ပျော်ရွှင်မှုက မနာလိုမှုကိုကုစားတတ်တယ်
- Jul 17
- 1 min read

တစ်ရက်က ကျွန်မ ပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်လာတယ်။ သွားတဲ့ကိစ္စအဆင်ပြေတယ်။ ပြောတာဆိုတာတွေအောင်မြင်တယ်။ ပျော်စရာကောင်းတဲ့သူနဲ့တွေ့ရတယ်။ အဲတော့ စိတ်ထဲမှာကြည်လာတယ်။ အိမ်ပြန်လာတဲ့လမ်းတလျှောက် သီချင်းနားထောင်ရင်း လိုက်တောင်ဆိုလာခဲ့သေးတယ်။ တစ်နေရာရောက်တော့ ကားတစ်စီးက ကကျိုးကကြောင်လုပ်တယ်။ ပြီးတော့ သူကပဲ တစ်ပြန်ကြီး ကိုယ့်ကို ဘုကြည့်တွေဘာတွေကြည့်လို့။
အဲဒါကိုမြင်တော့ ကျွန်မ ရယ်လိုက်မိတယ်။ တကယ့်ကိုသဘောကျလို့ရယ်တာပါ။ အဲဒီအချိန်မှာ ကျွန်မစိတ်ဆိုးမနေပါဘူး။ သူ့နားကဖြတ်သွားရင်း Sorry တွေဘာတွေတောင် ပြောလိုက်သေးတယ်။ သူအံ့သြသွားမလားတော့မသိဘူး။ ကိုယ်ကတော့ ရယ်ရယ်မောမောပဲ ထွက်လာခဲ့တယ်ဆိုပါတော့။
ကိုယ့်လမ်းကိုယ်ဆက်သွားရင်း စဉ်းစားမိတယ်။ ..စိတ်ထဲမှာ တော်တော်ပျော်နေတာပဲ။ စိတ်ထဲမှာတော်တော်ကြည်လင်ရွှင်လန်းနေတာပဲ။ ဒါကြောင့် ကိုယ့်ကို အလကား နေရင်းထိုင်ရင်း ဆောင့်အောင့်သွားတဲ့သူကိုတောင် အကြည်ဓာတ်နဲ့ခွင့်လွှတ်လိုက်နိုင်တယ်။ အရယ်အပြုံးတောင်မပျက်ခဲ့ဘူးလို့တွေးမိတာပါ။
ကိုယ်ဟာလည်း သာမန်လူသားတစ်ယောက်မို့ ဒီလိုအကြည်ဓာတ်နဲ့ အမြဲနေနိုင်တယ်တော့မဟုတ်ပါဘူး။ ကြိုးစားနေရတုန်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာသဘောပေါက်မိတာက စိတ်ရဲ့အကြည်ဓာတ်တွေဟာ ပတ်ဝန်းကျင်ကိုလည်း ဖိတ်စင်ကျလာတတ်တယ်ဆိုတာပါ။ ဒါက ဒီနေရာမှာလက်တွေ့ပါ။ အမှောင်ဓာတ်တွေဆိုတာလည်း ဒီလိုသဘောအတိုင်းပါပဲနော်။
အဲဒီအချိန်မှာ စကားတစ်ခုကိုသတိရလိုက်မိတယ်။ ပျော်နေတဲ့သူတွေဟာ တခြားသူတွေကို စိတ်ညစ်အောင်မလုပ်နိုင်ကြပါဘူး။ မပျော်အောင် မလုပ်နိုင်ကြပါဘူး။
တစ်စုံတစ်ယောက်ကို မပျော်အောင်လုပ်ဖို့ဆိုတာက စိတ်ထဲမှာ ဖြစ်တည်လာရတဲ့အကြောင်းတရားတွေ အများကြီးရှိတယ်။ အဲဒါတွေကတော့ ဒေါသ၊ မာန၊ အတ္တ မကျေနပ်ချက်တွေ၊အမုန်းတရားတွေ ..ဖြစ်ပါတယ်။ အဲဒီလိုအရာတွေကို နှလုံးသားထဲမှာ ဖန်တီးသိမ်းဆည်းထားရတယ်။ သိုမှီးထားရတယ်။ တကယ်တော့ ကိုယ့်ရဲ့နှလုံးသားလေးက ဒဏ်ရာရနေတာပါ။ အဲလိုဒဏ်ရာတွေကို စုထားတော့မှသာ သူများကို တိုက်ခိုက်လို့ရတယ်။ ထိုးနှက်လို့ရတယ်။ မကျေနပ်လို့ရတယ်။ မုန်းလို့ရတယ်။ လက်စားချေလို့ရတယ်။
