Minimalism နဲ့ ပစ္စည်းများ စုရှင်းခြင်း အတွေ့အကြုံ
- Oct 2
- 1 min read

ညီမလေးတစ်ယောက် ရေးတဲ့စာတစ်ပုဒ်ထဲမှာ ဖတ်ခဲ့ရဖူးပါတယ်။ အမေရိကန်မိသားစုတွေ နေထိုင်တဲ့အိမ်တစ်အိမ်မှာ လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ဝယ်ယူထားတတ်ကြတဲ့ပစ္စည်းအမျိုးအမည်ပေါင်း သုံးသိန်းလောက် ရှိနေတတ်ကြတယ်ဆိုတာလေးကို မှတ်ထားခဲ့ဖူးပါတယ်။
ကိုယ်တိုင် လိုက်ပြီး မရေတွက်ဖူးတဲ့အတွက်ကြောင့် တကယ် ဟုတ် မဟုတ်တော့ မသိပေမယ့် ဖြစ်နိုင်တယ်လို့တော့ အမြင်အားဖြင့်သုံးသပ်မိပါတယ်။
အမေရိကားမှာ အကြွေးရလို့ဝယ်တယ်။ အပိုပေးလို့ဝယ်တယ်။ နှစ်ခုဝယ်ရင်တစ်ခုအပိုရလို့ဝယ်တယ်။ စျေးချတဲ့အတွက်ကြောင့်ဝယ်တယ်။ တန်လို့ဝယ်တယ်။ ကြိုက်လို့ဝယ်တယ် စသည်ဖြင့် သူတို့အိမ်တွေမှာ ပစ္စည်းတွေတောင်လိုပုံနေတတ်ကြပါတယ်။
လူတိုင်းတော့မဟုတ်ဘူးပေါ့။ အခုနောက်ပိုင်းတော့ သူတို့ဆီမှာလည်း Minimalist Lifestyle ခေတ်စားလာကြတယ်။ အိမ်ထဲမှာ ပစ္စည်းတွေ အများကြီးပြည့်လျှံနေတာထက် ရှင်းရှင်းလင်းလင်း နေလာတတ်ကြတာကိုတွေ့ရတယ်။ စိတ်လည်းရှင်း နေရတာလည်းရှင်း ကြည့်လိုက်ရတာနဲ့တင် ရှင်းပြီး လင်းချင်းနေတယ်။
Cottage လို့ခေါ်တဲ့ တစ်ကိုယ်စာ အိမ်သေးသေးကလေးနဲ့တစ်ယောက်တည်းနေတဲ့ အမေရိကန်မိတ်ဆွေတစ်ဦးကို ထိုင်းနိုင်ငံကလုပ်တဲ့ လက်မှုသစ်သား စားပွဲတင်မီးအိမ်ကလေး လက်ဆောင်ပေးတဲ့အခါမှာ သူက "ဟေ့.. ငါကတော့..ဒီမီးအိမ်ကလေးတင်ဖို့စားပွဲလေးတစ်လုံးလိုပြန်ပြီ အဟောင်းစျေးမှာသွားရှာရတော့မှာပဲလို့ဆိုပါတယ်။
နောက်တစ်ခါ ကျွန်မတို့ သူ့အိမ်ကိုသွားတော့ တကယ်ပဲ သစ်သားသေတ္တာဟောင်းကလေးကို စားပွဲအဖြစ်သုံးပြုထားပြီး မီးအိမ်ကလေးကိုတင်ထားတာတွေ့ရပါတယ်။ သူက ကျွန်မကို တွေ့လား။ နင်က ဒီဟာလေးလက်ဆောင်ပေးတော့ ဒါလေးတင်ဖို့ ငါ့အိမ်ထဲမှာ ပစ္စည်းတစ်ခုထပ်တိုးလာရပြီ။ ပြီးတော့ ဒီစားပွဲပေါ်မှာ ဒီမီးအိမ်တင်မကဘူး စာအုပ်တွေလည်း ငါ တင်လိုက်မိတယ်။ ဟိုဟာတင်လိုက် သည်ဟာတင်လိုက်နဲ့ စားပွဲပေါ်မှာတင် ပစ္စည်းက တစ်ဆယ်နဲ့သုံးမျိုးလောက်ဖြစ်သွားပြီလို့ဆိုပါတယ်။
သူပြောတာ သဘောကျမိတယ်။ ကျွန်မ စာရေးခန်းထဲက ခုံက အတော်ဟောင်းနေတာနဲ့ တလောက ခုံလေးတစ်ခုံ ဝယ်ရရင် ကောင်းမှာပဲလို့ စဥ်းစားမိပါတယ်။ အမြင်သာဟောင်းပေမဲ့ အသုံးဝင်မှုရှိသေးတယ်။ ထိုင်လို့ရသေးတဲ့ ခုံပါပဲ။
ဒီလိုဝယ်ဖို့ကျွန်မစဉ်းစားတဲ့အခါ မှီအုံးလေးလည်း မှီဖို့လိုချင်သေးတာပဲ။ အစွပ်လှလှလေးတွေလည်း တမျိုးလျှော်ထားရင် တစ်မျိုးသုံးလို့ရအောင် နှစ်မျိုးလောက်တော့လိုချင်တယ်။
