လမ်းပြပေးသောပညာရှိသူများနှင့် ပညာတော်ကို သင်ယူခြင်း
- Feb 4
- 1 min read
Updated: Feb 19

အစ်မက ဘာအလုပ်မှမလုပ်တော့ဘူး။ တရားပဲထိုင်ပါတော့တယ်။
ကျွန်မ တရားတွေစပြီးနာတဲ့အချိန်တုန်းကလည်း တစ်ခုခုစိတ်ထဲမှာမရှင်းလင်းတာရှိရင် အစ်မကိုမေးရပါတယ်။ ဒီလိုအခြေအနေတစ်ခုမှာ စိတ်ကို ဘယ်လိုထားရမလဲ။ ဘယ်လိုယူဆရမလဲ အစရှိသဖြင့်မေးမြန်းရတာပါပဲ။ မတွေ့ဖြစ်တဲ့တစ်နှစ်၊နှစ်နှစ် အချိန်တွေကြာသွားပေမယ့် တွေ့ရတဲ့အခါကျတော့လည်း သူ့ဆီကတန်ဖိုးရှိတာလေးတွေကြားရပြန်ပါတယ်။
ကျွန်မတို့နှစ်ယောက်စလုံးသိတဲ့မိတ်ဆွေတစ်ယောက်အကြောင်း စကားစပ်မိတော့ သူကတကယ်ကောင်းတယ့်လူပါပဲ။ မိသားစုတစ်စုလုံးကို လုပ်ကိုင်ကျွေးမွေးစောင့်ရှောက်နေတာ။ ဒါပေမယ့် အကုသိုလ်ကံအကျိုးပေးတစ်ခုနဲ့ကြုံလာရတော့ လုပ်ထားခဲ့သမျှ ကောင်းတဲ့ကုသိုလ်ကံတွေက မကယ်ပေးနိုင်ခဲ့ဘူး။ ရှေ့က ပိတ်ကာဆီးတားမပေးနိုင်ခဲ့ဘူးလို့ အစ်မကသုံးသပ်ပြပါတယ်။
သူပြောတဲ့စကားထဲမှာ ကျွန်မမမေ့တာက အကုသိုလ်ဆိုတာ နှစ်နဲ့ချီစွဲမြဲလုပ်ကြည့်ရင် တော်တော်ကိုသိသာတယ်။ သတ္တိတွေကိန်းသွားတယ်။အလုံးလိုက်အရင်းလိုက် စုထားပြီးသားဖြစ်လို့ မကောင်းတာအကျိုးပေးဖို့ကိုလည်း အဆင်သင့် Ready စောင့်နေတတ်တယ်။ အဲဒီအချိန်မှာ အတိတ်ကအကုသိုလ်ကံ အကျိုးပေးဖို့ ခေါင်းထောင်လာတဲ့အချိန်မှာ အခုပစ္စုပ္ပန်မှာလုပ်ထားတဲ့ အကုသိုလ်တွေနဲ့ ချိတ်ဆက်မိပြီး တစ်ခါတည်း မကောင်းတာတွေ ဆက်တိုက် အကျိုးပေးသွားရတော့တာပဲလို့ပြောတယ်။
အမှန်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်စဉ်းစားကြည့်တော့ ခက်ခဲတဲ့အခြေအနေတစ်ခုကို ကြုံခဲ့ရဖူးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ကိုယ်ထင်ထားသလောက်၊သူများတွေမှန်းထားသလောက် ဒုက္ခမရောက်ခဲ့ဘဲ ကိုယ့်ကိုကယ်သွားတဲ့သူတွေ ၊ကူညီပေးသွားတဲ့သူတွေအများကြီးကြုံခဲ့ရတယ်။ အတိတ်ကံအရ မကောင်းတဲ့အကုသိုလ်ကံအကျိုးပေးဖို့ရှိနေပေမယ့် ပစ္စုပ္ပန်ကောင်းကံတွေ ရှေ့ကကာဆီးထားပေးလိုက်တဲ့အတွက်ကြောင့် မကောင်းတာတွေအကျိုးပေးမသန်တော့ဘဲ ငုပ်လျိုးသွားခဲ့ရတယ်ဆိုတဲ့အကြောင်းကို ဆက်စပ်သဘောပေါက်လာမိတယ်။
