top of page
Search

ဓာတ်ပုံတစ်ပုံက သက်တမ်းတစ်ခုပေါ်ပြူလာစေတဲ့အခါ

  • Aug 5
  • 2 min read
Dimly lit alley with a lone figure walking. Warm streetlights illuminate buildings. Text in the foreground. Mood is serene and contemplative.

အိမ်မှာ သိပ်ကြိုက်တဲ့ ဓာတ်ပုံတစ်ပုံရှိပါတယ်။ ကျွန်မတို့ လင်မယားနှစ်ယောက် အားရပါးရ ရယ်နေကြတဲ့ပုံပါ။ သူက ကျွန်မ ပခုံးပေါ်လက်တင်ထားခဲ့တယ်။ ရိုက်တဲ့နေရာက ငွေဆောင်မှာ အချိန်က မနက် နေထွက်စအချိန်။ဟိုတယ်ကနေ ကမ်းခြေဘက် လမ်းလျှောက်ထွက်ခဲ့ကြတယ်။ ရေလှိုင်းပုတ်သံလေး တငြိမ့်ငြိမ့်နဲ့ စိတ်အကြည်လင်ဆုံး မနက်ခင်းအချိန်မှာပါပဲ။


ကိုယ်တွေနဲ့မျက်နှာချင်းဆိုင်ကနေ ပြေးလာတဲ့ မိတ်ဆွေ အမျိုးသားနဲ့ ဆုံတဲ့အခိုက် သူက သူ့လက်ထဲမှာပါလာတဲ့ ကင်မရာနဲ့ မပြောမဆို ဓါတ်ပုံလေးတစ်ပုံ နှစ်ပုံရိုက်လိုက်ပါတယ်။


နောက် လအနည်းငယ်ကြာတော့ ကျွန်မကို စာရွက်အညိုနဲ့ပတ်ထားတဲ့ လက်ဆောင်တစ်ခု သူ လာပေးတယ်။ ဖွင့်ကြည့်လိုက်တော့ ငွေဆောင်မှာ သူရိုက်ခဲ့တဲ့ ဓာတ်ပုံလေးကို အကြီးချဲ့ပြီး ဘောင်သွင်းထားတာလေးပါ။


ဓာတ်ပုံက ကောင်းတယ်။ Focus ပြတ်တယ်လို့ သူကပြောတယ်။ သူ့စကားလေးကိုမှတ်မိနေတယ်​။ အနီးကပ် ချိန်ရိုက်ထားတဲ့လူပုံတွေက ပြတ်သားကြည်လင်ပြီး ကြွတက်နေတယ်။ နောက်ခံ ပင်လယ်ပြာပြာကြီးနဲ့ ရေလှိုင်းတွေက ခပ်ဝါးဝါးပဲ။


တကယ့်ကို အမှတ်တရပါပဲ။ မိတ်ကပ်လိမ်းရတာ အင်မတန် ကြိုက်တဲ့ ကျွန်မ။ အဲဒီပုံထဲမှာ မျက်နှာမှာ ဘာမှ မလိမ်းမခြယ်ထားဘဲ သဘာဝကျကျ ရယ်နေလိုက်တာ အဲဒီကတည်းက အဲဒီ ဓာတ်ပုံလေးကို အိမ်က တစ်ခုသောနံရံမှာ ယနေ့အထိ ချိတ်ဆွဲထားခဲ့တယ်။


အခန်းထဲကထွက်ပြီဆိုရင် ဓာတ်ပုံထဲက စုံတွဲက ကိုယ့်ကို လှမ်းလှမ်းကြည့်တယ်။ အခုတော့ ဒီပုံလေးဟာလည်း ကုန်လွန်ခဲ့ပြီ ပြန်မရတော့ပြီဖြစ်တဲ့ လွန်ခဲ့တဲ့ ၇နှစ်က အတိတ်ကာလတစ်ခုကို မှတ်တမ်းတင်ထားခဲ့တဲ့ စာရွက်ကလေး တစ်ချပ်ပါပဲလို့ မြင်တတ်လာခဲ့ပါပြီ။


ဒီပုံထဲက လူတွေလည်း နုပျိုခြင်း သန်စွမ်းကျန်းမာခြင်း လျင်မြန်ဖျတ်လတ်ခြင်းတွေ ဆုံးရှူံးလို့ ရုပ်နာမ်သဘောအရ ပြောင်းလဲခဲ့ပြီ။ ဓာတ်ပုံရိုက်ပေးခဲ့တဲ့ မိတ်ဆွေဟာလည်း စောစောစီးစီး တမလွန်ခရီး ထွက်ခွာသွားခဲ့ပြီမို့ ဒီပုံကို မြင်တိုင်း သံဝေဂရမိတာပါပဲ။ သူနဲ့ တွေ့ဆုံ ခင်မင်လိုက်ရတာဟာ ခဏလေးလိုပါပဲ။


သတိရမိသေးတယ်။

ဒီမိတ်ဆွေဟာ ကိုယ်နဲ့ အင်မတန်ခင်သော်လည်း သဘောတရားရေးရာနဲ့ပတ်သက်ရင်တော့ အမြင်တူခဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ သူနဲ့ အငြင်းအခုံတွေ မလုပ်ခဲ့ဖူးဘူး။ ခု သူမရှိတော့တဲ့အချိန်မှာ သူ့အကြောင်းစဥ်းစားမိတိုင်း ချစ်ခင်စရာ ပျော်ရွှင်စရာ Memories တွေပဲ ပြန်ပေါ်လာတတ်တဲ့အတွက် ကျေးဇူးတင် ဝမ်းသာမိတယ်။


