သတိရှိမှုနဲ့ မနက်စောစောကို ကြိုဆိုခြင်း
- Jul 29
- 2 min read

တစ်ခါတလေ မနက်မိုးလင်းတာနဲ့ ဘာကိုစိတ်အလိုမကျမှန်းမသိ တံခါးကိုဆောင့်ပိတ်လိုက်မိတယ်။ အလကားနေရင်း စိတ်တွေတိုနေတယ်။ ဘာဖြစ်လို့ ဖြစ်ချင်နေမှန်းကိုမသိဘူး။ လမ်းသွားရင်း ရှေ့ကကားက အူကြောင်ကြောင်လုပ်နေလို့ကတော့ ဆဲလိုက်ပြီးသားပဲ။ ကိုယ်စိတ်အလိုမကျချိန်မှာ တစ်ယောက်ယောက်ရဲ့အပြုအမူဟာ နည်းနည်းလောက်မှားယွင်းသွားတာနဲ့ သည်းမခံနိုင်တော့ဘူး။ နားလည်မပေးနိုင်တော့ဘူး။ ဝူးဝူးဝါးဝါး ပြန်လုပ်တော့တာ။ ဒီလို အခြေအနေမျိုးတွေ ကြုံဖူးပါသလား။
ကျွန်မတို့အားလုံး ဒီလိုမနက်ခင်းမျိုးတွေ အနည်းနဲ့အများတော့ ကြုံခဲ့ဖူးကြပါလိမ့်မယ်။ သတိထားမိတဲ့သူနဲ့ သတိမထားမိတဲ့သူသာ ကွဲပြားခြားနားသွားကြပါတယ်။
စိတ်ရှုပ်ထွေးမှုတစ်ခု ဖြစ်ပေါ်လာလို့ သတိလက်လွတ်တုံ့ပြန်လှုပ်ရှားပြီးတဲ့အခါတိုင်း ငါဒီလို မဖြစ်ချင်ပါဘူး။ ဒီလိုပြောလိုက်ဖို့လည်း မရည်ရွယ်ပါဘူးလို့ စိတ်ထဲမှာ ဖြစ်တတ်ကြတာလည်း သဘာဝဖြစ်ပါတယ်။
ဒါပေမဲ့ စိတ်ရှုပ်ထွေးမှုကို သတိမထားဖြစ်ဘူးဆိုရင် အဲဒီဖြစ်စဉ်ထဲမှာ ညပ်နေဦးမှာပဲဖြစ်ပါတယ်။ ရုန်းမထွက်နိုင်တော့ပါဘူး။
ကျွန်မတို့အားလုံးဟာ အဆင်ပြေချောမွေ့တဲ့ နေ့ရက်သစ်တိုင်းကို အလိုရှိကြတဲ့သူတွေဖြစ်ပါတယ်။
အခါအားလျော်စွာ သတိလေးထားကြည့်ပြီး ဘယ်တွေသွားစရာရှိတယ်။ ဘယ်သူနဲ့တွေ့ရမယ်။ ဘာပြီးရင် ဘာလုပ်မယ်။ ဘာပြောပြီးမှ ဘယ်ကိုသွားမယ် စတဲ့ တစ်နေ့တာ လုပ်ကိုလုပ်ရမဲ့ ပြီးရမဲ့ လုပ်ငန်းဆောင်တာတွေကို အရေးကြီးရင် ကြီးတဲ့အလျှောက် အစဉ်လိုက် တန်းစီထားလိုက်ဖို့ကလည်း သတိရှိနေဖို့လိုအပ်ပါတယ်။ ဒါကို Mindful ဖြစ်တယ်လို့ခေါ်ပါတယ်။
ပြောရမယ်ဆိုရင် ဒီခေတ်ဟာ လူတိုင်း အလုပ်တွေများနေကြတဲ့ခေတ်ဖြစ်ပါတယ်။ နေ့ရက်တိုင်းရဲ့ အချိန်အတော်များများဟာ လမ်းပေါ်မှာ ကုန်ဆုံးသွားကြသလို ဆိုရှယ်မီဒီယာပေါ်မှာ ကုန်ဆုံးနေကြတာတွေလည်းရှိပါတယ်။ ကိုယ်ပိုင်အချိန်ဆိုတာ လုံးဝကို မရှိတော့သလောက်ပါပဲ။
