ရပိုင်ခွင့်တဲ့လား
- Oct 10
- 1 min read

တစ်ယောက်ယောက်ဆီက တစ်ခုခုကို အမြဲတမ်းရနေတဲ့အခါမှာ ဒါကိုယ့်ရဲ့ရပိုင်ခွင့်တစ်ခုလို ထင်လာတတ်ကြတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို နေ့တိုင်းမုန့်ကျွေးတယ်ဆိုပါစို့။ သူမုန့်မပါလာတဲ့နေ့မှာ ကိုယ့်ရဲ့စိတ်က သူ့အပေါ်ငြိုငြင်လာတတ်ပါတယ် ။
ဒီအချိန်မှာ ဘယ်သူကမှ ပေါများနေတာမဟုတ်ဘူး။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ခက်ခဲရုန်းကန်နေရတဲ့အခြေအနေမှာ တစ်ဖက်သားကိုကြည့်ပေးနိုင်တယ်၊ သူ့အတွက်အကုန်အကျခံနိုင်တယ်၊ သူ့အတွက်ထောက်ပံ့ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ စေတနာမေတ္တာမပါဘဲ မဖြစ်လာပါဘူး။
တစ်ချို့ကတော့ ဒီလိုတွေလုပ်ပေးနေတယ်ဆိုတာ ပိုက်ဆံရှိတဲ့သူတိုင်း လုပ်ပေးနိုင်တာပဲလို့ အထင်ရောက်တာမျိုးတောင်ရှိတယ်။ ချစ်ခြင်းမေတ္တာစေတနာဆိုတာ Invisible labor နောက်ကွယ်က မမြင်ရတဲ့ ကြိုးစားလုပ်ဆောင်မှုတစ်ခုပါပဲ။
"People don't notice the things we do for them until we stop doing them."
လူအတော်များများဟာ တစ်စုံတစ်ယောက်ဆီက ကိုယ်ရနေကျအရာတွေ ရနေသရွေ့အဲဒီလူဟာ ကိုယ့်အတွက် ဘယ်လောက်အထိ ပေးဆပ်ခဲ့တယ်ဆိုတာ မမြင်နိုင်ကြပါဘူး။ ကူညီပေးတာ၊ ထောက်ပံ့ပေးတာ၊ချစ်ခြင်းမေတ္တာပေးတာတွေဟာ မရတော့ဘူး၊ မရှိတော့ဘူးဆိုတဲ့နေ့ကျမှ သူကိုယ့်ကိုဘယ်လောက်ပေးခဲ့မှန်း သိလာရတာမျိုးပါ။ ဒါက Human nature လူ့သဘာဝပါပဲ။
နေ့စဉ်ဘဝရဲ့ ပုံစံတွေထဲမှာကိုယ်ဟာ ချစ်သူလက်တွဲဖော်တစ်ယောက်အဖြစ်၊ သူငယ်ချင်းတစ်ယောက်အဖြစ်၊ စောင့်ရှောက်သူတစ်ယောက်အဖြစ်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အဖြစ်နဲ့ Roles အမျိုးစုံမှာ ကျင်လည်နေရတာဖြစ်ပါတယ်။ ကိုယ်ရောက်နေတဲ့နေရာကနေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ဘာကိုမှမမျှော်လင့်ဘဲ၊ ဘာကိုမှပြန်လည်တောင်းဆိုခြင်းမရှိဘဲ၊ လုပ်ပေးနေတယ်ဆိုတာကိုတောင် ကိုယ်တိုင်ဂရုမထားမိဘဲ ဖြည့်ဆည်းပံ့ပိုးနေတာတွေအများကြီးရှိပါတယ်။
မိသားစုတွေ Relationship တွေမှာ တစ်ယောက်က ရေတွက်လို့မရနိုင်တဲ့ အင်မတန်သေးငယ်တဲ့ အချင်းအရာလေးတွေကိုတောင်မှ နောက်တစ်ယောက်ရဲ့ဘဝမှာ အဆင်ပြေပါစေ၊ ချောမွေ့ပါစေဆိုပြီး ဖန်တီးပေးတာ၊ ပံ့ပိုးကူညီပေးတာတွေရှိပါတယ်။
ထမင်းပြင်ကျွေးတာ၊ လက်ဆောင်ဝယ်ပေးတာ၊ သွားစရာလာစရာရှိရင်လိုက်ပို့တာ စတဲ့အရာတွေရဲ့နောက်မှာ ချစ်ခြင်းမေတ္တာတွေ ၊သနားကြင်နာမှုတွေက ချောင်ထိုးခံထားရတတ်ပါတယ်။ ဒါတွေအကုန်လုံးရပ်သွားတဲ့အခါမှာမှ သူငါ့ကို ဒါတွေလုပ်ပေးခဲ့ပါလားဆိုတာကို သိနားလည်လာတတ်တာမျိုးဖြစ်ပါတယ်။
ဘဝမှာ ကိုယ့်အပေါ် အမြဲတမ်းကောင်းခဲ့တဲ့သူတွေ အမြဲတမ်းကြည့်ရှုစောင့်ရှောက်ပေးတဲ့သူတွေကို အသိအမှတ်ပြုဖို့ ကျေးဇူးတင်တတ်ဖို့လိုပါတယ်။ နောက်ကိုခြေတစ်လှမ်းလောက်ဆုတ်ပြီးတော့ သူတို့ဆီက ကိုယ်ရခဲ့ဖူးတဲ့ သေးငယ်တဲ့အရာလေးတွေကိုပဲစဉ်းစားကြည့်ပါ။ အရာရာဟာ ကျေးဇူးတရားပါပဲ။ ကျေးဇူးတရားနဲ့ချိတ်ဆက်ပြီး စဉ်းစားကြည့်ပါ။ ကိုယ်ကရော သူ့အတွက် ဘာတွေ Contribute လုပ်ခဲ့ပြီးပြီလဲ။
Balance and mutual appreciation ဟန်ချက်ညီတဲ့အပြန်အလှန်ရှိတဲ့ ကျေးဇူးတရားနဲ့ အသိအမှတ်ပြုမှုဆိုတာ Relationship တိုင်းမှာ လိုအပ်တာဖြစ်ပါတယ်။
ရလာခဲ့တဲ့အရာတွေအပေါ်မှာ ကျေးဇူးမတင်တတ်ဘူးဆိုရင်တောင်မှ အပေါ်စီးကနေလက်ခံတာမျိုးမလုပ်ပါနဲ့။ တန်ဖိုးမထားနိုင်ဘူးဆိုရင်တောင်မှ မထိမဲ့မြင်မလုပ်ပါနဲ့။ လုပ်ပေးနေတဲ့သူတွေဘက်က လုပ်ပေးနေကျတွေမရှိတော့ဘူး၊ ရပ်လိုက်ပြီဆိုတဲ့အခါ အဲဒီအရာတွေရဲ့တန်ဖိုးကို ကောင်းကောင်းသဘောပေါက်လာပါလိမ့်မယ်။
မွန်ဟော်စီ
၂၀၂၄



Comments