top of page
Search

Break the Circle – တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာဖွေခြင်း

  • Feb 1, 2025
  • 2 min read

Updated: Feb 19, 2025


Silhouettes of birds on branches against pink clouds and teal sky. Text in an Asian script overlays the image, with the name Mon Halsey.

သူက ပန်းချီပညာရှင်တစ်ဦးဖြစ်ပြီး သူ့မှာပန်းချီကျောင်းလေးရှိတယ်။ သူ့နေရာကလေးကတိတ်တိတ်ဆိတ်ဆိတ် ..အေးအေးချမ်းချမ်း ကလေး.. ရှင်းရှင်းသန့်သန့်မွှေးမွှေးပျံ့ပျံကလေး။


သူ့မှာ ကျောင်းသားကျောင်းသူခလေးတွေရှိတယ်။ သူဆွဲထားတဲ့ပုံတွေလည်းကြည့်ခဲ့ရတယ် ။ကျွန်မကလည်းပန်းချီကြိုက်တဲ့သူမို့ ကောင်းလိုက်တာ ..အားကျစရာ .. အေးချမ်းပျော်ရွှင်စရာ ကောင်းလိုက်တဲ့ဘဝပါလားလို့ပြောတဲ့အခါ..သူက..ချက်ချင်းပဲ.. ဟုတ်တယ်.. ဒီဘဝနေရတာသိပ်ပျော်တယ်..ဒါလေးလုပ်နေရတာ ကျေနပ်တယ်လို့ပြောပါတယ် ..ပျော်တယ်ဆိုတဲ့စကားကိုသူ ထပ်ခါ ထပ်ခါ ယုံကြည်မှုရှိစွာနဲ့ပြောနေတာကိုခံစားမိတယ်။


ပုံမှန်အားဖြင့်ဆိုရင်ကျွန်မတို့တွေက စိတ်ထဲမှာတကယ် ပျော်နေရဲ့လား လို့မေးတဲ့အခါမှာ အင်တင်တင်ဖြစ်သွားတတ်ကြတာများပါတယ် .. ပျော်သလား..မပျော်သလားသေသေချာချာမသိတာလည်းဖြစ်နိုင်တယ်..အင်း..ဒီလိုပါပဲ..ပျော်အောင်တော့နေရတာပေါ့ လို့ ဝေဝေဝါးဝါးဖြေတတ်ကြတာလည်းရှိတယ်။

ပျော်တယ်ဆိုတာဘာလဲ..


ဒီနေရာမှာပျော်တယ်ဆိုတာက ဖလန်းဖလန်းထ ယောက်ယက်ခတ် ပျော်ရွှင်နေတဲ့ ခဏတာပျော်ရွှင်မှုမျိုးကိုဆိုလိုတာမဟုတ်ဘဲ စိတ်အတွင်းထဲကလာတဲ့ စစ်မှန်တဲ့ပျော်ရွှင်မှု.. ငွေကြေးနဲ့ပေးပြီးဝယ်လို့မရတဲ့ပျော်ရွှင်မှု Inner Peace & Joy ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။


ကျွန်မတို့ဆီမှာကမ္ဘာနှစ်ခုရှိတယ်ဆိုရင်တစ်ခုကအတွင်းကမ္ဘာ Inner World ဖြစ်ပြီးနောက်တစ်ခုကတော့အပြင်ကမ္ဘာ Outer World ဖြစ်ပါတယ်။အပြင်ကမ္ဘာမှာ Chaos လို့ခေါ်တဲ့ရှုပ်ထွေးမှုတွေများပြီးပျော်ရွှင်မှုလို့ထင်တဲ့အရာတွေကလည်း တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးမဟုတ်ဘဲ Excitement လို့ခေါ်တဲ့ ခဏတာ စိတ်လှုပ်ရှားမှုတွေ ဖြစ်နေတတ်ပါတယ်။


ဒီ စိတ်လှုပ်ရှားမှုတွေကို နောက်ကိုလိုက်ရင်းကျွန်မတို့က တကယ်စစ်မှန်မှုမရှိတဲ့ပျော်ရွှင်ခြင်း Illusion of Happiness ပျော်ရွှင်ခြင်းရဲ့အရိပ်အရောင်တွေကို ဖမ်းဆုပ်ယူဖို့ကြိုးစားနေတတ်ကြပါတယ်။

