ချစ်ခြင်းမေတ္တာကသာ အမှန်တကယ့် ကြွယ်ဝမှု
- Aug 13
- 1 min read

ဂုဏ်တွေ၊ငွေတွေ၊ကျော်ကြားမှုတွေကို တချို့က ဘဝရဲ့ ပြည့်စုံကြွယ်ဝမှု Abundance လို့ သတ်မှတ်ကြမှာအမှန်ပဲဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုအရာတွေ ဘယ်လောက်ပဲကိုယ့်မှာရှိနေပါစေ..ကိုယ့်ကိုချစ်တဲ့သူမရှိဘူးဆိုရင်တော့ ဘဝဟာ ပြည့်စုံကြွယ်ဝမှုမရှိဘူး။ Abundance မဖြစ်ဘူး။ဘဝဆိုတာ ပိုက်ဆံရှိနေရုံ၊စည်းစိမ်ချမ်းသာပြည့်စုံနေရုံနဲ့ မပြီးဘူး။ ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ရှိတယ်။ ကိုယ်ကလည်း ချစ်တဲ့သူရှိတယ်ဆိုရင် အဲဒီဘဝဟာ ပျော်စရာကောင်းတယ်။ အဓိပ္ပါယ်ရှိတယ်။
ချစ်ချင်းမေတ္တာဆိုတာ Abundance ပါပဲ။ အဲဒီချစ်ခြင်းကို ပေးတတ်တယ်။ လက်ခံတတ်တယ်။နားလည်တတ်တယ်ဆိုရင် ဒါဟာ The Flow of Abundance ကြွယ်ဝမှုစီးကြောင်း၊ လိုတရစီးကြောင်းနဲ့ တစ်သားတည်းပါပဲ။
Abundance နဲ့ပြည့်စုံတဲ့ဆက်ဆံရေးတစ်ခု ဘယ်လိုတည်ဆောက်မလဲ။
ကျေးဇူးတင်မှုနဲ့ စတင်ပါ။
သူ့ရဲ့ ရှိနေခြင်းကို ဝမ်းမြောက်ပါ။
သူရှိပေးခဲ့တာတွေ၊သူလုပ်ပေးခဲ့တာတွေ၊သူ့ရဲ့အားထုတ်မှုတွေ၊သူပေးခဲ့တဲ့ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ပါ။
ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပါ။
ခံစားချက်တွေကိုပြောပါ။ မျှဝေပါ။ ကိုယ့်စိတ်ထဲက မျှော်လင့်ချက်တွေ၊ကြောက်ရွံ့တာတွေအသိပေးပါ။ အချင်းချင်းသေသေချာချာနားထောင်ပေးပါ။ကိုယ့်ဘက်က တစ်ခုခုပြန်ပြောဖို့ Reply လုပ်ဖို့နားထောင်တာမဟုတ်ဘဲ သူ့ရင်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သေသေချာချာသိဖို့ နားထောင်ပါ။
မတူညီတာတွေကို လက်ခံပါ။
ချစ်ခြင်းဆိုတာ သတ်မှတ်ချက်မလိုဘူး။တစ်ခါတစ်ရံ ကိုယ်လိုသလို ဖြစ်လာမယ်မထင်ပါနဲ့။ မတူညီမှုတွေကို နားလည်လက်ခံပေးပါ။
Let your love be a gift, not a contract.
