ရယ်မောချိန်တွေ ပြန်ရှာဖွေပါ
- Sep 23
- 2 min read

ကျွန်မရဲ့အိမ်နီးနားချင်းတွေထဲမှာ အသက် လေး ငါး ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက်လည်း ပါဝင်ပါတယ်။
ကျွန်မစာရေးနေတဲ့အခန်းကနေ သူရဲ့ တီတီတာတာစကားပြောသံ ရယ်မောပျော်ရွှင်သံလေး ကဗျာတွေ သီချင်းတွေ စည်းချက်ကျကျ ရွတ်ဆိုသံတွေကို တစ်ချိန်လုံးကြားနေရတတ်ပါတယ်။ အများဆုံးကြားရတာကတော့ ရယ်နေတဲ့အသံလေးပါပဲ။
ကလေးတွေဟာ အတော်ရယ်နိုင်ကြတာပဲလို့ တွေးရင်းပြုံးမိပါတယ်။
ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ဟာ တစ်နေ့ကိုအခါသုံးရာလောက် ပျမ်းမျှအားဖြင့် ရယ်မောတယ်လို့ ဖတ်ဖူးပါတယ်။ လူကြီးတွေကတော့ တစ်နေ့ကို အနည်းဆုံး ၁၅ခါကနေ အများဆုံး အခါ တစ်ရာလောက်သာ ရယ်မောကြပါတယ်တဲ့။
ကျွန်မ တစ်နေ့ကို ဘယ်နှစ်ခါ ရယ်မောမိသလဲ။ သတိထားကြည့်တော့ တချို့နေ့တွေမှာ ၁၅ခါတောင် မပြည့်တာကို တွေ့ရတယ်။ ကျွန်မ အတော် အံသြသွားမိတယ်။
ကျွန်မတို့ဟာ ကလေးဘဝတွေကိုပြန်ရောက်ချင်လိုက်တာလို့ ပြောတတ်ကြပါတယ်။ ဘာတာဝန် အပူအပင်မှ မရှိဘဲကိုး။ ကလေးလေးတွေအတွက် Life is amazing ဆိုတဲ့စကားဟာသိပ်မှန်ပါလိမ့်မယ်။ ဘဝဟာ အံ့သြဖွယ်အတိပါပဲ။
မှတ်မိကြမှာပါ ကျွန်မတို့ငယ်ငယ်တုန်းကလည်း တွေ့သမျှ မြင်သမျှ အရာရာဟာ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းနေခဲ့တာချည်းပါပဲ။
ကျွန်မဆိုရင် အိမ်ရှေ့က မြောင်းဘေးမှာပေါက်နေတဲ့ ပိန်းကြာရွက်ကြီးတွေပေါ်မှာ တံတွေးထွေးချလိုက်လို့ အဲဒီတံတွေးလုံးကလေးက ပိန်းကြာရွက်ရဲ့ အစိမ်းရောင် အမွှေးနုလေးတွေပေါ်မှာ တစ်လိမ့်လိမ့်ဖြစ်နေတာကိုကြည့်ပြီး ပျော်ရွှင်ခဲ့ဖူးပါတယ်။
ပုရွတ်ဆိတ်ကလေးတွေ တန်းစီသွားနေတာကိုကြည့်ရင်း အချင်းချင်းနှုတ်ဆက်ကြတာကိုမြင်တဲ့အခါ သူတို့ဘာတွေများပြောနေကြပါလိမ့်လို့ စိတ်ဝင်တစား ဖြစ်နေခဲ့ဖူးပါတယ်။
ပုရွတ်ဆိတ်လေးတွေကို ကြည့်နေရတဲ့အချိန်မှာ ပိန်းကြာရွက်ဟာ ကျွန်မအတွက် အရေးမကြီးပါဘူး။ ပိန်းကြာရွက်နဲ့ ဆော့နေတဲ့အချိန်မှာလည်း ပုရွတ်ဆိတ်တွေကို လုံးဝ သတိမရတော့ပါဘူး။
Winnie the Pooh ဆိုတဲ့ အဝါရောင်ဝက်ဝံဝတုတ်လေးကို လူအတော်များများသိကြမှာပါပဲ။ သူ့ပုံလေးတွေထဲမှာ မိုးပျံပူဖောင်း အနီလေးတစ်လုံးကို ကိုင်ထားတာကို တွေ့ဖူးကြပါလိမ့်မယ်။
သူ့ရဲ့ လူသူငယ်ချင်းဖြစ်တဲ့ Christopher Robin က လူကြီးဘဝရောက်သွားပြီး လူကြီးတွေရဲ့ သဘာဝအလုပ်တွေ ပူပန်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အခါ သူက ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။
အလုပ်တွေ စာရွက်စာတမ်းတွေ အရေးကြီးတာတွေပါတဲ့ Briefcase လက်ဆွဲအိတ်ကြီးနဲ့ သူ့လူသူငယ်ချင်းကို သူက Is that more important than my red balloon? ငါ့ ပူဖောင်းနီလေးထက်များ ဒီအိတ်ကြီးက အရေးကြီးနေသေးလားကွာလို့ ပြောခဲ့ပါတယ်။
Winnie the Pooh ရုပ်ရှင်ကို တစ်ခါပဲ ကြည့်ခဲ့ဖူးပြီး အဲဒီအပိုင်းလေးကိုတော့ သဘောကျလို့ ကျွန်မ စိတ်ထဲ စွဲပြီးမှတ်မိနေပါတယ်။
