top of page
Search

ပေးကမ်းလှူဒါန်းခြင်းနှင့် ကောင်းမွန်သောစေတနာ

  • Mar 24
  • 2 min read

Text in Burmese on a watercolor floral background. Header text in a beige box, additional text below, and "Mon Halsey" at the bottom.

လူတိုင်းက ဘဝရပ်တည်ရေးအတွက် ငွေရှာကြရပါတယ်။ စားဝတ်နေရေးအတွက် ငွေရှာကြတယ်။ တစ်ခါတလေကျတော့ ပိုက်ဆံတွေရှာနေရတာ ဆုံးကိုမဆုံးနိုင်တော့ဘူးလို့ တွေးမိတာတွေလည်းရှိပါတယ်။ ငါဘာဖြစ်လို့များ ဒီလောက်ပိုက်ဆံတွေရှာနေရတာလဲ။ ဘယ်သူ့အတွက်များ ရှာနေရတာလဲလို့ တွေးမိတဲ့အချိန်တွေလည်းရှိမှာပါပဲ။


ကျွန်မဆိုရင် သားသမီးလည်းမရှိတဲ့အတွက် ပိုက်ဆံရှာရလို့မောလာတဲ့အခါတိုင်းမှာ ဘယ်သူ့အတွက်များရှာနေတာပါလိမ့်လို့ တွေးမိပါတယ်။ အဲဒီလိုတွေးမိတော့ ထွက်လာတဲ့အဖြေက ဘဝမှာ ဆင်းဆင်းရဲရဲမနေချင်တဲ့အတွက် အလုပ်ကြိုးစားလုပ်တယ်၊ ပိုက်ဆံရှာတယ်လို့ဖြေရမှာပါပဲ။ အဲဒီတော့ အလုပ်မလုပ်နိုင်တော့တဲ့အချိန်ကျတဲ့အခါ အေးအေးချမ်းချမ်းနဲ့ နေရအောင် ကျန်းမာရေး၊ ငွေကြေး စတာတွေအတွက် သောကမများရအောင်၊ ပေးကမ်းမျှဝေချင်တာတွေမှာ လွတ်လွတ်ကျွတ်ကျွတ်နဲ့ စိတ်မဖြောင့်မဖြူး မဖြစ်ရအောင် အခုလိုပိုက်ဆံရှာနိုင်တဲ့အချိန်မှာ ရှာနေရတာပါပဲလို့ တွေးရပါတယ်။ Good Intention ဆိုတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ဦးတည်ထားပြီး ဘဝရပ်တည်မှုနဲ့ အသက်မွေးဝမ်းကြောင်းအတွက် ငွေရှာပါတယ်။


လောကရဲ့သဘာဝဓမ္မဖြစ်စဉ် Nature Cycle အရ အဝင်ရှိရင် အထွက်ရှိတယ်။ အဲဒီအတွက်ကြောင့် ရှာလို့ရတယ်ဆိုရင် ပြန်ပြီး စွန့်လွှတ်ပေးကမ်းလှူဒါန်းရတာမျိုးလည်း ရှိကိုရှိရပါတယ်။ စွန့်လွှတ်တယ်၊ ပေးကမ်းတယ်၊ မျှဝေတယ်ဆိုတာ ဘယ်ဘာသာ၊ ဘယ်လူမျိုးမှာမဆိုရှိပါတယ်။ လောဘဆိုတဲ့အန္တရာယ်ကို လူ့ရဲ့စိတ်သန္တန်မှာ ကာကွယ်ပေးနိုင်ဖို့အတွက် မျှဝေခြင်း၊ ပေးကမ်းခြင်းတွေ ဆောင်ရွက်ပြုလုပ်ကြရတယ်။ လောဘတွေကြီးစိုးနေတဲ့အခါ စိတ်က ရလေလိုလေ အိုတစ္ဆေဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ရတဲ့အခါတိုင်းမှာပြန်ပြီးပေးတတ်ရပါတယ်။


ငွေကြေးစီးပွားဥစ္စာဆိုတာ တန်ဖိုးကြီးတဲ့အရာဆိုပေမယ့် ဒီအရာကိုမပေးနိုင်မကမ်းနိုင်ဘဲ ကိုယ်တစ်ယောက်တည်းအတွက် အမြဲ သိမ်းဆည်းထားရမယ့်အရာမျိုးမဟုတ်ပါဘူး။ ရောက်သင့်ရောက်ထိုက်တဲ့နေရာတွေကို ပျံ့နှံ့စီးဆင်းစေရမှာဖြစ်ပါတယ်။ မျှဝေတယ်၊ ပေးကမ်းတယ်ဆိုတဲ့နေရာမှာ ငွေကြေးတစ်ခုတည်းမဟုတ်ဘဲ ချစ်ခြင်းမေတ္တာတွေ၊ အကြင်နာတရားတွေ၊ ခွင့်လွှတ်ခြင်း၊ စာနာနားလည်ခြင်း၊ အသိပညာနဲ့ဗဟုသုတ၊ အချိန်ပေးခြင်း၊နားလည်မှု အစရှိတဲ့ အရာတွေကိုလည်းမျှဝေပေးကမ်းနိုင်တာဖြစ်ပါတယ်။

