top of page
Search

ငွေကြေးလွတ်လပ်မှုရယူဖို့ စိတ်ပြောင်းလဲမှု ၄ခု

  • Aug 26
  • 1 min read

ငွေရေးကြေးရေးလွတ်လပ်မှု Financial Freedom ရလာအောင် ဆောင်ရွက်ဖို့ အရေးကြီးတဲ့ စိတ်ထားပြောင်းလဲမှု ၄ခုကို တင်ပြလိုက်ပါတယ်။


၁။ မလုံလောက်မှုကနေ ကြွယ်ဝမှုသို့ - From Scarcity to Abundance


အမြဲတမ်းမလုံလောက်ဘူးဆိုတဲ့စိတ်က လူတွေကိုမျှော်လင့်ချက်မဲ့လာစေပါတယ်။ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာကို ယုံကြည်ပါ။


ကိုယ်လက်တွေ့ကြိုးစားရင် အကျိုးဖြစ်လာမယ်ဆိုတာ တကယ်ပါ။ ကိုယ့်မှာရှိပြီးသားအရာတွေအပေါ် ကျေးဇူးတင်စိတ်ရှိနေပါစေ။


ဒီလိုစိတ်ထားက ပြည့်စုံကြွယ်ဝမှု Abundance ကို ဖန်တီးဖို့ တံခါးတွေကိုဖွင့်ပေးမှာပါ။ ဒီနေရာမှာကျေးဇူးတင်တတ်တဲ့စိတ် Gratitude နဲ့နေထိုင်နိုင်ဖို့အရေးကြီးပါတယ်။ ကိုယ့်မှာရှိတဲ့အရာကို ကျေးဇူးတင်လေ နောက်ထပ်ဝင်လာမယ့်အရာတွေကိုလက်ခံဖို့ လမ်းပွင့်သွားလေပဲဖြစ်ပါတယ်။


၂။ သုံးစွဲမှုကနေ ဖန်တီးမှုသို့ - From Consumption to Creation


လူအများစုက ဝယ်ယူရတာကိုပျော်ပါတယ်။ ဒါကြောင့် Consumption ကို ပျော်ပျော်ကြီးလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်၀ယ်ယူလိုက်တာတွေအားလုံးဟာ တကယ်စစ်မှန်တဲ့ရေရှည်ခံတဲ့ ပျော်ရွှင်မှုကိုမပေးနိုင်ဘူး။ ကိုယ့်ရဲ့ဖန်တီးခြင်း Creation တွေကသာ ပိုပြီးစိတ်ပျော်ရွှင်မှုကိုပေးနိုင်တယ်လို့ဆိုပါတယ်။


အဓိပ္ပါယ်ကတော့ အစားအစာတစ်ခုကို ၀ယ်မစားဘဲ ကိုယ်ကိုယ်တိုင်ချက်စားကြည့်တာက ပိုပြီးအရသာရှိတယ်၊ စိတ်ကျေနပ်မှုကိုဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အင်္ကျီတစ်ထည်ကို သွားဝယ်လိုက်တာထက် ကိုယ်ကိုယ်တိုင်စိတ်ကူးစိတ်သန်းနဲ့ဖန်တီးချုပ်လုပ်ရတာက ပိုပြီးပျော်စရာကောင်းတယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအချက်က လူတိုင်းအတွက်တော့ မှန်ကန်မှာမဟုတ်ဘူး။ လူတိုင်းလည်းအသုံးချနိုင်မယ်မထင်ဘူး။ နေရာတိုင်းမှာတော့ မမှန်ကန်နိုင်ဘူး။