အဲဒီအခါမှာ ကျွန်မတို့ဟာ နောက်တစ်နေ့အတွက် ပြင်ဆင်မှုတွေ လျော့နည်းလာကြတယ်။ Organized မဖြစ်တော့ဘူး။ သဘောကတော့ လုပ်ရမဲ့ဟာ မလုပ်ရမဲ့ဟာတွေ စုစုစည်းစည်းမရှိတော့ဘဲ အကုန်ပြန့်ကျဲ၊ လုပ်ခါနီး သွားခါနီးမှ ဟိုအထုပ်ကောက်ဆွဲ ဒီအထုပ်ကောက်ကိုင်နဲ့ အကုန် ဗြုတ်စဗျင်းတောင်းတွေ
တန်းလန်း တန်းလန်း လျှောက်ပါလာတဲ့သဘောပါပဲ။
ကျွန်မဆို တစ်ခါတလေ သိပ်ကသီတဲ့ မနက်တွေ ကြုံရတတ်ပါတယ်။ နိုးကတည်းက ဒီနေ့လုပ်စရာတွေအများကြီးဆိုပြီး နိုးလာတယ်။ ဘုရားမရှိခိုးရသေးဘူး။ မနက်စာ မစားရသေးဘူး။ ဝတ်မဲ့အဝတ် မီးပူမတိုက်ရသေးဘူး။ ခွေးကလေးတွေအစာမကျွေးရသေးဘူးနဲ့ ဟိုဟာမြန်မြန်လုပ် ဒီဟာမြန်မြန်လုပ်ပြီး ကသောကမျောထွက်လာရတယ်။ ဟိုဟာဝင်တိုက် ဒီဟာတက်နင်းမိနဲ့ နမော်နမဲ့တွေဖြစ် ဘာကိုင်ကိုင် အောက်ပြုတ်ကျ။
လူကြည့်တော့လည်း မျက်နှာပြောင်နဲ့ အဝတ်ဆိုလည်း အပေါ်ဆုံးမှာရှိတဲ့ဟာ ကောက်ဝတ်လာတာ ဘာမှန်းတောင် မသိဘူး။ ဒီကြားထဲ စိတ်ကတိုနေသေးတယ်။ အဲဒီအခြေအနေတွေဟာ ကျွန်မကို လုံးဝ smart မဖြစ်စေပါဘူး။
ဒါကြောင့် ကျွန်မ Mindful Wakeup ဆိုပြီး ဒီနှစ်ရဲ့ ပထမဆုံးနေ့မှာတော့ စလုပ်လိုက်ပါတယ်။ မနက်တိုင်း Start with a Purpose ရည်ရွယ်ချက်တစ်ခုနဲ့ သတိရှိစွာ နိုးထလာဖို့ ကြိုးစားခဲ့ပါတယ်။
နံပါတ် ၁
ကိုယ်လက်သန့်စင်ပြီးတဲ့အခါ အသက်ရှုလေ့ကျင့်ခန်းကိုလုပ်ပါ။
ဝင်သက်ထွက်သက်သိနေဖို့ Mindfulness လုပ်ဖို့ပြောတာပါ။
အသက်ရှုသွင်း ရှုထုတ်လုပ်တိုင်း လှုပ်ရှားနေတဲ့ ကိုယ်ခန္ဓာကြီးကို သတိထားပေးပါ။
နံပါတ်၂
ဒီနေ့မှာ ဘယ်လိုစိတ်အခြေအနေမျိုးနဲ့ အလုပ်လုပ်ချင်တာလဲ။
ဘယ်လိုစိတ်အခြေအနေမျိုးကို အားပြည့်လာအောင် ထူထောင်ပေးရမလဲလို့စဉ်းစားပါ။
ဘာမဟုတ်တာနဲ့ ဒေါသဖြစ်လွယ်တဲ့သူဆို
သြော် ငါဒီနေ့ ကားမောင်းရင်းလည်း ဒေါသမဖြစ်ဘူး။ မဆဲဘူး။ ရုံးကလူတွေကိုလည်း မအော်ဘူး။
ဘယ်သူနဲ့မဆို ကောင်းကောင်းပြောမယ်လို့ တွေးလိုက်တာမျိုးပါ။