ကောင်းတာလုပ်ရင်ကောင်းတာသေချာပေါက်အခုချက်ချင်းဖြစ်ရမယ်လို့ ကံတွေရဲ့အလုပ်လုပ်ပုံဟာ အဲဒီလောက်ကြီး ရိုးရှင်းမနေတာသေချာတယ်။ ဒါပေမဲ့ ကြုံခဲ့ကြားခဲ့ဖူးတဲ့အခြေအနေတွေကိုသုံးသပ်ကြည့်ရင် ကိုယ်လုပ်လို့ရတဲ့ပစ္စုပ္ပန်ကံအကြောင်းတရားတွေက ဘယ်လောက်အထိ အရေးကြီးသလဲ။ ဘာဖြစ်လို့ပစ္စုပ္ပန်ကံကို ဖြည့်ဆည်းဖို့လိုအပ်သလဲဆိုတာကို သိခွင့်ရလိုက်တာတော့အမှန်ပါပဲ။ အဲဒီအခါမှာ ဒီလိုကောင်းတဲ့ကံတွေဖြည့်ဆည်းဖို့ ပိုပြီးအားရှိလာတယ်။ လုံ့လစိုက်ထုတ်လာတယ်။ ယုံကြည်မှုရှိလာပါတယ်။
ကိုယ့်ဘာကိုယ် ဒီအကြောင်းတွေမသိဘူးလားဆိုရင် သိတော့သိနေပါတယ်။ ဒါပေမဲ့ ရှေ့ကနေ အချက်ကျကျချိတ်ဆက်ပြလိုက်တဲ့ ဆရာရှိတဲ့အခါ ကွင်းကနဲကွက်ခနဲ ရှင်းခနဲ လင်းခနဲစိတ်ထဲမှာ ပေါ်သွားတာမျိုးပါ။
ဒီအကြောင်းအရာလေးကို ရေးလိုက်တာက ပညာရှိတဲ့ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ တန်ဖိုးကို သိစေချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝအတွက် လိုအပ်တဲ့ အကြောင်းအရာတစ်ခုကို အခုလိုသိခွင့်ရလိုက်တာ၊သင်ယူခွင့်ရလိုက်တာဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါပဲ။
မင်္ဂလသုတ်ထဲမှာ လူမိုက်ကိုမပေါင်းနဲ့ဆိုတဲ့စကားရှိပါတယ်။ လူမိုက်ကိုမပေါင်းနဲ့ဆိုတာ လူလိမ္မာနဲ့ပေါင်း၊ ပညာရှိနဲ့ပေါင်းလို့ ပြောတာလည်းဖြစ်ပါတယ်။
ဘုရားဟောကျမ်းဂန်တွေထဲမှာတော့ ပညာရှိသူတော်ကောင်းဆိုတာ ကာယကံ၊ ဝစီကံ၊မနောကံ သုံးပါးစလုံးမှာ ကောင်းမှုတည်တံ့မြဲမြံတဲ့သူတွေလို့ အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
ပညာရှိကို မှီဝဲဆည်းကပ်ပါဆိုတဲ့စကားက ကျောင်းမှာစာသင်ပေးလိုက်တဲ့ဆရာတွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Facebook ထဲမှာ၊ကိုယ့်ရဲ့အသိုင်းအဝိုင်းထဲမှာ၊ကိုယ့်ရဲ့အဖွဲ့အစည်းထဲမှာ၊အပေါင်းအသင်းတွေ၊မိတ်ဆွေတွေထဲမှာ ပညာရှိတဲ့သူတွေအများကြီးရှိပါတယ်။
ကိုယ့်အလုပ်အတွက် လမ်းပြပေးတဲ့သူ၊ အသက်မွေးဝမ်းကျောင်းအတွက် ညွှန်ပြပေးတဲ့သူ၊တရားပြပေးတဲ့သူ အစရှိသဖြင့် ကိုယ့်ကို တစ်ခုမဟုတ်တစ်ခု သင်ယူခွင့်ပေးနေတဲ့သူတွေဟာ ကိုယ့်အနားကပညာရှိတွေပါပဲ။ ဆရာတွေပါပဲ။