အဲဒီဒဏ်ရာတွေက ကုစားသက်သာလာတယ်ဆိုတဲ့အခါမှာ တော်ရုံတန်ရုံ စိတ်ကို အထိခိုက်မခံတော့ဘူး။ ခွင့်လွှတ်တယ်ဆိုတာထက် Let Go လုပ်တယ်။ လက်လွှတ်နိုင်တယ်လို့ပြောရင် ပိုမှန်မယ်လို့ထင်ပါတယ်။
တကယ်ပျော်ရွှင်တဲ့လူဟာ သူတပါးကို ဒုက္ခမပေးပါဘူး။ငြိမ်းချမ်းတဲ့ နှလုံးသားဟာ တခြားသူကို နှောင့်ယှက်ဖို့ အကြောင်းမရှာပါဘူး။စိတ်ရဲ့အတွင်းပိုင်းမှာ ကျေနပ်ရောင့်ရဲနေတဲ့သူတစ်ယောက်ဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို နာကျင်စေမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ မလိုအပ်တဲ့အပိုစာသားခံစားချက်တွေ Drama တွေဖြစ်စေချင်တဲ့ ဆန္ဒမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ သူများကိုလည်း သံသယမဖြစ်တတ်ပါဘူး။ သူတို့ရဲ့ပျော်ရွှင်မှုက သူတို့ကို ပျော့ပျောင်းစေတယ်၊ နူးညံ့စေပြီးသားဖြစ်တယ်။
တစ်စုံတစ်ယောက်က ကိုယ့်ကို နှိမ့်ချတယ်၊ ခြယ်လှယ်တယ်၊ Energy Drain စေတယ်၊ အားအင်ယုတ်လျော့စေတယ်ဆိုရင် အဲဒီလူဟာ ပျော်ရွှင်နေတဲ့သူမဟုတ်ပါဘူး။ သူတို့ရဲ့စိတ်အတွင်းထဲမှာ အတည်မပြုနိုင်တဲ့၊မလုံခြုံတဲ့၊မဖြေရှင်းရသေးတဲ့စိတ်ဒဏ်ရာတစ်ခုက နာကျင်ကိုက်ခဲနေသေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဘဝမှာ ပြည့်စုံတဲ့သူတွေက မနာလိုစရာအကြောင်းမရှိပါဘူး။ ပျော်ရွှင်တဲ့လူတွေကလည်း သူများနဲ့ယှဥ်ပြိုင်မနေပါဘူး။ သူတို့အလင်းရောင်နဲ့သူတို့ တောက်ပနိုင်တယ်။ ကြည်လင်နိုင်တယ်။ ရွှင်လန်းနိုင်တယ်။ ကိုယ့်ဘေးနားမှာ ဘယ်သူလာရပ်ရပ် သိမ်ငယ်မှုကိုမခံစားရဘူး။ ကိုယ့်ရဲ့ Power နဲ့ အခွင့်အာဏာ ကြီးမားမှုကို သက်သေပြဖို့အတွက် တစ်ယောက်ယောက်ကို ထိန်းချုပ်ဖို့၊စိုးမိုးဖို့၊လွှမ်းမိုးဖို့ လိုအပ်တယ်လို့မခံစားရဘူး။
သူတို့က စိတ်လုံခြုံမှုအပြည့်အဝရှိကြတယ်။ ကိုယ့်တန်ဖိုးကို ကိုယ်သိတယ်။ ဒါကြောင့် တခြားသူကိုလည်း ဂုဏ်ပြုနိုင်တယ်။ ခွင့်လွှတ်နိုင်တယ်။ ချီးမြှောက်ပေးနိုင်တယ်။ လက်ခုပ်တီးပေးနိုင်တယ်။ ပျော်ပေးနိုင်တယ်။