သူ့အောက်မှာ ကော်ဇောလေးတစ်ခုထားရင်ရရင်လည်း ကောင်းမှာပဲ စသည်ဖြင့် ထိုင်ခုံတစ်ခု ကောက်ဝယ်လိုက်ရုံနဲ့ဇာတ်လမ်းကပြီးမသွားတော့ပါဘူး။
ဒါကြောင့် အဲဒီခုံကို ကျွန်မ ခုထိမဝယ်သေးဘဲ ရှိနေတဲ့ခုံအဟောင်းကို ဘယ်သူ့ပေးပစ်ရပါမလဲ။ ဘာလုပ်လိုက်ရမလဲ။ ဘယ်နားထားရမလဲ ဆိုတာကို အရင်စဉ်းစားနေရပါတယ်။
ဘယ်ပစ္စည်းမဆို အိမ်ထဲရောက်လာပြီဆိုရင် ဒီအတိုင်းပစ်ထားလို့လည်းမရဘူး။ ဖုန်သုတ်ရတယ်။ သန့်ရှင်းရေးလုပ်ရတယ်။ ထိမိခိုက်မိနဲ့ ကွဲတော့မှာပဲ စိတ်ပူရတယ်။ ကွဲသွားရင်လည်း ဝမ်းနည်းရတယ်။ ရှိတော့ ပင်ပန်းနေရတာပေါ့။
အခုတော့ ပစ္စည်းတွေသိပ်မလိုချင်တော့ဘူး။ တစ်ခုခုအသစ်ဝယ်ဖို့ဆိုရင် ရှိနေပြီသားအဟောင်းကို ဘာလုပ်လို့ရမလဲဆိုတာကို အရင်စဉ်းစားတတ်လာတယ်။
အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုအကုန်လုံးရှင်းထုတ်ဖြစ်တယ်။ အိမ်ရှင်းရင်စိတ်လည်းရှင်းသွားတတ်ပါတယ်။ အနှစ်နှစ်အကာလက စုဆောင်းလာခဲ့တဲ့ပစ္စည်းတွေများပြားလွန်းတော့လည်း တစ်ရက်တည်း တစ်ပတ်တည်း ရှင်းရုံနဲ့ အကုန်လုံးရှင်းလင်းမသွားပါဘူး။
အခုတော့ တစ်ပတ်ကိုတစ်ရက်လောက်အိမ်ရှင်းတယ်။ တစ်ချိန် လိုချင်လိုမှာပေါ့ဆိုပြီး မပစ်ရက်ဘဲ ချောင်ထိုးထည့်ပြီး သိမ်းထားတဲ့ပစ္စည်းတွေ အများကြီးထွက်လာတာကိုတွေ့ရတယ်။
ဒီပစ္စည်းတွေ အပုံလိုက်ကြီးကိုတွေ့ရတော့ ဒါတွေအတွက် အချိန်တွေ အများကြီးအကုန်ခံခဲ့တယ်။ Energy တွေအများကြီးအကုန်ခံခဲ့တယ်။ ငွေတွေများကြီးအကုန်ခံခဲ့တယ်ဆိုတာ သဘောပေါက်လာမိတယ်။ ကုန်သွားတဲ့အရာတွေကိုနှမျောသလို ဖြစ်လာတယ်။
အခုအချိန်မှာပြန်ကြည့်တော့ ဘာ Attachment မှမရှိတော့ပါဘူး။
Slow Living ဆိုတာက Minimalism နဲ့ အများကြီးဆက်စပ်မှုရှိပါတယ်။ မရှိလေကောင်းလေ နည်းလေကောင်းလေ Less is more ဆိုပေမဲ့ ရှိတဲ့ပစ္စည်းတွေအကုန်လုံးကို ပေးပစ်လွှင့်ပစ်ရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။
Minimalism ဆိုတာဟာ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ပစ္စည်းတွေ အမှတ်တရတန်ဖိုးထားရတဲ့ပစ္စည်းတွေကလွဲလို့ ကိုယ့်ဆီမှာ မလိုအပ်တဲ့အရာတွေကို စွန့်ပစ်ရှင်းလင်းစွာထားတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။
ကိုယ့်အတွက် အသုံးဝင်မှုလည်းမရှိ အသုံးလည်းမလိုသေး ပျော်ရွှင်မှုတစ်စုံတရာလည်းမပေးတော့တဲ့ ပစ္စည်းတွေကို လိုချင်ရုံသက်သက်နဲ့မသိမ်းထားမိတာကို Minimization လုပ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၁ စက်တင်ဘာ



Comments