top of page
Search

အပင်လေးတွေက ပြောနေတဲ့ ချစ်ခြင်းမေတ္တာ

  • Nov 13, 2025
  • 2 min read
A tranquil landscape with a lone tree in a sunlit green field under a clear blue sky. Text in a foreign script and "Mon Halsey" are visible.

အိမ်မှာ အခန်းထဲအလှထားတဲ့ Indoor Plant လေးတွေ ရှိပါတယ်။ အဲဒီအပင်လေးတွေထဲကမှ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာအရ ချိတ်ဆက်မှုရှိတဲ့ အပင်လေးနှစ်ပင်ကတော့ မှတ်မှတ်ရရပေါ့။


နွယ်ပင်လေးတစ်ပင်က သူငယ်ချင်းတစ်ယောက်ဆီက လက်ဆောင်ရတယ်။ အဲဒီအပင်ကို သူကလည်းတော်တော်ကြိုက်တယ်။ သူစိုက်ထားတဲ့အပင်လေးကို ကျွန်မအတွက်ခွဲပြီး မျိုးပွားပေးတာပေါ့။ အပင်ပေးခါစကတော့ သူ့အပင်အခြေအနေဘယ်လိုရှိလဲလို့ မေးရတာကလည်းအမောပါပဲ။ ဒါကြောင့် ကျွန်မကလည်း အပင်ကို အမြဲသတိတရနဲ့ရေလဲပေးတာ၊ နေပူတဲ့အချိန်နေရောင်ပြပေးတာ အစရှိသဖြင့် သေချာဂရုစိုက်ပေးဖြစ်ပါတယ်။ တစ်ပတ်နှစ်ပတ်အတွင်းမှာပဲ အရွက်အသစ်ကလေးတွေထွက်လာတယ်။ Grow ဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူလည်းအပင်အကြောင်းသတိတရနဲ့မမေးတော့ပါဘူး။ ကျွန်မလည်း အရင်လောက် သူ့ကိုမကြည့်ဖြစ်တော့ပါဘူး။


တစ်ရက်က စားပွဲပေါ် တိတ်ဆိတ်စွာ ရှင်သန်နေတဲ့အပင်လေးကိုကြည့်ပြီးတော့ ဒီအပင်လေးဟာ ၅လလောက်အတွင်းမှာ လုံးဝဆက်ကြီးမလာတော့ဘဲ ရှိနေတာကိုတွေ့လိုက်ရတယ်။ စိတ်ထဲမကောင်းဖြစ်သွားမိတယ်။ သူဟာဂရုစိုက်မှုလိုနေတယ်။ အာရုံစိုက်မှုလိုနေတယ်။ချစ်ခြင်းမေတ္တာလိုနေတယ်။ သူ့ကိုပစ်ထားသလိုဖြစ်ခဲ့မိတယ်။ ကျွန်မသူ့ကိုမမြင်ခဲ့ဘူး။

နောက်အပင်တစ်ပင်ကတော့ ကျွန်မအမျိုးသားနောက်ဆုံးစိုက်ခဲ့တဲ့အပင်လေးပါပဲ။ သူ့လက်နဲ့ထိခဲ့ပြီး ရှင်သန်နေသေးတဲ့ သက်ရှိအပင်လေးတစ်ပင်အဖြစ် ကျွန်မတန်ဖိုးထားပါတယ်။ ဒါကြောင့် အမြဲ ဂရုစိုက်ပေးဖြစ်တယ်။ မကြာခဏ သွားကြည့်မိတယ်။ ကျွန်မသူ့ကိုမြင်တယ်လေ။ အခုသူဆုံးပြီး နှစ်နှစ်အတွင်းမှာ အပင်က အုံလိုက်ကြီးဖြစ်လာပါတယ်။ ဒီအပင်လေးကတော့..ချစ်ခြင်းမေတ္တာဆိုတာ အနားမှာ လူအကောင်လိုက်ရှိနေမှမဟုတ်ဘဲ လက်ခံသူ၊ပြန်လည်မျှဝေပေးသူ၊ဂရုစိုက်ပေးသူ၊စောင့်ရှောက်ပေးသူတွေရှိတယ်ဆိုရင် အရာရာကို ရှင်သန်နေစေတယ်ဆိုတာ သတိပေးနေသလိုပါပဲ။

