ဘဝတံခါးပေါက်နဲ့ သံသရာအဓိပ္ပာယ်
- Aug 18
- 1 min read

တိမ်တွေတောက်ပြီး သိပ်ကိုသာယာတဲ့ ညနေခင်းတစ်ခုမှာ ပတ်ဝန်းကျင်ကိုကြည့်ရင်း အဖေ့ကိုသတိရနေမိတယ်။
ကျွန်မတို့အဖေကွယ်လွန်ခဲ့တာ လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းကပါပဲ။ သူဆုံးတဲ့လက သင်္ကြန်မကျခင် ဧပြီလဖြစ်တယ်။ ပူပေမယ့် ခြောက်ခြောက်သွေ့သွေ့ သာသာယာယာ ရှိတဲ့လပါပဲ။ ဆုံးတဲ့ညနေမှာ တိမ်တွေတောက်ပြီး မြက်ခင်းစိမ်းစိမ်းမှာ နေရဲ့ အလင်းရိပ်တွေ ကျနေခဲ့သေးတယ်။ တကယ်ကိုသာယာလှပတဲ့ ညနေခင်းတစ်ခုပါပဲ။
အဖေထွက်ခွာသွားတာ ဒီလိုညနေခင်း ဒီလိုအချိန်မျိုးပဲလို့ တွေးရင်း သူဆုံးတာပဲ အနှစ် ၂၀ ကျော်ပြီဆိုတော့ လူအဖြစ်ပြန်ပြီးမွေးလာဦးမယ်ဆိုရင် ယခုအချိန်မှာ အသက် ၂၀ ကျော် လူတစ်ယောက်တော့ ဖြစ်နေမှာပါပဲ။ တကယ်တော့ ကျွန်မတို့လုံးဝမသိနိုင်တဲ့ ဘဝတစ်ခု ပုံစံတစ်ခု အမည်တစ်ခုနဲ့ ဒီမိုးကောင်းကင်အောက်ကိုပဲ ပြန်ရောက်နေမှာပဲ ဖြစ်ပါတယ်။
ကျွန်မကတော့ အဖေဆိုတဲ့အသိနဲ့ သူ့ကိုလွမ်းနေသေးပေမယ့် ဘဝအသစ်ကိုရောက်သွားပြီဖြစ်တဲ့ အဖေကတော့ ကျွန်မကိုလည်းသိတော့မှာမဟုတ်သလို ကျွန်မတို့သူ့ကို လွမ်းနေ သတိရနေကြောင်းလည်း သိတော့မှာမဟုတ်ပါဘူး။
ဒီလိုဘဲ ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်က အမေ့ရဲ့သွေးသားခန္ဓာကိုယ်ကို အသုံးပြုပြီး ဒီလူ့ဘဝကို ဒီရုပ်ခန္ဓာ ဒီနာမည်နဲ့ ရောက်လာခဲ့ရပါတယ်။ အရင်ဘဝက ကျွန်မဟာ အမေတစ်ယောက်လည်းဖြစ်နိုင်သလို သမီးတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။
ကျွန်မ ဘယ်လိုဘယ်ပုံဆိုတာမသိနိုင်ပေမယ့် ကျန်ခဲ့တဲ့ မိသားစုဝင်တွေကတော့ ကျွန်မကိုအခုချိန်ထိ သတိရလွမ်းဆွတ်နေကြဦးမှာပဲဖြစ်ပါတယ်။
ကျွန်မကတော့ အရင်က ဘယ်သူတွေရှိခဲ့မှန်းလည်းမသိတော့ဘူး။ ဘယ်သူတွေက ကိုယ့်ကို သတိရနေမှန်းလည်းမသိတော့ဘူး။
အခုရလာတဲ့ဘဝမှာ ကျွန်မရဲ့မိသားစုဝင်တွေနဲ့ သံယောဇဥ်တွေ ရစ်ပတ်ပြီး သူတို့ကိုပဲအချစ်ဆုံးဖြစ်နေပါတယ်။ ကျွန်မ ပျော်နေပါတယ်။