မျှဝေပေးကမ်းတယ်ဆိုတာကို အင်္ဂလိပ်လိုတော့ Giving လို့ပြောတာပါပဲ။

တစ်စုံတစ်ခုပြန်ရဖို့ဆိုတဲ့မျှော်လင့်ချက်မရှိဘဲနဲ့ ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာငွေကြေး၊ အသွေးအသား၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း၊ နှုတ်၏စောင်မပြောဆိုကူညီခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ ချစ်ခြင်းမေတ္တာ အကြင်နာတရားပေးခြင်း၊ အသိပညာဝေမျှခြင်း အစရှိတဲ့ အရာတွေကို ကြည်ကြည်လင်လင်ပျော်ပျော်ရွှင်ရွှင် ပေးကမ်းလိုက်တာမျိုး ကို လှူတယ်လို့လည်း တနည်းအားဖြင့်ပြောလို့ရပါတယ်။


ကျွန်မကပေးကမ်းတဲ့နေရာမှာ စုံစုံစေ့စေ့ကလေး ထောင့်စေ့အောင်စဉ်းစားပေးရတာ ကြိုက်တဲ့သူဖြစ်ပါတယ်။ Thoughtful ဖြစ်တယ်လို့ပြောရမှာပါပဲ။ ဘယ်သူ့ကိုဆိုရင် ဘာပေးရမလဲ။ ဘယ်လိုဟာမျိုးဆိုရင် သင့်တော်မလဲ၊ ကြိုက်နှစ်သက်မလဲ စသည်ဖြင့် စဉ်းစားရင်း ပျော်နေတတ်ပါတယ်။


အခုနောက်ပိုင်းတော့ အယုတ် အလတ် အမြတ်မရွေးဆိုတဲ့ စကားနဲ့အညီ မျှတအောင် ပေးဖြစ်ဖို့ ကြိုးစားမိပါတယ်။


၁) ကိုယ့်ထက်မြင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ သူတို့နဲ့ဆက်စပ်တဲ့နေရာတွေကိုလှူပါတယ်။


ကိုယ့်ထက်မြင့်တဲ့ပုဂ္ဂိုလ်တွေကို လှူဒါန်းတယ်ဆိုတဲ့ထဲမှာ သူတော်စင်ပုဂ္ဂိုလ်တွေ၊ တရားအားထုတ်နေသူတွေနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ ဘုရား၊ ကန်၊ ကျောင်း စတဲ့ သာသနိကအဆောက်အအုံတွေရဲ့ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေ အာဟာရဒါနအလှူ၊ ဝေယျာဝိစအလှူ၊ ပညာဒါန အလှူမျိုးတွေ ပါဝင်ပါတယ်။


နောက်တစ်ခုကတော့ ကိုယ့်ထက်မြင့်တဲ့ ကိုယ့်ကို စောင့်ရှောက်နေတဲ့ နတ်မြတ်နတ်ကောင်းအစောင့်ရှောက်တွေကိုလည်း လှူဒါန်းပေးကမ်းလို့ရပါတယ်။ကျွန်မကတော့ နေ့စဉ် မနက်တစ်ခါညတစ်ခါ နတ်တွေကိုပင့်ဖိတ်ပြီး ခြံထဲမှာ မဟာသမယသုတ် ခပ်တိုးတိုးဖွင့်လို့ ပူဇော်ပေးတိုင်း တရားနာရင်း မြတ်စွာဘုရားရှင်ကို ကပ်လှူနိုင်ဖို့ ဆီမီး၊ ရေချမ်း၊ ပန်း၊ နံ့သာ စသည်တို့ကိုလည်း ကပ်လှူပူဇော်နိုင်ပါတယ်လို့ပြောပြီး ပြင်ဆင်ပေးထားလိုက်ပါတယ်။ မေတ္တာပို့အမျှအတန်းဝေတယ်။ ဒါက ကျွန်မ နေ့စဉ်လုပ်နေကျ လှူဒါန်းခြင်းတစ်ခုပါပဲ။


