top of page
Search

အတ္တစိတ်နဲ့ လက်ဆောင်အတွေ့အကြုံ

  • Oct 2
  • 2 min read
Aerial view of lush green terraced rice fields with huts in misty hills. Text: "MON HALSEY" and Burmese script below. Peaceful setting.

လက်ဆောင်တစ်ခုရလို့ အဲဒီလက်ဆောင်ဟာ သူ့အတွက် အသုံးမဝင်ဘူးဆိုရင် ငြင်းဆိုနိုင်ခွင့်လည်း ရှိတယ်ဆိုရင် ပေးလာတဲ့သူကို အဲဒီပစ္စည်း ပြန်ပေးတတ်တဲ့ မိတ်ဆွေတစ်ယောက်ရှိဖူးတယ်။


အဲဒီအရောင်က ငါနဲ့မလိုက်ဘူး၊ နင်တခြား လိုက်ဖက်တဲ့သူကို ပေးလိုက်၊ ဒါက ငါ့မှာ ရှိပြီးသား တစ်ယောက်ယောက်ကို ပေးလိုက်ပါလား။


စသည်ဖြင့် သူပြောတဲ့အခါ စိတ်ထဲမှာ ခုခဲ့ဖူးတာ အမှတ်ရမိပါတယ်။


အခုတော့ ကျွန်မ အဲဒီလို စိတ်အခံမျိုးကို သဘောကျလာပါတယ် ကျွန်မ ကိုယ်တိုင်လည်း တားဆီးလို့ရတယ်၊ အချိန်မှီလည်း သိတယ်၊ အားမနာဘဲ ပြောလို့လည်း ရတဲ့သူဆိုရင် ကိုယ့် အတွက် တကယ်မလိုအပ်တဲ့ မကြိုက်တဲ့ သုံးဖြစ်မှာ မဟုတ်တဲ့ လက်ဆောင်တွေဆို မပေးပါနဲ့လို့ ငြင်းဆိုတတ်လာပါတယ်။


(တစ်ခါတလေလည်း အားနာတာကြောင့်ရော စေတနာကို အသိအမှတ်မပြုသလို ဖြစ်မှာစိုးတာကြောင့်ရော လက်ခံမိတဲ့ လက်ဆောင်တွေလည်း ရှိပါတယ်)


ဥပမာ ကော်ဖီလိုမျိုးဆို ဘယ်လောက်ကောင်းတယ်ပြောပြော ကျွန်မက အနံ့တောင်မခံနိုင်လို့ ပတ်ပြေးနေသူဆိုတော့ ကော်ဖီထုပ်ကလေးတွေ ပို့လိုက်ပါရစေဆိုရင် မပို့ပါနဲ့ မသောက်တတ်လို့ပါလို့ ပြောတတ်လာပါတယ်။


ကျွန်မတို့ Society က Giving ပေးဆပ်ခြင်းထက် Taking ရယူခြင်းကို အာရုံစိုက် Focus လုပ်ကြတာ များနေတတ်ပါတယ်။


တချို့ ပေးမယ်ဆိုတာနဲ့ ဘာမှန်းမသိသေးဘူး။ ကျွန်မလည်း ယူမယ်၊ ကံထူးချင်တယ်၊ ရချင်တယ်၊ ဘာပေးမှာလဲ တစ်ခုခုတော့ ပေးပေါ့ဆိုတာမျိုး ဖြစ်တတ်ကြတယ်။


ပေးမယ်ဆိုရင် ဘာဖြစ်ဖြစ် ယူဖို့အဆင်သင့်ပဲ။ ဒါကြောင့်လည်း မဲပေါက်တယ်ပြောပြီး ငွေတွေ အလိမ်ခံရတဲ့သူတွေ ရှိနေတာလို့ တွေးမိတယ်။


ရလာပါပြီတဲ့။ အဲဒီ ပစ္စည်းက ကိုယ်မလိုချင်တဲ့အရာ ကိုယ့်အတွက် အသုံးမဝင်တဲ့အရာ ဖြစ်နေရင် ဘာလုပ်မလဲ။