ပြင်ပက..ပျော်ရွှင်မှုရဖို့ဆိုတာ လွယ်ကူပါတယ် ဥပမာအားဖြင့်အရက်ကြိုက်တဲ့သူကိုအရက်ပေးသောက်လိုက်ရင် ခဏတော့ပျော်သွားမှာပဲဖြစ်ပါတယ်။ သီချင်းဆိုတာကြိုက်တဲ့သူကို သီချင်းဖွင့်ပေးလိုက်ရင် ကခုန်ပြီးပျော်သွားတာပဲဖြစ်ပါတယ်။ ပိုက်ဆံတွေအများကြီးရရင်လည်း ပျော်ကြတာပဲမဟုတ်လား.. ရာထူးတိုးရင်ပျော်တယ်။ အင်္ကျီ အသစ်ရရင်လည်းပျော်တယ်။


ဒါပေမဲ့ခက်တာက ဒီပျော်ရွှင်မှုတွေဟာ ဘယ်လောက်အထိခံသလဲ။ တကယ်တော့ ပြင်ပပျော်ရွှင်မှုတွေက

ဘဝတသက်တာလုံးကြာရှည်မခံတဲ့ပျော်ရွှင်မှုတွေ Illusion of Happiness တွေသာဖြစ်နေကြလို့ပါပဲ။


ဒါကြောင့်ပြင်ပလောကမှာစိတ်ညစ်စရာနဲ့ပျော်ရွှင်စရာဆိုတာ ဗုံလုံတစ်လှည့်ငါးပျံတစ်လှည့် ဆိုသလို တစ်လှည့်စီလာနေတာပဲဖြစ်ပါတယ်.. ကျွန်မတို့တွေဟာလည်း ဘီးဝိုင်းထဲမှာလှည့်ပြေးနေတဲ့ ကြွက်ကလေးတစ်ကောင်လို လွတ်မြောက်ရာလမ်းလည်းမရှိ ..မောရကောင်းမှန်းလည်းမသိ ပြေးပြီးရင်ပြေး နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်မောနေမှန်းမသိကြပါဘူး။ သွားနေရင်းမှာပဲလမ်းပျောက်နေကြရပါတယ်။


ဘယ်လောက်ထိ ပင်ပန်းခဲ့ကြရသလဲဆိုရင် လူမှန်းသိတတ်စအရွယ်ကတည်းက​နေ ဘာလုပ်ရင်ဘာဖြစ်မယ်..ဘယ်လိုနေရမယ် ..ဘယ်လိုကြိုးစားရမယ် ဆိုတဲ့သင်ကြားခံရခြင်း တွေရှိခဲ့ပါတယ်။


ကျောင်းစတက်တဲ့အချိန်ကစပြီး ပြိုင်ဆိုင်မှုတွေရှိလာတယ် ။ဘယ်လိုတက္ကသိုလ်မျိုးကို တက်ခွင့်ရအောင်လုပ်ရမယ် ဆိုတဲ့ဖိအားတွေရှိလာတယ် ။ကိုယ်ကြိုက်တဲ့ တက္ကသိုလ် ရောက်ပြီး ဘွဲ့တွေရလာပြီဆိုတဲ့အခါကျရင် ရော တကယ် ​ပြီးသွားပါသလား။ မပြီးသေးဘူး။


ဘယ်ကိုသွားရမယ်..ဘာအလုပ်လုပ်ရမယ်။ ဘယ်လိုလူမျိုးကိုအိမ်ထောင်ဘက်အဖြစ်ရှာဖွေရမယ် အလုပ်ကိုင်အတည်တကျရှိပြီးအိမ်ထောင်ကျပြီဆိုတော့လည်း မပြီးသေးဘူး။ သားသမီးတွေမွေးဖွားရဦးမယ်။ မြေတောင်မြှောက်ပေးရဦးမယ် စုမိဆောင်းမိဖြစ်အောင်လုပ်ရဦးမယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ရဦးမယ်။ အိမ်တွေဝယ်ရဦးမယ်။ ဒါမှဘဝနောက်ဆုံးအချိန်တွေမှာ အေးအေးချမ်းချမ်းနေနိုင်မှာ ..။အသည်းအသန် နေမကောင်းဖြစ်ရင်ဆေးကုရဦးမှာ။


ဒီလိုနဲ့ပဲလူတွေဟာ တစ်ဘဝကုန်ဆုံးသွားတတ်ကြပါတယ်။ ဘယ်မှာလဲပျော်ရွှင်မှုလို့ မေးစရာဖြစ်ပါတယ်။ ပြင်ပလောကနဲ့ဆက်စပ်နေတဲ့ဘဝမှာ ခံစားရတဲ့ပျော်ရွှင်မှုလေးတွေဟာ ရေပွက်ပမာလို တခဏတာမျှသာဖြစ်တတ်ပါတယ်။