(Avatar) ရုပ်ရှင်ကို ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ အဲဒီဇာတ်ကားထဲမှာ ပန်ဒိုရာကျွန်းပေါ်က Na’vi လူမျိုးတွေဟာ “ငါ မင်းကို ချစ်တယ်” ဆိုတဲ့စကားကို မပြောကြဘူး။ သူတို့ပြောတဲ့စကားက “ငါ မင်းကို မြင်တယ်” တဲ့။ I love you လို့ မပြောဘဲ I see you လို့ပြောတာပါ။ တကယ်တော့ “မြင်တယ်” ဆိုတာ မျက်စိနဲ့ မြင်တာထက် ပိုနက်နဲတယ်။ ပိုသန့်စင်တယ်။

I see you ဆိုတာ ဘာလဲ။

မျက်နှာကို မြင်တာ၊ အပြုအမူကို မြင်တာ၊ ပြောဆိုချက်ကို မြင်တာထက် ပိုပါတယ်။တစ်စုံတစ်ယောက်ရဲ့အတွင်းပိုင်းကို နှလုံးသားနဲ့ မြင်တာပါ။


သူ့ရဲ့ နာကျင်မှုတွေကို မြင်တယ်။

သူ့ရဲ့ ကြိုးစားမှုတွေကို မြင်တယ်။

သူ့ရဲ့ အားသာချက်တွေကို မြင်တယ်။

သူ့ရဲ့ အားနည်းချက်တွေကိုလည်း မြင်တယ်။

လူတွေက များသောအားဖြင့် အပြင်ပန်းကိုပဲ ကြည့်ကြတာများတယ်။ ဘာဝတ်ထားလဲ၊ ဘယ်လိုပြောလဲ၊ ဘယ်လိုပြုမူလဲဆိုတာကိုပဲ ဆုံးဖြတ်တတ်ကြတယ်။

ဒါပေမဲ့ “မြင်တယ်” ဆိုတာက စိတ်အတွင်းပိုင်းမှာ ဘာဖြစ်နေလဲဆိုတာကို နားလည်ဖို့ ကြိုးစားတာပါ။ နာကျင်မှုကို သူတစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူးလို့ ပြောပြချင်တာပါ။

“ငါ မင်းကို မြင်တယ် I see you” ဆိုတာဟာ သူ့ကို လက်ခံတာပါ။သူ့မှာ ကိုယ်မကြိုက်တဲ့အရာ၊ကိုယ်နဲ့ မကိုက်ညီတဲ့အရာတွေရှိလည်း သူ့အရှိအတိုင်း လက်ခံပေးလိုက်တာပါ။

ကိုယ်နဲ့အရင်းအနှီးဆုံးချိတ်ဆက်နေမိတတ်ကြတဲ့ မိသားစုဝင်တွေ၊ မောင်နှမတွေ၊ သားသမီးတွေ၊ မိဘတွေ၊ ချစ်သူအိမ်ထောင်ဖက်တွေ၊သူငယ်ချင်းတွေအပေါ်မှာ ပါးစပ်က ချစ်တယ်၊ အရမ်းချစ်တယ်လို့ပြောနေပေမယ့် တကယ်တမ်းမှာ သူတို့ကို အရှိအတိုင်း မမြင်နိုင်ကြတာ၊မမြင်တတ်ကြတာတွေအများကြီးရှိတယ်။

တစ်ယောက်ကို တစ်ယောက် ပြောင်းလဲဖို့ ကြိုးစားကြတယ်။ ကိုယ့်စိတ်ထဲက ပုံဖော်ထားတဲ့ပုံရိပ်တစ်ခုလိုဖြစ်လာအောင် သူ့ကိုဖိအားပေးတတ်ကြတယ်။ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို သူ့ခေါင်းပေါ် ပစ်တင်ကြတယ်။