ကျွန်မအနေနဲ့ဆိုရင် ပန်းချီကားတစ်ကားကို ဝယ်ပြီးထိုင်ကြည့်နေတာထက် ကိုယ်ကိုယ်တိုင် Canvas ပေါ်မှာ ဆေးသုတ်ပြီးပုံဆွဲလိုက်ရတာက လက်ရာကောင်းတယ်မကောင်းဘူးဆိုတာထက် စိတ်ရဲ့ကျေနပ်မှုပြည့်စုံမှုကိုရစေတာအမှန်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုလိုတဲ့သဘောကတော့ Creation မိမိကိုယ်တိုင်ဖန်တီးလုပ်ဆောင်မှုတွေရဲ့ အရေးပါခြင်းကိုပြောတာဖြစ်ပါတယ်။


ကိုယ်ပိုင်စီးပွားရေးစလုပ်တာ၊ ကျွမ်းကျင်မှုအသစ်တစ်ခုကို သင်ယူတတ်မြောက်လာတာ၊ လူတွေအတွက် အတုယူအားထားစရာအကြောင်းအရာတစ်ခု၊ အရေးအသားတစ်ခု၊ စာတစ်ပုဒ်ကိုဖန်တီးတာ.. ဒါတွေက အဓိပ္ပါယ်ရှိတဲ့ဘဝတစ်ခုကို ယူဆောင်ပေးတယ်။


၃။ အမှားမရှိလိုတဲ့စိတ်ကနေ တဖြည်းဖြည်းတိုးတက်မှုကိုရယူမယ်ဆိုတဲ့ စိတ်သို့ - From Perfectionism to Progress


Perfection အရာရာပြီးပြည့်စုံအောင်မြင်သွားပြီဆိုတဲ့အခြေအနေကိုရောက်မှ တစ်ခုခုကိုစတင်ချင်တာလား။ ဥပမာအားဖြင့် သိန်း၁၀၀ရှိမှ ငွေစစုချင်တာလား။ ဒါမှမဟုတ် ဆယ်သိန်းစီ ဆယ်ကြိမ်စုရင်း သိန်း၁၀၀ ဖြစ်သွားတာမျိုးကို စိတ်မဝင်စားဘူးလား။ Small Wins အောင်မြင်မှုအသေးလေးတွေက တဖြည်းဖြည်းစုရင်း ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်သွားတတ်ပါတယ်။ ရေစက်ရေပေါက်သေးသေးလေးတွေကနေ ရေကန်ကြီးတစ်ကန်ဖြစ်လာနိုင်သေးတယ်မဟုတ်လား။


အကြွေးငါးသောင်းပေးဖို့ရှိတယ်ဆိုပါစို့။ ငါးရာပဲပေးနိုင်သေးတယ်ဆိုပြီး မပေးဘဲနေတာဟာ Financial Freedom နဲ့ အလှမ်းကွာသွားတာပါ။ ပေးနိုင်သလောက်ပေးသွားတာက တကယ့်လက်တွေဘဝမှာ ငွေကြေးလွတ်မြောက်မှုရဖို့ပိုပြီးနီးစပ်လာတာဖြစ်ပါတယ်။ တဖြည်းဖြည်းတိုးတက်မှုကို ဝမ်းမြောက်ပျော်ရွှင်ပါ။


၄။ ဖြစ်လာမှဖြေရှင်းမယ်ဆိုတဲ့ စိတ်ကနေ ကြိုတင်ပြင်ဆင်တတ်တဲ့စိတ်သို့ - From Reactive to Proactive


Financial Challenges ဘဏ္ဍာရေးအရစိန်ခေါ်မှုတွေ၊ မတည်ငြိမ်မှုတွေဟာ မမျှော်လင့်တဲ့အချိန်မှာ ပေါ်ပေါက်လာတတ်တာမျိုးဖြစ်ပါတယ်။ ဒီအခြေအနေတွေမှာ ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘူးဆိုရင်လဲပြိုသွားနိုင်ပါတယ်။ ပြဿနာဖြစ်မှ ထရှင်းမယ်ဆိုတာက စိတ်ဖိစီးမှုတွေကို တိုးစေပါတယ်။ အနာဂတ်ကိုကြိုတင်ပြင်ဆင်ခြင်းက ပိုမိုတိကျတဲ့ဆုံးဖြတ်ချက်တွေချနိုင်စေပါတယ်။