ဒီဘဝတစ်ခုထဲသာလျှင် ဒါမျိုးတွေလုပ်ခဲ့တာလားဆိုတော့ မဟုတ်ပါဘူး။သံသရာဘဝတလျှောက်လုံး ကျင်လည်ခဲ့တဲ့ဘဝအသီးသီမှာကျွန်မတို့တွေဟာ ဒီအလုပ်တွေကိုထပ်ခါထပ်ခါ မမုန်းနိုင်ဘဲ လုပ်ခဲ့ကြတာဖြစ်ပါတယ်။


ပိုင်းလော့ဆရာတော်ကြီးပြောသလိုဆိုရင် သတ္တိတွေကိန်းလာကြတယ်။ အဖန်ဖန်အခါခါ..ဘဝများစွာပါပဲ။ အင်္ဂလိပ်လိုပြောရင်တော့ ကျွန်မတို့တွေဟာ ဒါပြီးရင်..ဒါလုပ်..ဒီအပိုင်းပြီးပြီဆိုရင်ဒီလိုဖြစ်ရမယ် အစရှိသဖြင့် Program သွင်းထားတဲ့ စက်ရုပ်တွေလို ပြင်ပ ကမ္ဘာမှာ လှုပ်ရှားနေကြတာဖြစ်ပါတယ်။

အဲဒီ Program တွေက ဘိုးဘွားစဉ်ဆက်လိုက်ပြီး Generation အတိုင်း ကိုယ့်ဆီကိုလည်းရောက်လာတာဖြစ်ပါတယ်။အဆင့်ဆင့် လက်ဆင့်ကမ်းလာကြတယ်လို့ပဲ ဆိုပါစို့။


ဒါတွေကိုသိပြီဆိုတဲ့အခါမှာရုန်းထွက်ဖို့လိုပါတယ် ။ဘယ်ကရုန်းထွက်မှာလဲ။ ကြွတ်ကလေးလိုပြေးနေမိတဲ့ ဘီးလုံးထဲကနေရုန်းထွက်ရမှာပါ။ ပြင်ပကမ္ဘာ ထဲက ခဏတာပျော်ရွှင်မှုတွေကိုမရှာဘဲ မိမိရဲ့စိတ်အတွင်းထဲက.. အတွင်းကမ္ဘာ Inner World ထဲမှာ စစ်မှန်တဲ့ပျော်ရွှင်မှုကိုရှာရမှာဖြစ်ပါတယ်။


အဲဒီလို ပျော်ရွှင်မှုကိုရှာဖို့ဆိုတာက Break the circle လို့ပြောရမှာဖြစ်ပါတယ်။လည်နေတဲ့ စက်ဝိုင်းထဲကနေ ရုန်းထွက်လာရမှာဖြစ်ပါတယ်။ Program လုပ်ထားတာတွေကို Reprogram ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ သင်ယူထားခဲ့တဲ့.. လက်ခံထားခဲ့တဲ့ တချို့အရာတွေကိုမေ့ပစ်ပြီး အသစ်တွေကိုပြန်လည်သင်ယူရမှာဖြစ်ပါတယ်။ Unlearn and Relearn ပါပဲ။


တစ်ရက်ကပဲတိုက်ဆိုင်စွာနဲ့ ၂၀၁၉ ခုနှစ်ကရေးခဲ့တဲစာလေးတစ်ပုဒ် ပြန်ဖတ်မိပါတယ်။

လူတွေအချင်းချင်းတွေ့ကြရင် ဘာအလုပ်လုပ်သလဲ ..ဘယ်မှာလုပ်သလဲ..

အိမ်ထောင်ရှိသလား..Single လား..


လုံးချင်းနဲ့နေလား..ရိုးရိုးတိုက်ခန်းလား ..ကွန်ဒိုလား..ဘယ်နေရာမှာနေတာလဲ..ကားရှိရဲ့လား..ဘာကားလဲ..

အဲလို မေးခွန်းတွေကိုပဲ စျေး၀ယ်စာရင်းတစ်ခုလို ..တစ်ခုချင်း..တစ်ချက်ချင်း..မေးမြန်းတတ်ကြတယ်..အဲဒီအချက်တွေကိုပဲ စိတ်၀င်စားကြတယ်။


နင် ပျော်ရွှင်နေရဲ့လား..စိတ်အဆင်ပြေရဲ့လား.. လို့တော့..ဘယ်သူမှမမေးကြဘူးစိတ်လည်းမ၀င်စားကြဘူး...