ဒါပေမဲ့ အဲဒီအရာတွေကို သူ့အနေနဲ့မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မစွမ်းဆောင်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

“မြင်တယ်” ဆိုတာက သူ့ကို သူ့အတိုင်း လက်ခံတာပါ။ ပြောင်းဖို့ မတောင်းဆိုဘူး။

စိတ်ကူးထဲက ပုံစံအတိုင်း ပုံမဖော်ခိုင်းဘူး။

“နင်ဘာလို့ ဒီလိုလုပ်တာလဲ”

“နင်ဘာလို့ ဒီလိုပြောတာလဲ”

“နင် မှားနေတယ်” ဆိုတဲ့ စကားတွေဟာ သူ့ကို မြင်တာမဟုတ်ဘူး။ ဒါက တရားစီရင်နေတာပါ။ အပစ်တင်နေတာပါ။ နင်ဒီလိုလုပ်သင့်တာပေါ့။ ဒီလိုဖြစ်သင့်တာပေါ့လို့ ပြောနေတာဟာ အခု ..နင်ဖြစ်နေတာက မကောင်းဘူး။ မဖြစ်သင့်ဘူးလို့ တစ်ဖက်လှည့်နဲ့ပြောနေတာမျိုးပါပဲ။

“မြင်တယ်” ဆိုတာက သူ့ အကြောင်းကို နားလည်ဖို့ ကြိုးစားတာပါ။မင်းဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာကို နှလုံးသားနဲ့ နားထောင်ပေးလိုက်တာပါ။


သူ့ကို သူ့အတိုင်း မြင်တဲ့အခါ


သူ့ရဲ့ အလင်းကိုလည်းမြင်တယ်။
သူ့ရဲ့ အမှောင်ကိုလည်း မြင်တယ်။
သူဖြတ်သန်းနေရတဲ့ အတွေ့အကြုံတွေအားလုံးကို မြင်တယ်။ သူ့ရဲ့ အားသာချက်တွေကို ချစ်တယ်။ အားနည်းချက်တွေကိုလည်း ချစ်တယ်။

လူတစ်ယောက်ဟာ ဂရုစိုက်ခံရတယ်။သူ့ကိုမြင်တယ်လို့ခံစားရရင် ပိုပြီး ပျော်ရွှင်လာတတ်ပါတယ်။တန်ဖိုးထားခံရတဲ့အခါ ယုံကြည်မှု ပိုမိုရရှိပါတယ်။အချစ်ခံရတယ်ဆိုရင်နှလုံးသားက တောက်ပလင်းထိန်လာတတ်ပါတယ်။ဒါဟာ သဘာဝဖြစ်ပါတယ်။


လူသားဆိုတာ သစ်ပင်လေးတစ်ပင်နဲ့ သိပ်မကွာပါဘူး။ အပင်တွေဟာ ရေပေး၊ နေပေး၊ မြေဩဇာပေးမှ ပေါက်ပွားပြီး အပွင့်အသီးတွေ ထွက်လာနိုင်သလိုပဲ လူတစ်ယောက်ဟာလည်း ဂရုစိုက်မှု၊ နားလည်မှု၊ တန်ဖိုးထားမှုတွေ ရမှသာ သူ့စိတ်အတွင်းထဲက အလင်းရောင် ထွက်လာတာပါ။


ဒီနေ့မှာ တစ်ယောက်ယောက်ကို စိတ်ရင်းနဲ့ I see you လို့ ပြောကြည့်ပါ။


ဒီစကားလေးက ကျွန်မတို့ရဲ့ နှလုံးသားကို ဖွင့်ပေးလိမ့်မယ်။အခြားသူရဲ့ နှလုံးသားကိုလည်း ဖွင့်ပေးပါလိမ့်မယ်။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


  • Facebook
  • Youtube
bottom of page