လူတွေမှာ မတူတာတွေရှိပေမဲ့ သွားရမဲ့လမ်းကတော့ တစ်လမ်းတည်း အတူတူပဲ မဟုတ်လား။ စောတာနဲ့ နောက်ကျတာပဲ ကွာတာပါ။ ဆုံတွေ့ရမဲ့ အကြောင်းရေစက်တွေရှိခဲ့လို့သာ အချင်းချင်း တွေ့ရတဲ့ လူ့ဘဝဟာ တကယ်တော့ ခဏလေးပါပဲ။


လမ်းပေါ်မှာ သွားနေတဲ့ကားတွေလိုပဲ။ သူကအရှေ့ရောက်တယ်။ ကိုယ်က နောက်မှာ ကျန်ခဲ့တယ်။ သွားတာတော့ သွားနေကြတာပဲ။ သွားနေရင်း ခဏတာ ဆုံမိကြသူတွေပါပဲ။များသောအားဖြင့် အတော်များများက ဒီအချက်ကိုမေ့နေတတ်ကြတယ်။


ဒါကြောင့်လည်း ဘေးပတ်ဝန်းကျင်ကြောင့်ပဲ တစ်နေ့တစ်နေ့ အာရုံတွေနောက် စိတ်တွေ ရှုပ်ထွေးနေကြရတယ်။ ကိုယ်လုပ်ရမဲ့အရာတွေအတွက် Focus ပျောက်နေကြတယ်။ ကိုယ်နဲ့မသက်ဆိုင်တဲ့ သူများအကြောင်းတွေ တွေးနေကြရင်းပဲ စိတ်ခံစားမှုတွေ ဖြစ်ကြတယ်။


အကုန်လုံး တစ်ယောက်နဲ့ တစ်ယောက် မျက်စိဒေါက်ထောက်ကြည့်နေကြတာ အရမ်းအားနေကြသလိုပဲလို့ထင်မိတယ်။အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း စည်းကလေးခြားပြီးမနေတတ်သလို ကိုယ့်စိတ်ရှင်းနေအောင်လည်း အကာအရံထားပြီး မနေတတ်ကြတာပါပဲ။ Filter မရှိဘူး။ Boundary မရှိကြဘူး။


ပေးသမျှကို အကုန်ယူပြီး လက်ခံထားလိုက်ကြတယ်။ ပြီးရင် အလွန်အကျွံ ခံစားလိုက်ကြတယ်။ ကိုယ့် Energy ကို ကာကွယ်မထားတတ်ကြဘူး။ မိတ်ဆွေရဲ့ ဓာတ်ပုံစကားနဲ့ ပြောရရင် လူအတော်များများက Focus မပြတ်ကြဘူး။ ဘာကို အာရုံထားရမလဲဆိုတာ ဝေဝါးနေတတ်ကြတယ်။


ဒီလိုနဲ့ ကိုယ်ရလာတဲ့ ဘဝရဲ့ ကောင်းခြင်းတွေကိုတောင် မခံစားမိတော့ဘဲ လွတ်ထွက်သွားတတ်ပါတယ်။ သဘာဝ အလှအပတွေကို ခံစားဖို့ နှစ်နှစ်ကာကာ ရယ်မောလိုက်ဖို့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကို တန်ဖိုးထားဖို့ မေ့နေတတ်ကြတယ်။


အားလုံးဟာ ရောက်မဲ့နေရာမတူပေမဲ့ သွားရမဲ့ လမ်းကတော့ အတူတူပါပဲ။ သူရောက်မဲ့နေရာလည်း သူ့ဘာသာရှိနေပြီးသားပါ။ ကိုယ်ရောက်ချင်တဲ့နေရာကိုလည်း ကိုယ့်ဘာသာ ဖန်တီးယူတတ်ဖို့ အဓိကပါ။


အရာအားလုံးဟာ ကုသိုလ် အကုသိုလ်ကံပေါ်မှာသာ မူတည်ပါတယ်။ သူ့အကုသိုလ် ကိုယ့်ဆီရောက်မလာအောင် နေတတ်ဖို့က အရေးကြီးပါတယ်။


သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ။ လာဆုံရတဲ့ အခိုက်အတန့်လေးတွေမှာ ဘယ်သူ့ကိုမှ ကိုယ့်ကြောင့် အနှောက်အယှက် မဖြစ်စေချင်သလို ဘယ်သူပေးတဲ့အနှောက်အယှက်ကိုမှ လက်မခံဘဲ စိတ်ကို အရှင်းဆုံး နေတတ်ဖို့ လိုတာပါပဲ။


ကိုယ့်အကြောင်း ကိုယ် Focus ထားရင် ကိုယ်ကိုယ်တိုင်တောင် နားမလည်သေး မမြင်မိသေးတဲ့ ခံစားချက်တွေ အတွေးတွေ အများကြီးရှိသေးတာကို တွေ့ရလိမ့်မယ်။ ပြုပြင်ရဦးမှာတွေ ကြိုးစားရဦးမှာတွေ ဖြည့်ဆည်းရဦးမှာတွေ အများကြီးပါပဲ။


ဘဝကို Filter လေးနဲ့ နေဖို့ ကြိုးစားမိတယ်။ စိတ်ကို ရှင်းနေအောင် Focus ပြတ်အောင်ကြိုးစားရမှာတွေရှိသေးတယ်။


အရှုပ်ထဲမှာရှင်းအောင်နေ
အမှောင်ထဲမှာ လင်းအောင်နေ
(ဆရာတော်ဦးဇောတိက)

တစ်နေ့တော့ ကိုယ်ဟာလည်း ပျောက်ကွယ် သွားရဦးမှာဖြစ်ပြီး ဓာတ်ပုံတွေထဲမှာလောက်သာ ကျန်ခဲ့ရဦးမဲ့သူပါပဲ။


မွန်ဟော်စီ

၂၀၂၁

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page