တကယ်စဥ်းစားကြည့်တော့ ကလေးတစ်ယောက်ရဲ့ ဘဝမှာ သူလက်ရှိလုပ်နေတဲ့ အာရုံဝင်စားနေတဲ့ အလုပ်ကလွဲပြီး အရေးကြီးတာဘာမှမရှိပါဘူး။ ဘောလုံးအနီကလေးတစ်လုံးဖြစ်ချင်ဖြစ်မယ်။ ပုရွက်ဆိတ်ကလေးတစ်ကောင်ဖြစ်ချင်ဖြစ်မယ်။
Process ဆိုတာဖြစ်စဉ်တစ်ခုပါပဲ။ ကျွန်မတို့ရဲ့ကလေးဘဝမှာ အဖြစ်အပျက်တစ်ခုရဲ့ Outcome လို့ခေါ်တဲ့ နောက်ဆုံးမှာ ဖြစ်ပေါ်လာမဲ့ ရလဒ်တွေကို သိပ်စိတ်မဝင်စားဘဲနဲ့ ဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုထဲမှာ အကောင်းဆုံး အပြည့်ဝဆုံး အာရုံဝင်စားပြီး ဖြတ်သန်းခဲ့ကြတာများပါတယ်။
ဆိုလိုရင်းကတော့ ပစ္စုပန်တည့်တည့်မှာ အာရုံစိုက်ပြီးနေခဲ့ကြတာပါပဲ။ ဒါကြောင့် ပျော်စရာ ရယ်စရာတွေကိုလည်း နှစ်နှစ်ကာကာ ခံစားခဲ့ကြရတယ်။ ဒါဟာ Absolute Blessing ပါပဲ။
အခု လူကြီးဘဝမှာ ဘာဖြစ်လို့ အရယ်အပြုံးတွေနည်းလာရသလဲ။ ကလေးဘဝတုန်းကလောက် ဘာဖြစ်လို့ ပျော်စရာမကောင်းတော့တာလဲဆိုရင် အချိန်နဲ့အမျှ တောင်တွေးမြောက်တွေး အရှေ့ကိုမျှော်တွေး အနောက်ကိုပြန်တွေးနဲ့ ခရီးမရောက်နိုင်ဘဲ ဖြတ်သန်းနေရတဲ့ Process အပေါ်မှာ အာရုံမစိုက်နိုင် အမှုမဲ့ အမှတ်မဲ့ အချိန်တွေကုန်လွန်သွားခဲ့ကြလို့ဖြစ်ပါတယ်။
ကလေးလေးတွေလို တစ်ချိန်လုံးရယ်နေရမယ်လို့လည်းမဆိုလိုပါဘူး။ ပုရွက်ဆိတ်တွေတွေ့တိုင်း ဝမ်းသာပျော်ရွှင်နေသင့်တယ်လို့လည်း ဆိုလိုတာမဟုတ်ပါဘူး။
ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ကြုံဆုံနေရတဲ့အခိုက်အတန့် Process တိုင်းကို သတိထားပြီးကျော်လွန်ဖြတ်သန်းပါ။ အဆုံးကရလဒ်ကို သိပ်မတွေးဘဲ အခုအချိန်မှာ ကိုယ်ဟာ အကောင်းဆုံး လုပ်နေတာပဲလို့ ယုံကြည်ပြီး ဖြတ်သန်းကြည့်ပါ။ စိတ်သက်သာစရာတွေ စိတ်ပြေလျော့စရာတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်။
ကျွန်မဆိုရ ခုလို စိတ်ပင်ပန်း ခက်ခဲနေတဲ့ကာလမှာ တစ်နေ့ချင်းစီကိုပဲဖြတ်သန်းပါတယ်လို့ ရေးခဲ့ဖူးပါတယ်။ တစ်ခါတလေ တစ်နေ့စာအတွက်တောင်မှ စိတ်ကဆောက်တည်ရာမရတော့ဘူးဆိုရင် နာရီပိုင်း မိနစ်ပိုင်းနဲ့ ကြုံရတဲ့အခိုက်အတန့်တိုင်းကို သတိထားပြီး ဖြတ်သန်းလိုက်ရပါတယ်။
ကြိုးစားကြည့်ပါ။ တစ်ခါတလေကျတော့ ရယ်ချင်လို့ကို ရယ်စရာတွေကို သက်သက်လိုက်ရှာပြီး ရယ်ပစ်လိုက်ရတာမျိုးတောင်ရှိပါတယ်။ ဒါတောင်မှ ဟာသကားဖွင့်ထားရင်း ရယ်ဖို့မေ့နေပြီး စိတ်ဆင်းရဲစရာတွေကို ဆက်တွေးနေမိတတ်ပါသေးတယ်။
ကျွန်မတို့မှာရှိနေတဲ့စွမ်းအင် Energy တွေကို ကိုယ့်ပြင်ပက ကိုယ် ပြုပြင်ပြောင်းလဲလို့မရတဲ့အရာတွေထဲမှာ နစ်ဝင်ပြီး စိတ်ပူပန်နေဖို့ထက် ပျော်ရွှင်ဖို့ ရယ်မောဖို့ အေးငြိမ်းဖို့ အသုံးပြုလိုက်ပါ။
ဖြတ်သန်းနေရတဲ့အခိုက်အတန့်တိုင်း Process တိုင်းကို သတိရှိစွာနဲ့ ကျော်လွန်သွားနိုင်ဖို့ အသုံးပြုကြည့်ပါ။
Don't use your energy to worry.
Use your energy to focus on the present moment.
မွန်ဟော်စီ
စက်တင်ဘာ ၂၀၂၁



Comments