top of page
Search

ဆက်လုပ်နေဖို့ကပဲ အရေးကြီးတာ

  • May 28
  • 1 min read


Bright green leaves on a branch against a blurred background. Text overlay in Burmese script, with "Mon Halsey" at the bottom.

ဘဝမှာ စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေကြုံခဲ့ဖူးတယ်။ခုထိလည်း အခါအားလျော်စွာ ကြုံနေရဆဲပဲ။



ကိုယ်လုပ်တဲ့အလုပ်တိုင်းဟာ အောင်မြင်မှာချည်းပဲလို့တော့ ဘယ်ပြောလို့ရမလဲ။ဒီလိုပဲ..။ ဖြစ်မလားရယ်လို့ ကြိုးတော့ ကြိုးစားကြည့်ရတာပဲ။အကောင်းဆုံးတွေ ဖြစ်လာစေချင်မိပေမဲ့ မဖြစ်လာတော့လည်း မတတ်နိုင်ဘူးပေါ့။တချို့အရာတွေဟာ အတင်းလုပ်ယူလို့မှမရတာပဲလေ။



အရေးကြီးတာ ကြိုးစားကြည့်ဖို့ကအဓိကပဲ။လုပ်မကြည့်ဘဲနဲ့တော့ ဖြစ်မဖြစ်ဆိုတာ ဘယ်လိုသိရမလဲပေါ့။အတင်းဆုပ်ကိုင်ထားတာထက် လွှတ်ချလိုက်မှ စိတ်ချမ်းသာမယ်ဆို ကျွန်မကတော့ စိတ်ချမ်းသာဖို့ကိုပဲရွေးလိုက်တယ်။စိတ်ချမ်းသာအောင်နေတတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားခြင်းလည်းဖြစ်ပါတယ်။



ငွေကြေးအရ အရှူံးခံလို့ရတဲ့ ပမာဏတွေဆိုရင် အရှူံးခံလိုက်ပါတယ်။ငွေဆိုတာလည်း မ6သသရွေ့တော့ တစ်နည်းနည်းနဲ့ ပြန်ရလာတတ်တဲ့အရာပါပဲ။အရေးကြီးတာ ကိုယ့်အလုပ်ကိုယ် ပုံမှန်လေးလုပ်နေဖို့ပဲ။


အလုပ်လုပ်တဲ့နေရာမှာ မှားတာတွေလည်းရှိမယ်။ မှန်တာတွေလည်းရှိမယ်။


မှားမှာကြောက်လို့ ဘာမှမလုပ်ရင်တော့ မှန်တာတွေလည်း ဖြစ်မလာနိုင်ပါဘူး။ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့ကအဓိကကျတယ်။အရေးကြီးတာက ရှေ့ဆက်နေဖို့ပဲ။



ရှူံးတာ နိုင်တာ


ရှိတာ မရှိတာ


ပျော်တာ မပျော်တာ


မှန်တာ မှားတာ


ပြေလည်တာ မပြေလည်တာ


အားလုံးဟာ တစ်လှည့်စီဖြစ်နေကြတာပါပဲ။ဘာမှ မမြဲလို့ အချိန်တန်ရင်ပြီးသွားကြပါတယ်။အရေးကြီးတာ ဆက်ပြီး ရှင်သန် ရုန်းကန်နေဖို့ပဲ။



ည အမှောင်ကြီးမှောင်နေခဲ့ပေမဲ့ ကြယ်ကလေးတစ်ပွင့်လောက်တော့ လင်းနေနိုင်သေးတာပဲ။ကူကယ်ရာမဲ့ပြီလို့ ထင်မိတဲ့အခြေအနေတွေမှာ လှမ်းဆွဲလို့ရတဲ့ ကောက်ရိုးမျှင်လေးတွေရှိသေးတာကိုမမေ့ပါနဲ့။ဒါမျိုးကို မျှော်လင့်နိုင်ဖို့အတွက် ကျွန်မတို့ဆက်ပြီး တကုပ်ကုပ်လုပ်နေကြရဦးမှာပဲ။သည်းခံခြင်းကြောင့် အောင်မြင်ခဲ့တဲ့လူတွေ၊ သတ္တိ.. သတိ..ဇွဲတွေကြောင့် အောင်မြင်ခဲ့တဲ့လူတွေ..၊ သူတို့တွေ ရှေ့ကသွားပြခဲ့တဲ့လမ်းတွေဟာ အလကားမဟုတ်ပါဘူး။အနည်းဆုံးတော့ ကျွန်မတို့ ဆက်လက် ရှင်သန်နိုင်ဖို့ အားတစ်ခုဖြစ်နိုင်တယ်မဟုတ်လား။



ငှက်ဆိုရင်လည်း 6သတဲ့အထိ ပျံသန်းနေရမှာပဲ။ပျံနေဖို့က သူ့တာဝန်ပဲ။


ငါးဆိုရင်လည်း 6သတဲ့အထိ ကူးခတ်နေရမှာပဲ။ကူးနေဖို့က သူ့တာဝန်ပဲ။


လူဆိုရင်လည်း နောက်ဆုံးအချိန်တစ်ခုအထိ တစ်ခုခုကိုတော့ လုပ်ကိုင်ကြံဆနေရမှာပဲ။သင်ဟာ စာရေးသူတစ်ဦးဆိုရင် စာတွေရေးနေရမှာပါပဲ။တရားရှာသူတစ်ဦးဆို တရားတွေ့အောင်ရှာရမှာပဲ။ငွေရှာတဲ့သူတစ်ဦးဆိုလည်း ငွေရအောင်လုပ်ရမှာပဲ။


ငှက်ဖြစ်ဖြစ်


ငါးဖြစ်ဖြစ်


လူဖြစ်ဖြစ်


ဖြစ်တည်မှုတိုင်းရဲ့ တန်ဖိုးဆိုတာ လှုပ်ရှားရှင်သန်နေခြင်းပဲ။


ဘာမှမလုပ်ဘဲ ရပ်နေလိုက်ခြင်းဟာ 6သဆုံးသွားတာနဲ့အတူတူပဲ။အရေးကြီးတာ ကိုယ်လုပ်ရမဲ့အလုပ်ကို ရူးသွပ်စွာလုပ်နေဖို့ပဲ။



မွန်ဟော်စီ


၂၀၁၉


 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page