top of page
Search

ကုသိုလ်ဆိုတာ ရရတာ လွယ်တဲ့အရာ – စိတ်က အရေးကြီးဆုံး

  • Oct 2
  • 1 min read

Wildflowers in a sunlit field, soft focus, warm tones. Text: "MON HALSEY" and Myanmar script at bottom. Peaceful and serene ambiance.

ကုသိုလ်ဆိုတာ တကယ်တမ်းစဉ်းစားကြည့်ရင် ရဖို့ သိပ်ကို လွယ်တဲ့အရာပါပဲ။


ဒီနေ့ မနက်နိုးလာတိုင်း ကုသိုလ်စိတ်နဲ့နိုးထလာကြည့်ပါ၊ ကုသိုလ်ကောင်းမှုတွေလုပ်ပါ စသည်ဖြင့် ဒီလိုပြောလိုက်လို့ရှိရင် ဘုရားတွေရှိခိုးမှ ဘုရားသွားမှ ဂါထာရွတ်မှ အလှူအတန်းတွေ အကြီးအကျယ်လုပ်မှ ကုသိုလ်ရတယ်လို့ တချို့ကလည်း ထင်တတ်ကြပါတယ်။


ဒါပေမဲ့ ကုသိုလ်ဆိုတာ စိတ်ကဖြစ်တာပါ။ စိတ်ကအရေးအကြီးဆုံးပါ။ တစ်နေ့တစ်နေ့ အိမ်မှာနေရင်း အိမ်မှုကိစ္စတွေလုပ်ကိုင်နေရင်းမှာပဲ ကုသိုလ်တွေဖြစ်နေကြတဲ့သူတွေရှိပါတယ်။


အိမ်ရှင်မတစ်ယောက်အနေနဲ့ တစ်နေ့ တစ်နေ့ မိသားစုကို စားကောင်းပါစေ၊ အာဟာရပြည့်ဝပါစေ၊ ကျန်းမာပါစေဆိုတဲ့ စေတနာ မေတ္တာတွေနဲ့ သန့်သန့်ရှင်းရှင်း ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးမွေးနေရတာနဲ့တင် ကုသိုလ်တွေအများကြီးရနေပါပြီ။ မနောကံကုသိုလ် ဝစီကံကုသိုလ် ကာယကံကုသိုလ်တွေ ဖြစ်ပေါ်နေပါပြီ။


မျိုကြဟဲ့ ဆို့ကြဟဲ့ နင်တို့စားဖို့ကိုပဲ ချက်နေရတာပဲ။ အဲဒီလိုစိတ်မျိုးနဲ့ဆိုရင်တော့ စိတ်ကလေး ပြောင်းလိုက်တာနဲ့ ရသွားမဲ့ကုသိုလ်ဟာလည်း အကုသိုလ် ဖြစ်သွားတတ်ပါတယ်။


ဆရာဝန်အလုပ် ဆရာမအလုပ် ရုံးဝန်ထမ်းအလုပ် အိမ်အကူအလုပ် မည့်သည့်အလုပ်မှာမဆို ဒီလိုပါပဲ။ ဒါကြောင့် စိတ်ကိုထားတတ်ဖို့ကသာ အရေးကြီးပါတယ်။


ကျွန်မ တစ်နေ့တစ်နေ့စာတွေရေးနေပါတယ်။ ကျွန်မက အရမ်းချမ်းသာတဲ့သူမဟုတ်ဘူး။ ကျွန်မမှာ ချမ်းသာတဲ့အရာက စာရေးဖို့ အတွေးတွေပဲရှိတာဆိုတော့ စာတွေနဲ့ပဲကုသိုလ်ရ​အောင် လုပ်မယ်လို့ စိတ်ထဲမှာဖြစ်မိပါတယ်။