၂) ကိုယ်နဲ့တူတဲ့သူတွေကို မျှဝေပေးကမ်းပါတယ်။

ဒီလိုအလှူကလည်း တကယ်တော့ ကျွန်မတို့ဆီမှာ နေ့စဉ်အမြဲတမ်းပြုလုပ်နေမိတဲ့ အလှူမျိုးပဲဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ မိဘ၊ မိသားစုတွေကို ကျွေးမွေး ထောက်ပံ့ ကြည့်ရှုစောင့်ရှောက်တာမျိုးဟာ ကိုယ်နဲ့တူတဲ့သူတွေကို လှူဒါန်းပေးကမ်းခြင်းပဲဖြစ်ပါတယ်။


အိမ်မှာ လူကြီးတွေရှိနေတော့ ဆေးဝယ်ပေးရတာ၊ ပြုစုပေးရတာ၊ ကြိုက်တာလေးတွေ ကျွေးရတာက အမြဲကုသိုလ်ရသလို ဖြစ်နေတယ်။ ကုသိုလ်လုပ်နေတယ်လို့တော့ ခံယူတတ်ဖို့လိုပါတယ်။


မိတ်ဆွေသူငယ်ချင်းတွေကို မုန့်ကျွေးတာ၊ လက်ဆောင်တွေပေးတာ၊ သူတို့ပျော်အောင်လုပ်ပေးတာတွေဟာလည်း ကိုယ်နဲဘ Level တူတဲ့ လူတွေအချင်းချင်း ပေးကမ်း လှူဒါန်းခြင်းပဲဖြစ်ပါတယ်။ ဒါဟာလည်း ကုသိုလ်တစ်မျိုးပါပဲလို့ ပါမောက္ခချုပ်ဆရာတော်ကြီးတရားထဲမှာနာကြားခဲ့ရဖူးပါတယ်။


စာရေးခြင်းနဲ့ ကောင်းသော အတွေးတွေကို အများအတွက် နေ့စဥ် ဝေမျှခွင့်ရနေတာဟာလည်း ကျွန်မအတွက် ကုသိုလ်လို့ပဲ ခံယူထားမိပါတယ်။


၃) ကိုယ့်ထက်နိမ့်တဲ့သူတွေကိုပေးကမ်းပါတယ်။


ဒါကတော့ရှင်းပါတယ်။ ကိုယ့်လောက် မပြည့်စုံတဲ့သူတွေ ၊ဆင်းရဲနွမ်းပါးသူတွေ၊ အတိဒုက္ခရောက်နေတဲ့သူတွေအတွက် ကိုယ်တတ်နိုင်တာလေးတွေ ဖြည့်ဆည်းပေးတာမျိုးဖြစ်ပါတယ်။ ကျွန်မကတော့ ဆန်၊ ဆီ၊ Masks၊ ခေါက်ဆွဲခြောက်ထုပ်၊ Coffee Mix အစရှိတဲ့ စားသောက်ကုန်ပစ္စည်းလေးတွေကို အထုပ်ကလေးတွေနဲ့ထည့်ပြီး သွားလေရာယူသွားတတ်ပါတယ်။ လမ်းပေါ် တွေ့သမျှကြုံသမျှ လိုအပ်တဲ့သူတွေကို ပေးကမ်းစွန့်ကြဲပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် တဝမ်းတခါးတော့ အဆင်ပြေသွားကြမှာဖြစ်တဲ့အတွက် ကျေနပ်ဝမ်းသာမိပါတယ်။


၄) တိရိစ္ဆာန်ကလေးတွေကိုလှူပါတယ်။


တိရိစ္ဆာန်ကလေးတွေဆိုတာ ကျွန်မတို့နဲ့ အများကြီးကွာခြားတဲ့ အနိမ့်ဘုံဘဝက သတ္တဝါလေးတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က ကုသိုလ်နဲ့ အကုသိုလ် အဖြူကံနဲ့အမဲကံရောနေတဲ့အတွက် လူ့လောကထဲမှာ ကျွန်မတို့နဲ့အတူရောနှောပြီး နေထိုင်နေကြရတာပါ။


သူတို့အတွက်လည်း ကုသိုလ်ပြုပေးပါတယ်။ အစာကျွေးတာမျိုး ကျွန်မ မကြာခဏလုပ်ပါတယ်။ အိမ်မှာကတော့ ခွေးကလေးတွေလည်းရှိနေတဲ့အတွက်ကြောင့် သူတို့ကို နေ့စဉ်ကျွေးမွေးရတာနဲ့ ဒီအလှူကလည်းအထမြောက်နေပါတယ်။ ဒါပေမဲ့ မပြည့်စုံတဲ့ ခွေးကလေး၊ ကြောင်ကလေး၊ တိလေးတွေအတွက်လည်း မကြာခဏလှူဒါန်းဖြစ်ပါတယ်။


