top of page
Search

သတိရှိမှုက စိတ်ရဲ့ ရေစစ်လိုပါ။

  • Jan 12, 2025
  • 1 min read

Updated: Feb 19, 2025


Pink and purple lotus on a purple background with glowing orbs. Text in a foreign script above, "Mon Halsey" below. Peaceful mood.

Filter ဆိုတာ မလိုအပ်တဲ့အရာတွေကိုစစ်ထုတ်ဖယ်ရှားကန့်သတ်ပေးတဲ့အရာတစ်ခုပါ။ ရေပုလင်းထဲကိုရေစစ်မပါဘဲရေဖြည့်မယ်ဆိုရင်ရေထဲကအညစ်အကြေးတွေ အမှိုက်သရိုက်တွေမကောင်းတဲ့အရာတွေက ရေထဲကိုဒလဟောစီးဝင်လာမှာပဲဖြစ်ပါတယ်။အဲဒီသဘောအတိုင်းပါပဲ။ စိတ်မှာလည်း ကိုယ့်အတွက် မလိုအပ်တဲ့..Healthy မဖြစ်တဲ့အရာတွေကိုစစ်ထုတ်ဖယ်ရှားကန့်သတ်ပေးမယ့် Filter တွေလိုအပ်ပါတယ်။

သတိဆိုတာ စိတ်ရဲ့ Filter တစ်ခုလိုလို့ နားလည်ဖို့အရေးကြီးပါတယ်။ နေ့စဉ် စိတ်ထဲကို ဝင်လာတတ်တဲ့.. မကောင်းတဲ့ အတွေးအမြင်တွေ၊အကုသိုလ်အတွေးတွေ၊ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်ပုတ်ခတ်မှုတွေကို စစ်ထုတ်ပေးတဲ့ စနစ်တစ်ခုလိုအပ်ပါတယ်။


Filter မရှိရင်စိတ်ထဲမှာ အကုသိုလ်အတွေးတွေ အလွယ်တကူဝင်လာတတ်တယ်။ ဒါတွေက ကိုယ့်စိတ်ကို ညစ်ညမ်းစေပြီး ရှိရင်းစွဲ ကုသိုလ်စိတ်ကို တဖြည်းဖြည်းလျော့ကျစေတတ်ပါတယ်။

သတိဆိုတဲ့ Filter တစ်ခုရှိရင် အကုသိုလ်အတွေးတွေကို လုံးဝပိတ်ဆို့နိုင်ပြီး စိတ်ထဲမှာ အေးငြိမ်းတည်ငြိမ်မှုတွေကို တိုးတက်လာစေတတ်ပါတယ်။ ဒီလို Filter ရှိနေတဲ့အချိန်မှာစိတ်ထဲမှာ သန့်ရှင်းပြီး စိတ်အေးချမ်းမှု၊ ပျော်ရွှင်မှုတွေကိုဖြစ်တည်စေပါတယ်။


Negative Vibe နဲ့ Positive Vibe


Negative Vibe ဆိုတာ အကုသိုလ်စိတ်လို့ ပြောလို့ရမယ်ဆိုရင် Positive Vibe ဆိုတာကတော့ကုသိုလ်စိတ်လို့ပြောရမှာဖြစ်ပါတယ်။


Filter မရှိတဲ့ စိတ်ဟာ Negative Vibe တွေကို လွယ်လွယ်ကူကူ လက်ခံနိုင်တတ်ပါတယ်။ဒေါသ၊မာန်မာန၊လောဘ၊ အတ္တ ၊အမုန်းတရား၊မနာလိုမှု၊ဝမ်းနည်းကြေကွဲခြင်း၊အားငယ်ခြင်း၊ရှက်ရွံခြင်း၊နောင်တစတဲ့ Negative Vibe တွေက Filter မရှိတဲ့ကိုယ့်စိတ်ထဲကို အဖွဲ့လိုက်ဝင်လာတတ်ပါတယ်။ ဒီလို Negative တွေကို သတိဆိုတဲ့ Filter တစ်ခုရှိရင် ချက်ချင်းပိတ်ဆို့လိုက်နိုင်ပါတယ်။ Negative တွေကို ကန့်သတ် Limit လုပ်နိုင်တဲ့အခါမှာ Positive Vibe တွေဟာ ပိုမိုအားကောင်းလာတတ်ပါတယ်။


Positive တွေအားကောင်းလာတယ်ဆိုရင် Negative တွေအားလျော့လာတာကလည်းအပြန်အလှန်သဘောတရားပဲဖြစ်ပါတယ်။ ဖန်ခွက်တစ်ခုထဲမှာရေညစ်ပတ်တွေရှိနေတယ်ဆိုရင် အဲဒီရေဖန်ခွက်ထဲကိုရေကောင်းရေသန့်ရေကြည်တွေထည့်ပေးလိုက်တဲ့အခါ.. ရေဆိုးရေညစ်တွေ ဖိတ်လျှံပြီး ထွက်ကျကုန်ခမ်းသွားသလိုပါပဲ။


စိတ်ရဲ့သဘောမှာ ကုသိုလ်နဲ့အကုသိုလ်ကိုဒီလိုမျိုး နားလည်တတ်ဖို့လိုပါတယ်။ သတိရှိရင်ကုသိုလ်စိတ်ဖြစ်တယ်။ အကုသိုလ်ကိုတားဆီးပြီးသားဖြစ်တယ်။ ကုသိုလ်များလေအကုသိုလ် လျော့လေပါပဲ။


သတိရှိမှုက စိတ်နဲ့ပတ်သက်ပြီး အနာတရဖြစ်မယ့်အရာတွေကို မြင်မြင်ချင်းရှောင်နိုင်ပါလိမ့်မယ်။သတိဆိုတာ စိတ်ရဲ့ အကာအကွယ်တစ်ခုဖြစ်ပြီး အကုသိုလ်တွေကို ရှောင်ရှားနိုင်စေတဲ့ စွမ်းအားပါပဲ။ သတိရှိတဲ့အချိန်မှာ Negative Vibe တွေကို ကန့်သတ်ပြီး Positive Vibe တွေကို ပိုမိုအားကောင်းစေတတ်တယ်။


စိတ်ထဲမှာ သတိရှိတဲ့အခါ ကိုယ့်ဘဝကို ပိုမိုရှင်းလင်းစေတဲ့ လမ်းသစ်တွေဖောက်နိုင်လာမှာဖြစ်ပါတယ်။ စိတ်အတွက် သတိဆိုတဲ့ Filter တွေကိုထားပေးဖို့လိုပါတယ်။


မွန်ဟော်စီ

၂၀၂၅


 
 
 

Comments


  • Facebook
  • Youtube
bottom of page