ကျွန်မ မိတ်ဆွေတစ်ယောက်က စာအုပ်တစ်အုပ်တောင်းဖူးပါတယ်။ မမွန်လက်မှတ်နဲ့ မမွန်လက်မှတ်နဲ့ဆိုတော့ ကျွန်မလည်း ဝမ်းသာအားရ လက်မှတ် ထိုးပြီး ပေးခဲ့တယ်။ နောက်ခြောက်လလောက်အကြာ သူနဲ့ ပြန်တွေ့တော့ သူ့ကားနောက်ခန်းထဲမှာ စာအုပ်က ပိုးလို့ပက်လက်လန်လို့ အဖုံးတွေ မာတောင့်ကော့လန်လို့။


သူလည်း မျက်နှာအမ်းသွားသလို ကျွန်မလည်း မမြင်ချင်ယောင်ဆောင်လိုက်ရပါတယ်။ တကယ်လိုချင်တာလည်း မဟုတ်ဘဲ ရချင်ရုံသက်သက်နဲ့ တောင်းတာပဲလို့ အောင့်သီးအောက်သက်ဖြစ်သွားရပါတယ်။


စာအုပ်က တချို့လူတွေခမျာ တကယ်လိုချင်ပြီး မဝယ်နိုင်ကြဘူး။ သူတို့တွေသာ ရရင် တန်ဖိုးထားပြီး ဖတ်ကြမှာပဲ ဝမ်းသာကြမှာပဲ။


စာအုပ်တစ်အုပ် ဖြစ်လာတဲ့ Process ဖြစ်စဉ်မှာ ဒီစာအုပ်ကို ရေးခဲ့တဲ့ စာရေးသူရှိတယ်။ စာရိုက်ပေးတဲ့သူ စာစစ်ပေးတဲ့သူ ပုံနှိပ်ပေးတဲ့သူ စာအုပ်ချုပ်ပေးတဲ့သူ. ဖြန့်ချိပေးတဲ့သူတွေ ရှိတယ်။ ကျေးဇူးတင်စရာတွေ အများကြီးပဲ။


လူတွေက သက်မဲ့စာအုပ်ကလေးတစ်အုပ်ပေါ်မှာတောင် ကျေးဇူးတင်စိတ်နဲ့ မဆက်ဆံတတ်ကြဘူးလို့ တွေးလိုက်မိပါတယ်။


ကိုယ့်အတွက် ကိုယ်ကြည့်တယ်။ ကိုယ်ရချင်တာကိုပဲသိတယ်။ ဒါကို အတ္တလို့ခေါ်ပါတယ်။ အတ္တစိတ်ကို အင်္ဂလိပ်လိုဆိုရင်တော့ Ego လို့ ခေါ်တာပါပဲ။


Ego is the version of self-created in the mind.

Ego ဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ထဲက ကိုယ်တစ်ခု ဖြစ်တယ်။


Ego serves self.

ကိုယ့်အတွက်ပဲ ကိုယ်အလုပ်လုပ်တယ်။


Ego sees life as a competition.

Ego enjoys prizes.

ဘဝကို ပြိုင်ပွဲတစ်ခုလိုမြင်တယ်။

ဆုတွေ လက်ဆောင်တွေ ရတယ်ဆိုရင် ပျော်တယ်။


လူ့အဖွဲ့အစည်းကြီးဟာ အတ္တတွေရှိပါတယ်။


ကျွန်မအရင်တုန်းက ကားမောင်းရင် လမ်းကျဥ်းကျဥ်းလေးတွေကြားထဲမှာလည်း အတင်းစွတ်တိုးနေလေ့ရှိတယ်။ လုံးဝတိုးလို့မရတဲ့နေရာကျတော့ နှစ်စီးစလုံး ရှေ့ဆက်သွားမရ အလယ်မှာ တစ်ပြီး ခင်ဗျားက အရင်ဆုတ်လေ ဘရားသားက အတင်းဝင်လာတာကိုး ဒါက ကျွန်မအရင်သွားရမဲ့လမ်းလေနဲ့ ဖြစ်ကုန်ကြရော။ ငါအရင်သွားချင်တယ်။ ငါကဘာလို့ဆုတ်ပေးရမှာလဲဆိုတဲ့ အတ္တကကျွန်မတို့ဆီမှာရှိတယ်။


