမ္ဘာ့အကောင်းဆုံးရေခဲမုန့်ကို နိုင်ငံကူးပြီး အဝသွားစားနိုင်ပါတယ်ဆိုတဲ့အခြေအနေမှာတောင်မှ ပျော်ရွှင်ခြင်းကိုမရကြပါဘူး။
လူတွေက မိမိမှာရှိတဲ့အရာတွေကို တန်ဖိုးထားတတ်တယ်၊ ကျေးဇူးတင်တတ်တယ်ဆိုရင် ပျော်ရွှင်ရမှာပဲဖြစ်ပါတယ်။
Grateful for the blessings you have ဆိုတဲ့နေရာမှာ သိန်းရာကျော်တန်ပိုက်ဆံအိတ်ကို လက်ဆောင်ဝယ်ပေးနိုင်တာကလည်း သူ့ရဲ့ထူးခြားတဲ့ Blessing ပဲ ဖြစ်ပါတယ်။
ရနေတာကို ရနေမှန်းမသိဘူး။ ရှိနေတာကို တန်ဖိုးထားကျေးဇူးတင်ရမှန်းမသိဘူး။ မရနိုင်တာတွေကိုဘဲ မျှော်လင့်နေမိတယ်။ မရှိတာတွေကိုပဲ တွေးနေတယ်ဆိုရင် ဘဝက ကွပ်လပ်တွေအပြည့်နဲ့ လျစ်ဟာနေမှာပါပဲ။
Oxford ဆရာတော်ကြီးရဲ့ ပျော်နိုင်ပါလျက်နဲ့ ပျော်ဖို့မေ့နေကြသူများဆိုတဲ့ စာအုပ်လေးကို အမှတ်ရမိပါတယ်။
လူတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မပျော်နိုင်ကြတာတွေရှိနိုင်တာမှန်တယ်။ ဒါပေမဲ့ ရေခဲမုန့် ငါးရာတန်လောက်တော့ ဝယ်စားနိုင်ကြသေးတယ်မဟုတ်လား။
ဒီငါးရာတန်ရေခဲမုန့်လေးစားပြီး လူတွေအများကြီး ပျော်ရွှင်နိုင်ခဲ့ကြတာကို စဥ်းစားကြည့်စေချင်တယ်။ ကိုယ့်မှာ ရေခဲမုန့်ထက် သာတာတွေအများကြီးရှိနေနိုင်ပါတယ်။ ဘဝမှာ မရှိတာ၊ မရတာတွေကို မတွေးဘဲ ရှိတာ၊ ရတာတွေအတွက် ကျေးဇူးတင်တတ်စေချင်တယ်။
တချို့တွေ မပျော်ဘူးဆိုတဲ့နေရာမှာ ဘယ်လိုပျော်အောင်နေပါလို့ပြောဖို့ ခက်ခဲခဲ့ရတာလည်း အမှန်ပါပဲ။
မွန်ဟော်စီ
၂၀၂၃



Comments