သေခြင်းတရားဆိုတာ ဘဝတစ်ခုကနေတစ်ခုကိုကူးတဲ့ တံခါးပေါက်လေးတွေနဲ့တူပါတယ်။ ဒီဘဝကနေ ခြေတစ်လှမ်းကြွလိုက်တာနဲ့ဒီဘဝပြီးသွားပြီးနောက် ခြေတစ်လှမ်းချလိုက်တာနဲ့ နောက်အသစ် ဘဝထဲကိုရောက်ရှိသွားပါတယ်။
ထွက်လာတဲ့တံခါးပေါက်နဲ့ ဝင်လာတဲ့တံခါးပေါက်က တကယ်တော့ တစ်ခုတည်း အတူတူပဲဖြစ်ပါတယ်။
နောက်ဘဝခြေတစ်လှမ်းချလိုက်တာနဲ့ အရင်ကဘဝကို မမှတ်မိပါ။ ဒီလိုနဲ့သံသရာမှာ ဘဝမျိုးစုံနဲ့ အကြိမ်ကြိမ်အခါခါမဆုံးနိုင်အောင် မမောနိုင်အောင် လည်ပတ်နေမိကြပါတယ်။
သေခြင်းတရားဆိုတာ ဘဝအတွက် ရိုးရှင်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေမဲ့ အဓိပ္ပါယ်ကတော့ အင်မတန်လေးနက်ပါတယ်။ ဒီလိုပဲ ခဏခဏသေရတာကိုကြိုက်သလား။ ခဏခဏပြန်မွေးလာရတာကိုကြိုက်သလားလို့မေးစရာဖြစ်လာပါတယ်။
ဒီလိုတံခါးပေါက်တွေအများကြီးကိုဖြတ်သန်းခဲ့ရပြီး ကျွန်မတို့က နောက်ထပ်တံခါးပေါက်တွေကို ထပ်ဖွင့်ဖို့ ကံဆိုတဲ့အလုပ်တွေနဲ့ အချိန်နဲ့အမျှကြိုးစားနေကြပါတယ်။
တံခါးရွက်တစ်ခုကိုဖွင့်လိုက်တယ်။ ဘဝသစ်တစ်ခုထဲ ခြေတစ်လှမ်းချလိုက်တယ်။ ဟုတ်တယ်။ ကျွန်မတို့မွေးဖွားလာတယ်။ ကြီးပြင်းလာတယ်။ အချိန်ရောက်တဲ့အခါ အကြောင်းတစ်ခုခုကြောင့် ကွယ်လွန်သွားကြမယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုရင်တော့ သူ့ရဲ့နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်သာဖြစ်ပါတယ်။ သံသရာရဲ့ထွက်ပေါက်ကို မတွေ့မချင်းတော့ ကျွန်မတို့က နေ့စဉ်အချိန်တိုင်းမှာ ကုသိုလ်စိတ်ကိုပဲ အလေ့အကျင့်ဖြစ်အောင်မွေးမြူနေရမှာပါ။
စိတ်အညစ်အကြေးတွေ ကံအညစ်အကြေးတွေ တစ်ဘဝပြီးတစ်ဘဝ ကင်းစင်လာတာနဲ့အမျှ ကျွန်မတို့ဟာ သံသရာထွက်ပေါက်နဲ့ နီးကပ်လာလေပဲဖြစ်ပါတယ်။
အဲဒီအတွက်က သတိရှိနေဖို့လိုအပ်သလို ပညာဆိုတဲ့ Wisdom ကို ပါရမီတစ်ခုလို ထုံနေအောင် ဖြည့်သွားဖို့လိုပါတယ်။ ကျွန်မအတွက်ကတော့ ဒါဟာ နေ့စဥ်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်ပါတယ်။
မွန်ဟော်စီ
၂၀၂၂



Comments