လို့ရေးထားတာတွေ့ရပါတယ်။


2023 ခုနှစ်မှာ Break the circle မဖြစ်သေးပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘီးလုံးထဲလည်နေတဲ့ ကြွက်ကလေးတစ်ကောင် လိုတော့ မြင်လာတတ်ခဲ့ပါပြီ။


လူ အချင်းချင်းတွေ့ကြရင် သူဟာဘယ်လောက်အထိ ဘဝမှာကျေနပ်မှုရှိသလဲ..စိတ်အတွင်းငြိမ်းချမ်းမှု ရှိရဲ့လား။သူ့ Energy က ဘယ်လိုလဲ..ဆိုတာကို ပိုပြီးစိတ်ဝင်စားတတ်လာပါပြီ။ ကိုယ့်ကိုမေးလာရင်လည်း ကိုယ့်ရဲ့ဖြစ်တည်မှုလေးပေါ်မှာ ကျေနပ်ပါတယ် .. အတွင်းကမ္ဘာလေးထဲမှာအရာရာကိုလက်သင့်ခံပြီး..ကိုယ်စီမံနိုင်တဲ့ အတိုင်းအတာ Scope လေးထဲမှာ အငြိမ်းဓာတ်လေးရနေပါတယ်လို့ ပြောနိုင်ပြီ ဖြစ်ပါတယ်။ Reprogram စလုပ်လာနိုင်ခဲ့ပါပြီ။


အတင်းလုပ်ယူနေတာတွေကလည်း ရပ်သွားပြီဖြစ်ပါတယ်။ အင်မတန်လိုချင်တာတွေများတဲ့အတွက် အင်မတန်ကြိုးစားရပါတယ်။ အဲလိုကြိုးစားရတော့ ပိုပြီးပင်ပန်းနေကြရပါတယ်။


အဲလိုပင်ပန်းတဲ့အခါ အနားယူချိန်ဆိုတာမရှိတော့ဘူး။ ကိုယ့်အတွက်အချိန်ဆိုတာမရှိတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့ဖို့အချိန်တွေမရှိတော့ဘူး။ Break the circle လုပ်ဖို့ အချိန်မရှိတော့ဘူး။ ဒီဘဝမှာဒီစက်ဝိုင်းထဲကမထွက်နိုင်ခဲ့ရင်.. သို့မဟုတ်..ထွက်ရတော့မယ်ဆိုတဲ့အသိတရား နဲ့ရည်ရွယ်ချက် မရှိခဲ့ရင် နောက်ထပ်ဘဝတွေများစွာဒီလိုပုံစံအတိုင်းဆက်ပြီးလည်နေဦးမှာပါပဲ ။


တနေ့မှာတစ်နာရီလောက် မရှိမှာ..မရမှာ..မဖြစ်မှာစတဲ့ စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပြီး အရာရာရဲ့အရှိအတိုင်းလေးသာ စိတ်ကလေးကိုလျှော့ပြီးနေထိုင်ကြည့်ပါ။ ဒါဟာ Inner Work ပဲ ဖြစ်ပါတယ်။ နေ့စဥ်လုပ်ကြည့်စေချင်ပါတယ်။


အဲဒီအချိန်လေးအတွင်းမှာ..

ဘယ်သူ့အတွက်မှမပူနဲ့။

ဘာအကြောင်းကြောင်းကြောင့်မှမပူနဲ့။


ကလေးလေးတွေဟာ အချိန်တန်လာရင် လမ်းလျှောက်တတ်လာကြတာပဲဖြစ်ပါတယ်။ ငှက်ကလေးတွေကလည်းအချိန်တန်ရင် ပျံသန်းနိုင်ကြတာပါပဲ။


ကိုယ့်ကိုယ်ကိုယ်ဖိအားပေးနေတာကနေ အနားပေးလိုက်ပါ။ မိမိရဲ့ဖြစ်တည်မှုကို တန်ဖိုးထားကျေးဇူးတင်ပါ။ လိုချင်တာတွေနောက်ကို ပြေးမလိုက်တော့တဲ့အခါမှာ လုံလောက်စွာ ပြည့်စုံကြွယ်ဝချမ်းသာခြင်း Abundance တွေကို ခံစားရရှိပါလိမ့်မယ်။ အတွင်းကမ္ဘာထဲကပျော်ရွှင်ငြိမ်းချမ်းမှုကို ခဏပဲဖြစ်ဖြစ်ခံစားကြည့်လိုက်ပါ။


မွန်ဟော်စီ

၂၀၂၃



 
 
 

Comments


  • Facebook
  • Youtube
bottom of page