ကိုယ့်စာကိုအရေးတယူလုပ်ပြီးဖတ်နေကြတဲ့ စာဖတ်သူတွေကို လေးစားသောအားဖြင့် စာရေးတိုင်းစေတနာလေးတစ်ခု ထည့်ရေးပါတယ်။ စာရေးတာချင်းအတူတူ ကိုယ့်ရဲ့ကောင်းသောအရာတွေ ပေါ်လွင်နေဖို့ သူတပါးကိုနှိမ့်ချတိုက်ခိုက် အပုတ်ချ ရေးလိုက်တာမျိုးကတော့ ဒေါသသင့်သွားတဲ့အတွက် ရေးတဲ့သူမှာ အကုသိုလ်ဖြစ်သလို ဖတ်လိုက်မိသူမှာလည်းအကုသိုလ်ဖြစ်နိုင်ပါတယ်။ အရင်တုန်းက အများကြီးရေးခဲ့ဖူးပေမဲ့ အခုတော့ တတ်နိုင်သမျှ သတိထား ရှောင်ရှားပါတယ်။


ဒါကြောင့် ကုသိုလ်နဲ့ အကုသိုလ် ကြားထဲမှာ မမြင်ရတဲ့ စည်းတစ်ခုက ခပ်ပါးပါးလေးခြားနေပါတယ်။ ဒါကိုမြင်တတ်ဖို့က သိပ်ကို ခဲယဥ်းပါတယ်။ တစ်ခါတစ်လေကျတော့ ကုသိုလ်လုပ်နေပေမဲ့ အကုသိုလ်ဖြစ်သွားရတာရှိတယ် မဟုတ်လား။


ဒါကြောင့် ကျွန်မတို့အိမ်မှာ အလုပ်လာလုပ်တဲ့သူတွေဆိုရင်လည်း သူတို့အမှုမဲ့ အမှတ်မဲ့ဖြစ်နေတာလေးတွေကို သတိပေးပြောရတတ်ပါတယ်။


ဥပမာအားဖြင့် ခြံအလုပ်သမားက မှန်ကွဲစတွေကို ဒီအတိုင်း ကျွတ်ကျွတ်အိတ်နဲ့ထည့်ပြီး အမှိုက်ပုံးထဲထည့်၊ ပစ်မလိုလုပ်နေတာကို တွေ့တော့ ကျွန်မက မှန်ကွဲစတွေကို သတင်းစာစက္ကူ အဝတ်စုတ်အဟောင်းတွေနဲ့သေသေချာချာထုတ်ပြီးမှ အမှိုက်အိတ်ထဲကို သေသေချာချာစည်းနှောင်ပြီးပစ်ပါ။


ဘာဖြစ်လို့လဲဆိုရင် အမှိုက်လာသိမ်းတဲ့သူက ဘာမှန်းမသိဘဲ သာမာန်အမှိုက်အိတ်ထင်ပြီး အားရပါးရ အိတ်ကိုကိုင်လိုက်တော့ အထဲကမှန်ကွဲစတွေ သူ့လက်ကိုရှနိုင်တယ်။ ဒီလိုမျိုးပြောပြပေးရပါတယ်။


အမှိုက်ပစ်ရင်လည်း အိတ်ကို သေချာလုံအောင် နှစ်ထပ်လောက်ထုတ်ပြီး ပစ်ပါ။ အိတ်တစ်ထပ်တည်း ဟိုကပေါက် ဒီကပေါက် အရည်တွေ စီးကျနဲ့ဆိုရင် အမှိုက်သယ်တဲ့လူလည်း ဘယ်စိတ်ချမ်းသာမလဲလို့ ပြောရတတ်ပါတယ်။


အိမ်မှာသန့်ရှင်းရေးလုပ်တဲ့ ကလေးဆိုရင်လည်း အလုပ်ပြီးချင်စိတ်ကများနေတဲ့အတွက်ကြောင့် မြန်မြန်ပြီးအောင်လုပ်တတ်ပါတယ်။ ဒါပေမဲ့ အလုပ်လုပ်တာကတော့ အင်မတန်တော်ပါတယ်။