ကျွန်မက အမြဲတမ်းပြောလေ့ရှိတယ်။ ဘာမှမတတ်ပါဘူးဆိုတဲ့စကားပေါ့။ ကိုယ့်ကိုယ်ကိုယ် ဘာမှမတတ်ဘူးလို့ခံယူလေ အများကြီးသင်ယူနိုင်လေပါပဲ။ သူတို့ပြောလိုက်တဲ့စကားလေးတစ်ခွန်း၊ စာလေးတစ်ကြောင်းကအစ သင်ယူစရာဖြစ်ရတယ်ဆိုတာ ကိုယ့်အတွက်အင်မတန်အကျိုးများပါတယ်။ ကိုယ်ကမှီဝဲဆည်းကပ်တတ်ဖို့သာလိုပါတယ်။ သူတို့နဲ့စကားပြောတယ်။ သူတို့နားကိုရောက်အောင်သွားတယ်ဆိုရင် တစ်ခုမဟုတ်တစ်ခုတော့ သင်ယူခွင့်ရတာဖြစ်ပါတယ်။
အဲဒီအစ်မနဲ့စကားပြောလာပြီးတဲ့ရက်ပိုင်းအတွင်းမှာ စိတ်က ဘာပဲလုပ်လုပ်တော်တော်သတိကပ်ပါတယ်။ မကောင်းတာတွေဖြစ်လာရင်လည်း မကောင်းဘူး ဆိုတာကိုသိနေတယ်။ အဲလိုသိနေတဲ့အတွက် ကောင်းတာလေးကိုပဲ Focus လုပ်လိုက်ပါမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့သွားနေမိပါတယ်။ ကိုယ့်ရဲ့စိတ်သဏ္ဍာန်မှာ ပညာရှိ သူတော်ကောင်း စရိုက်လက္ခဏာ ပေါ်နေတယ်ပဲ ပြောပါရစေတော့။
ပြင်ပမှာရှိတဲ့ ပညာရှိသူတော်ကောင်း မိတ်ကောင်းဆွေကောင်းတွေဆီကရရှိတဲ့ ပညာနဲ့ပညာရှိလက္ခဏာတွေကို ကိုယ့်ရဲ့စိတ်အတွင်းသဏ္ဍာန်ထဲမှာ တည်ဆောက်ထားတယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပညာရှိတစ်ယောက်၊ကောင်းတဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်သဏ္ဍာန်မှာဖြစ်တည်နေမှာပါ။ ကိုယ့်ရဲ့ကံကိုကိုယ်တိုင်အားကိုးလို့ရနိုင်မှာပါ။
ကိုယ့်အတွင်းထဲမှာ ကောင်းတာကိုတွေးတယ်၊ ကြံစည်တယ်၊ ပြောဆိုတယ်၊ လုပ်ဆောင်တယ်ဆိုရင် ကိုယ်ကိုယ်၌က ကုသိုလ်လက္ခဏာ စရိုက်တွေနဲ့ ပြည့်စုံနေတယ် လို့ ပြောရမှာပါပဲ။
သာမန်ပုထုဇဉ်လူသားတွေမို့လို့ တစ်ရာရာခိုင်နှုန်းတော့ ကုသိုလ်စရိုက်လက္ခဏာကပ် မနေနိုင်ပေမယ့် ပညာမဲ့တဲ့ အကုသိုလ်လက္ခဏာ တွေပေါ်လာတဲ့အခါ သတိနဲ့ထိန်းသိမ်းလို့ရတယ်၊ခြေဖျက်လို့ရတယ်၊လျော့ပါးအောင်လုပ်လို့ရတယ်။ ဒါကလည်း ကိုယ့်ရဲ့နှလုံးသားမှာ မင်္ဂလာတရားတော်များကိုသတ္တိကိန်းပြီးနေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်။
ပညာရှိကို အရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူစေ။
မွန်ဟော်စီ
၂၀၂၅



Comments