ကိုယ့်ကားကနောက်ဆုတ်ပေးရပြီဆိုရင် သိပ်မကျေနပ်ချင်ဘူး။ ငါက အလျော့ပေးလိုက်ရတယ်ပေါ့။ ဆုတ်ပေးလိုက်ရတော့လည်း သေမသွားပါဘူး။ သူလည်း သွားလို့ရ၊ ကိုယ်လည်းလွတ် အချိန်ကုန်သက်သာတယ်။


ယခုနောက်ပိုင်းကျတော့ ကားနှစ်စင်းရှောင်ရမယ်ဆို ကိုယ်ကပဲအရင်စောင့်ပေးလိုက်တယ်။

သူ့အရင်ပေးသွားလိုက်တော့လည်း ကိုယ်ဘယ်လောက်မှ နောက်ကျသွားတာမဟုတ်ပါဘူး။ ကားတွေလမ်းမှာတစ်နေပြီဆိုရင် အတ္တပြိုင်ပွဲကြီးကျင်းပနေကြတာပဲလို့ တွေးမိတာပါပဲ။


တစ်ခါ ဈေးဝယ်ရင် ၅၀ ၁၀၀ ကအစ ဆစ်ကြတဲ့ စျေးဝယ်သူတွေရှိတယ်။ ကြည့်တော့လည်း စိန်တွေရွှေတွေနဲ့ပါပဲ။ စျေးသည်တွေကို အားမနာ ၅၀ ၁၀၀လောက်ကို ဆစ်နေကြတော့ သြော် ဒါဟာလည်း ရချင်တဲ့စိတ်ပါပဲလားလို့ တွေးလိုက်ရပါတယ်။ ၅၀ဖိုးလျှော့ရတော့ ကိုယ်လည်း သူဌေးဖြစ်မသွားပါဘူး။


ဘယ်လောက်ပဲ ရရ ငါရရင်ကျေနပ်တယ်။ ငါ ဆစ်လို့ရတယ်။


လူရဲ့ Subconscious Mind မသိစိတ်က ငါ့ကိုသူကပေးလိုက်ရတယ်ဆိုတာကို လိုချင်တာဖြစ်ပါတယ်။ ဒါဟာ အတ္တစိတ်ပါပဲ။


Ego feels lack.
Ego bases on fear.

ကိုယ့်အတွက် မရှိတာ မလောက်တာ မရတော့မှာကို စိုးကြောက်နေတဲ့ Fear ပေါ်မှာ အခြေခံတယ်။


အတ္တစိတ်က အပေါ်ကနေ ခြုံထားတဲ့ ခြုံလွှာတစ်ခုလိုပါပဲ။ သူ့ကို ခြုံထားတဲ့အခါ လျှောက်နေတဲ့လမ်းမှာ ဟိုဟာနဲ့ငြိ ဒီဟာနဲ့ငြိတွေဖြစ်သလို ကိုယ်လည်းဘာမှကောင်းကောင်းမမြင်ရ၊ အမှောင်ထဲလမ်းလျှောက်နေတာမျိုးဖြစ်တတ်ပါတယ်။


ဒီစိတ်ဟာ လူတိုင်းဆီမှာအနည်းနဲ့အများရှိပါတယ်။ ကျွန်မမှာလည်း အတ္တစိတ်တွေရှိတယ် ကြိုးစားပြီး လျှော့နေရတာပါပဲ။


ရတာကောင်းတယ်။

ပေးတုန်းယူထား။

ရတယ်ဆိုတာ အခွင့်အရေးတစ်ခု ဆိုပေမဲ့

It's okay #NOT to take every chance.

အခွင့်အရေးတိုင်းကို လိုက်ယူနေဖို့လည်း မလိုပါဘူး။


သူများဆီက မရလည်းနေ၊

ကိုယ်ပေးနိုင်တာဆို ပေးကြည့်ပါ။

ကိုယ်ပဲရသင့်တယ်လို့ မတွေးဘဲ သူများလည်း ရသင့်တယ်လို့ တွေးကြည့်ပါ။ အတ္တဆိုတဲ့ ခြုံလွှာကွာသွားတာနဲ့အမျှ စိတ်အတွင်း ငြိမ်းချမ်းမှု Inner Peace ကို ခံစားရပါလိမ့်မယ်။


မွန်ဟော်စီ

စက်တင်ဘာ ၂၀၂၂

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page