ဘဝမှာ လူတွေကတော့ ပုံစံအမျိုးစုံနဲ့ ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ တကယ်လို့များ တစ်စုံတစ်ယောက်က ကိုယ့်ကိုသိမ်ငယ်စေတဲ့အခါ၊ ကိုယ့်အလင်းရောင်ကို မှိန်သွားဖို့ကြိုးစားတဲ့အခါ၊ ကိုယ့်ကို ရှိတဲ့နေရာကနေ ရိုက်ချဖို့၊ သုတ်သင်ရှင်းလင်းဖို့ အားထုတ်တဲ့အခါ ကြောက်မသွားပါနဲ့။ လဲပြိုမသွားပါနဲ့။ တုန်လှုပ်မသွားပါနဲ့။ သူတို့ရဲ့လုပ်ရပ်၊သူတို့ရဲ့အသံဟာ ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့ အလင်းရောင်ကို သတ်မှတ်နိုင်ခြင်းမရှိပါဘူး။
အဲဒီလိုအချိန်တွေမှာ နောက်ပြန်ဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။.. ဒါဟာ ကိုယ်နဲ့မဆိုင်ဘူး။ ဒါက သူတို့အတွင်းကလာတဲ့ဒဏ်ရာတွေကို ပုံစံတစ်မျိုးနဲ့ ဖော်ထုတ်နေတာပဲ။ သူတို့ရဲ့အမှိုက်ကို ပစ်စရာနေရာမရှိလို့ ကိုယ့်ခေါင်းပေါ် လာပုံနေတာပဲ...လို့တွေးကြည့်စေချင်တယ်။
လူတွေမှာ စိတ်ရဲ့ဒဏ်ရာတွေဟာ အင်မတန်များပြားကြပါတယ်။ သနားစရာကောင်းလောက်အောင် စိတ်ရဲ့ဒဏ်ရာတွေကို ကိုယ်စီကိုယ်စီ ထမ်းပိုးထားကြရတာပါ။
ဒါကြောင့်တစ်စုံတစ်ယောက်ရဲ့နာကျင်မှုတွေကို ကိုယ်က စုပ်ယူပေးဖို့မလိုဘူး။ ဝင်ထမ်းပေးလို့လည်းမရဘူး။ ကိုယ့်ရဲ့အလင်းကိုပဲ တောက်ပအောင် ကြိုးစားရမှာပါ။ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့အလင်းကို မမြင်သေးတဲ့သူတွေကို သက်သေပြနေစရာမလိုဘူး။ ရှင်းပြနေစရာမလိုဘူး။ အဲဒီအစား ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကို ရွေးချယ်ပါ။ ကိုယ့်ကိုယ်ကိုယ် နားလည်မှုကိုရွေးချယ်ပါ။ ကိုယ့်ရဲ့လွတ်မြောက်မှုကိုပဲ ကိုယ်ရွေးချယ်ပါ။
ကိုယ့်ရဲ့ဘေးမှာ ဝန်းရံထားဖို့ ပျော်နေတဲ့သူတွေကိုရှာပါ။ ချစ်ခြင်းမေတ္တာမှာ၊ ခင်မင်ရင်းနှီးမှုမှာ လုံခြုံတယ်လို့ ခံစားရချင်ရင် ပျော်ရွှင်နေသူတွေကို ကိုယ်တိုင်ရှာပါ။ အဲဒီလိုလူမျိုးဟာ ကိုယ့်ရဲ့အနားမှာ တစ်ယောက်တည်းရှိနေပါစေ..၊သူဟာ တခြားသူတွေနဲ့မတူဘူး။ ကိုယ့်အတွက် စိတ်ချစွာ ဆိုက်ကပ်ရပ်နားလို့ရတဲ့ ဆိပ်ကမ်းတစ်ခုလိုဖြစ်နေမှာပါ။
ကိုယ်တိုင်လည်းပျော်အောင်နေပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် မေတ္တာပေးခြင်းလည်းဖြစ်တယ်။ဒဏ်ရာတွေကို ကုစားပါ။ စိတ်ထဲမှာ ဒဏ်ရာတွေမကျန်အောင်နေလိုက်ပါ။
အဲဒါက တကယ့်ခွန်အားပါ။
အဲဒါ အချစ်စစ်ပါ။
အဲဒါ ပျော်ရွှင်မှုပါ။
မွန်ဟော်စီ
၂၀၂၅