၅) ပြိတ္တာတွေအတွက်လည်းလှူဒါန်းပေးပါတယ်။


 ပြိတ္တာဆိုတာမမြင်အပ်တဲ့ လောကက အနိမ့်စားပုဂ္ဂိုလ်တွေပါပဲ။ သူတို့အတွက်ကတော့ နေ့စဉ် ပြုလုပ်တဲ့ကုသိုလ်ကို အမျှပေးဝေလိုက်ပါတယ်။ ကွယ်လွန်သွားကြပြီး မကျွတ်မလွတ်ကြသေးတဲ့မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေလည်း ပတ်ဝန်းကျင်မှာ ရှိနေနိုင်ကြသေးတယ်။ ကိုယ်ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတို့ကို အမျှယူပါဆိုပြီး ပေးဝေလိုက်တာပါပဲ။


ဒီအချက်ကလေးတွေက ပါချုပ်ဆရာတော်ကြီးရဲ့ တရားတော်တစ်ပုဒ်ထဲက အချက်ကလေးတွေကို ကိုယ်လုပ်တဲ့အလေ့အထတွေနဲ့ ထင်ဟပ် Reflect လုပ်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။


ကိုယ်ထက်မြင့်တဲ့သူ၊ ကိုယ်နဲ့တူတဲ့သူ၊ ကိုယ့်ထက်နိမ့်တဲ့သူ၊ အဟိတ်တိရစ္ဆာန်ကလေးတွေကအစ ပြိတ္တာတွေအဆုံး အလှူဒါနတွေကို မျှတအောင် ပြုလုပ် ပေးပါတယ်။


မင်္ဂလာတရားတော်တွေထဲမှာ ပေးကမ်းလှူဒါန်းခြင်းသည် မြတ်သောမင်္ဂလာမည်၏ လို့ဆိုထားပါတယ်။

ဒါနတစ်ခု အထမြောက်ဖို့ဆိုတာကတော့ စေတနာအဓိကလိုအပ်ပါတယ်။ ပြီးတော့ ကိုယ်ပေးမယ့်ပစ္စည်းဝတ္ထုနဲ့ လက်ခံယူမယ့်ပုဂ္ဂိုလ် လိုအပ်ပါတယ်။


တကယ်တော့ အလှူခံပေးမဲ့ ပုဂ္ဂိုလ်တွေ၊ ကုသိုလ်ရဖို့ အလုပ်တွေ၊ အတွေးတွေဟာ ကျွန်မတို့နေ့စဥ်ဘဝမှာ အချိန်နဲ့အမျှကို ရှိနေပါတယ်။ သတိလေးထားတတ်မယ်ဆိုရင် ကုသိုလ်စိတ်ဖြစ်နေမယ်။ စေတနာပေါ်နေမယ်။ ကောင်းတာတွေအများကြီး လုပ်ဖြစ်လာမှာပါပဲ။


လောကကြီးမှာလူတွေက လူချင်းအတူတူပေမယ့် ဆင်းရဲချမ်းသာကွဲကွာသွားတာမျိုးရှိပါတယ်။ ခွေးကလေးတွေကြောင်ကလေးတွေမှာတောင် ဆင်းရဲတဲ့ခွေးလေးတွေ၊ကြောင်လေးတွေရှိသလို ချမ်းသာတဲ့ခွေးလေး၊ကြောင်လေးတွေရှိပါတယ်။ သတ္တဝါတွေမှာ ချမ်းသာဆင်းရဲကို ခွဲချလိုက်တာက ဒါနဆိုတဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။


ကိုယ်က အခုဘဝမှာ ချမ်းချမ်းသာသာနေရတယ်ဆိုရင် ဒါနအားကောင်းခဲ့လို့ ၊ဆင်းဆင်းရဲရဲဖြစ်နေရင်တော့ ဒါနအားနည်းခဲ့လို့ယူဆရမှာဖြစ်တယ်။ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဒါနဆိုတဲ့အကြောင်းတရားကို ဖြည့်ဆည်းဖို့လိုပါတယ်။


ငွေတွေအများကြီးလှူနိုင်မှမဟုတ်ဘူး။ သွားရင်းလာရင်းနဲ့ လုပ်ဆောင်သွားနိုင်တဲ့ဒါနတွေ အများကြီးရှိပါတယ်။ စေတနာသာထည့်လိုက်ပါ။ လုပ်သမျှကံသည် ဒါနမြောက်နေမှာပါ။ ဒါနနဲ့နေထိုင်ခြင်းဟာ မင်္ဂလာတရားနဲ့အညီ နေထိုင်ခြင်းလည်းဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၅




 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page