ကျွန်မဘုရားရှိခိုးတိုင်းမှာ ဆွမ်းတော်တင်တဲ့နေရာ ဆီမီးပန်းရေချမ်းကပ်တဲ့နေရာတွေ အကုန်လုံးကြည်လင် တောက်ပ ပြောင်လက်နေအောင် သန့်ရှင်းပေးထားတဲ့ သူ့ကိုကျေးဇူးတင်လို့ အမြဲ မေတ္တာပို့ပေးပါတယ်။


သူလုပ်ပေးတာ ကောင်းလိုက်တာ စိတ်ကြည်ကြည်လင်လင်လေးနဲ့ ဘုရားအာရုံပြုလို့ ရတာသူ့ကျေးဇူးတွေပဲလို့ ဖြစ်မိပါတယ်။ သူ့ကိုလည်းပြောပြပါတယ်။ ဘုရားခန်းကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ ကိုယ်တိုင်လည်း အမှုမဲ့ အမှတ်မဲ့မဟုတ်ဘဲ တကယ့်သက်ရှိထင်ရှားဘုရားရှင် သီတင်းသုံးတဲ့ နေရာကို သန့်ရှင်းလုပ်ပေးနေတဲ့ ကုသိုလ်ကို ငါယူ​နေတာပါလား ဆိုတဲ့စိတ်နဲ့ လုပ်ပါလို့ သတိပေးမိပါတယ်။


တစ်ခါတစ်လေကျတော့ ကျွန်မအတွက် သူကဆွမ်းပွဲပြင်ပေးတာတွေ ပန်းထိုးပေးတာတွေအဆင်သင့်လုပ်ထားတတ်ပါသေးတယ်။ အဲဒီအခါကျရင် တစ်ခါတည်း ဆွမ်းကပ်ခဲ့ ပန်းကပ်ခဲ့ဖို့ မှာရပါတယ်။


ကုသိုလ်ရဲ့အရင်းအမြစ်ဆိုတာစေတနာပါပဲ။ စေတနာဆိုတာကလည်း စိတ်ကနေလာပါတယ်။ ဒါကြောင့် ဘုရားသွားမှာကုသိုလ်ရတယ်လို့ထင်နေကြသူများ ဘယ်ကိုမှအဝေးကြီးသွားစရာမလိုပါဘူး။


အိမ်မှာ ကုသိုလ်ရနိုင်တာတွေကိုက အများကြီးပါပဲ။ မိသားစုအချင်းချင်း မောင်နှမအချင်းချင်း စိတ်မဆင်းရဲစေရအောင် သတိထားပြီး အကြည်ဓာတ်နဲ့ ဆက်ဆံပြောဆိုတာကလည်းကုသိုလ်ပါပဲ။ အိမ်မှာမွေးထားတဲ့ သတ္တဝါလေးတွေအပေါ်မှာ သနားကြင်နာစွာပြုစုစောင့်ရှောက် ကျွေးမွေးခြင်းဟာလည်း ကုသိုလ်ပါပဲ။


ဒီအချိန်မှာ ကုသိုလ်တွေကိုများများပိုပြီးလုပ်ရ​တော့မှာပါ။ ကျွန်မကတော့ အခုနောက်ပိုင်းမှာ စာကိုလည်းပုံမှန်ရေးဖြစ်ပါတယ်။ ကိုယ့်ရဲ့စာကိုဖတ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ အကုသိုလ်စိတ် အပူစိတ် မဖြစ်စေလိုတဲ့ စေတနာဆန္ဒမျိုးအမှန်တကယ်ပဲ ရှိနေခဲ့ပါတယ်။


ကုသိုလ်များနဲ့ လှပသော နေ့တစ်နေ့ ဖြစ်ပါစေ။


မွန်ဟော်စီ

၂၀၂၀ စက်တင်ဘာ

 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page