ကိုယ့်ရဲ့တစ်နေ့တာ ရည်မှန်းချက်ကို ကိုယ်တိုင်ချမှတ်ဖို့ပါပဲ။
စိတ်ရှည်ရှည်ထားမယ်။
သတိလေးထားမယ်။
ကျန်းမာတာလေးရွေးစားမယ်။
စာလေးတစ်ပုဒ် ပြီးအောင်ရေးမယ်။
မနေ့ကအလုပ်လက်စသတ်မယ်။
Facebook ကိုလျှော့သုံးမယ်။
စသည်ဖြင့်ပါ။
နံပါတ် ၃
တစ်နေ့တာလုံးမှာ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးပေးပါ။
ကိုယ့်စည်းကမ်း ရည်မှန်းထားချက်တွေ ပြည့်မှီနေရဲ့လား။
လျော့တိလျော့ရဲတွေ ဖြစ်သွားသလားဆိုတာ ခဏခဏ ပြန်စစ်ဆေးကြည့်ဖို့ပါပဲ။
နေ့တစ်နေ့ရဲ့အဆုံးမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ တုံ့ပြန်ပြုမူပြောဆိုပုံတွေ လူတကာနဲ့ ဆက်ဆံရေးတွေ ပြေပြစ်ခဲ့ရဲ့လား။
အပြုသဘောဆောင်ရဲ့လားဆိုတာလည်း သုံးသပ်ကြည့်ဖို့လိုပါတယ်။
နံပါတ်၄
မအောင်မြင်သေးဘူးထင်ပါရင် နံပါတ် ၁ Mindfulness ကနေ စပြန်လုပ်ပါ။
ကျွန်မကတော့ မနက်ဆို ၄နာရီ ၄နာရီခွဲလောက်နိုးနေတတ်ပါတယ်။
မနက်အစောထတာ ဟိုးငယ်ငယ်ကတည်းက အကျင့်ရှိခဲ့တယ်။
တိတ်နေတဲ့အချိန်မှပဲ အလုပ်လုပ်လို့ကောင်းပါတယ်။
အာရုံစူးစိုက်မှု ကောင်းတာကိုး။
မနက်စောစောအချိန်ဟာ သိပ်လည်းသာယာပါတယ်။
နေ့တစ်နေ့ရဲ့ အစဟာ Good Start ဖြစ်ဖို့လည်းအရေးကြီးပါတယ်။
အစကောင်းဖို့လိုတယ်ပေါ့။
နိုးလို့ကိုယ်လက်သန့်စင်ပြီးတာနဲ့ Mindfulness လုပ်တယ်။
ပြီးရင် စာရေးတာပါပဲ။
ပြီးမှ ဘုရားရှိခိုးတာကစလို့ တခြား နိစ္စဓူဝတွေလုပ်ပါတယ်။
မနက် ၇နာရီခွဲ ကျွန်မ Gym ရောက်နေပါပြီ။
မနက်ကတည်းက အရာရာ စနစ်တကျ ရှိနေတယ်ဆိုရင် တစ်နေ့တာလုံး သာယာဖြောင့်ဖြူးနေတတ်ပါတယ်။
မနက်မှာ ဝရုန်းသုန်းကားဖြစ်ခဲ့ပြီဆိုတာနဲ့ ဘာမှ timming မကိုက်တော့ပါဘူး။
ညဘက်တွေမှာ စာအုပ်ရေးတဲ့ကျွန်မအတွက် အချိန်တွေ ထွက်မလာတော့ပါဘူး။
သတိလေးအမြဲရှိနေတယ်ဆိုတာ ကိုယ့်အတွက် အကာအကွယ်တစ်ခုပဲဖြစ်ပါတယ်။
စိတ်အရည်အသွေး၊ ဘဝကိုရှုမြင်ပုံ၊ အတွေးအခေါ်၊ ဘဝနေထိုင်မှုပုံစံတွေကိုလည်း သတိက တိုးတက်စေပါတယ်။
မွန်ဟော်စီ
၂၀၂၀