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာဟာ သူ့အတွက် လက်ဆောင်တစ်ခုလိုဖြစ်ပါစေ။အချစ်ဟာ စာချုပ်တစ်ခုမဟုတ်ဘူး။ ကူညီတာ၊ထောက်ပံ့တာတွေက ချစ်ခြင်းမေတ္တာအရင်းခံတာမျိုးပဲဖြစ်ပါစေ။ ကိုယ်က ဒီဟာပေးလို့ ဟိုဟာပြန်ရမယ်ဆိုတဲ့ စျေးတွက်,တွက်တာမျိုးမလုပ်ပါနဲ့။
ခွင့်လွှတ်ပါလို့ပြောရင် လူတွေက သိပ်ကြိုက်ကြတာမဟုတ်ဘူး။ ဒါပေမဲ့ တချို့ကိစ္စတွေမှာခွင့်လွှတ်ပေးလိုက်ပါ။ မှားတယ်ဆိုတာလူတိုင်းမှားတတ်ကြပါတယ်။အမှားလုပ်တယ်ဆိုတာ လူတွေရဲ့ သဘာဝ Human Nature ပါပဲ။ ဝေဖန်ခြင်းမပြုဘဲ စာနာမှုနဲ့နားလည်ပေးလိုက်ပါ။
ကောင်းမွန်တဲ့ Relationship တစ်ခုကို ဖြတ်သန်းရင်းနဲ့ပဲတည်ဆောက်သွားပါ။ တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်သွားတယ်ဆိုတာက ခရီးလမ်းတလျောက်က အောင်မြင်မှုတွေပါ။ ပျော်ရွှင်စရာတွေလည်းရှိမယ်။ ဝမ်းနည်းစရာတွေလည်းရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်းတူတူ Celebrate လုပ်ပါ။
စည်းစိမ်ဥစ္စာတွေ ပိုမိုတိုးပွားလာဖို့ ဆောင်ရွက်ကြသလို စိတ်ပိုင်းဆိုင်ရာ အရရင်းနှီးနွေးထွေးမှုတွေ ပိုပြီး ခိုင်မြဲနီးကပ်လာအောင် လုပ်ဆောင်ပါ။
Love Is the True Currency of Abundance တဲ့။ ချစ်ခြင်းမေတ္တာဟာ ပြည့်စုံကြွယ်ဝချမ်းသာမှုအတွက် တကယ်ကိုမှန်ကန်တဲ့ စီးဆင်း
မှုတစ်ခုပဲဖြစ်ပါတယ်။နေ့တစ်နေ့ကုန်ဆုံးသွားတဲ့အချိန်မှာ တကယ်အချမ်းသာဆုံးဆိုတဲ့လူတွေဟာ နှလုံးသားနဲ့အပြည့် ချစ်ခြင်းမေတ္တာရှိတဲ့သူတွေဖြစ်တယ်။ချစ်သူတွေ၊ မိသားစုတွေ၊ဘဝရဲ့အရေးပါတဲ့သူတွေနဲ့ ဆက်ဆံရေးတွေမှာ အကြင်နာတရားနဲ့ တည်ဆောက်ထားနိုင်တဲ့သူတွေဖြစ်တယ်။ သူတို့တွေရဲ့ဘဝဟာ အဓိပ္ပါယ်ရှိနေပါတယ်။
Abundance in Relationship ဆိုတာက တစ်ယောက်ယောက်ဆီက ဘယ်လောက်ရသလဲဆိုတာမဟုတ်ဘဲ ကိုယ်ဟာ ဘယ်လောက်ချစ်နိုင်သလဲ။ ဘယ်လောက်ယုံကြည်နိုင်သလဲ။ ဘယ်လောက်ပေးနိုင်သလဲ။ ဘယ်လောက်ပျော်ရွှင်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ ယုံကြည်မှုတွေ၊ပြည့်စုံမှုတွေ၊ တိုးတက်မှုတွေအတွက် နေရာလွတ် Space တွေလည်း အမြဲရှိနေတယ်။ ဒီနေရာတွေကိုလည်းဖန်တီးနိုင်တယ်။
Relationship မှာလည်း ပေးလေပိုရတယ်လို့ သဘောထားရမှာဖြစ်တယ်။
ချစ်ဖို့ကိုလည်းမကြောက်ပါနဲ့။
အချစ်ခံရဖို့ကိုလည်းမကြောက်ပါနဲ့။
ပေးနိုင်သလောက်ပေးပါ။
လက်ခံနိုင်သလောက်လက်ခံပါ။
ပြီးရင် ကိုယ့်စိတ်ထဲက Abundance ရဲ့ စီးဆင်းမှုကို ခံစားပါ။
မွန်ဟော်စီ
၂၀၂၅



Comments