အရေးပေါ်အသုံးစရိတ်အတွက် ငွေစုထားပါ။ဝင်ငွေတစ်မျိုးတည်းအစားမတူညီတဲ့ ဝင်ငွေအရင်းအမြစ်တွေ ဖန်တီးထားပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးစီမံခန့်ခွဲမှုအကြောင်း သိရှိပြီး အသိပညာလေ့လာပါ။ ကြိုတင်ပြင်ဆင်ထားမှုက မျှော်လင့်ချက်နဲ့စိတ်ငြိမ်မှုကို ပေးနိုင်ပါတယ်။


ငွေကြေးနဲ့ပတ်သက်တဲ့ စိတ်ထားတွေကို ပြောင်းလဲတတ်ရင် ကိုယ့်ဘဝတစ်ခုလုံးပြောင်းလဲလာနိုင်ပါတယ်။


Freedom Beyond Finances ဆိုတာ တကယ်တမ်းတော့ ငွေရဲ့ပမာဏနဲ့တိုင်းတာရတာမဟုတ်ပါဘူး။ အကြောင်းကတော့ Financial Freedom ဆိုတာ “ငွေရှိခြင်း” မဟုတ်ဘဲ“လွတ်လပ်စွာရွေးချယ်နိုင်ခြင်း” ဖြစ်လို့ပါပဲ။


ကိုယ့်စိတ်နဲ့ကိုက်ညီတဲ့ အလုပ်ကို ရွေးလုပ်နိုင်တာ၊ မိသားစုနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကို ရယူနိုင်တာ၊ကိုယ့်နှလုံးသားက စေစားတဲ့ အရေးကြီးဆုံးကိစ္စတွေမှာ ပါဝင်နိုင်တာ.. ဒါတွေက ငွေကြေးလွတ်လပ်မှုရဲ့ နောက်ကွယ်ကတန်ဖိုးတွေပါပဲ။ ငွေကြေးလွတ်လပ်မှုကို ငွေပမာဏနဲ့မဟုတ်ဘဲ စိတ်ဓာတ် Mindset တစ်ခုအဖြစ် ကြည့်မြင်လာတဲ့အခါ ကျွန်မတို့ဟာ ကိုယ့်ဘဝကို ယ် ပြန်လည်ထိန်းချုပ်ဖို့ အခွင့်အလမ်းအသစ်တစ်ခုဖွင့်လှစ်လိုက်တာပါ။ အဲဒီတခဏ ကိုယ်ပိုင်လွတ်လပ်မှုထဲမှာပဲ တကယ့်ကြွယ်ဝမှု Abundance ကရှိနေပါတယ်။ လွတ်လပ်မှုဆိုတာ Energy နဲ့ ဘ၀ရည်ရွယ်ချက် Life Purpose ပေါင်းစပ်ထားတဲ့ ခရီးတစ်ခုပါ။


ကိုယ့်အောင်မြင်မှုကို အခြားသူတွေရဲ့စံနှုန်းနဲ့မဟုတ်ဘဲ ကိုယ့်သဘောထားနဲ့ သတ်မှတ်ပါ။ အသစ်တစ်ခုချင်းစီကို လေ့လာရင်း၊ ကြိုးစားရင်း ရေရှည်အတွက် တည်မြဲမှုတစ်ခုတည်ဆောက်ပါ။ ချမ်းသာချင်တာထက် ချမ်းသာဖို့ ကိုယ်တိုင်တာဝန်ယူတတ်တာမျိုးဖြစ်ဖို့ကြိုးစားပါ။


ပုံမှန်ရက်တစ်ရက်ကိုပဲ စိတ်ပြောင်းလဲပြီး ကြည့်နိုင်ရင် စိတ်လွတ်မြောက်မှု၊ ပြည့်စုံကြွယ်ဝမှုကို ခံစားရမှာပါ။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page