အခက်အခဲထဲမှာလည်း ဘဝရဲ့ အဓိပ္ပာယ်တွေရှိတတ်သည်
- Aug 13
- 1 min read

ဘဝမှာ အမှတ်ရစရာအခိုက်အတန့်တွေ အဓိပ္ပာယ်ရှိခဲ့တဲ့အချိန် Meaningful Moments တွေကို ပြန်စဉ်းစားကြည့်ပါဆိုရင် ကျွန်မတို့က ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့အချိန်၊ သားသမီးတွေ မွေးဖွားတဲ့အချိန်၊ ရာထူးတိုးတဲ့အချိန် စသည်ဖြင့် တကယ်ကို ကြီးကျယ်တဲ့ ဘဝမှတ်တိုင်တွေကိုသာ အမှတ်ရလေ့ရှိပါတယ်။
တစ်ဖက်ကစဉ်းစားကြည့်တော့ ကိုယ်ဟာ ဘယ်လိုလူဆိုပြီးဖြစ်လာခဲ့တဲ့ ဖြစ်တည်မှုလမ်းကြောင်းမှာ ပျော်စရာတွေချည်းပဲရှိနေတာမဟုတ်ပါဘူး။
ဒီနေရာကို ဘယ်လိုရောက်လာခဲ့သလဲ၊ ဘယ်လိုဖြစ်လာခဲ့သလဲ၊ ကြုံဆုံခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနိုင်ခဲ့သလဲ၊ ဘယ်သူမှစောင့်ကြည့်မနေပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ် လေးစားချစ်ခင်နိုင်အောင် ဘယ်လိုနေထိုင်ခဲ့ရသလဲဆိုတဲ့ အဖြစ်တွေလည်း ရှိနေတတ်ကြပါတယ်။
ကျွန်မရဲ့ဘဝရဲ့ Meaningful Moment တွေကို ပြောပါဆိုရင် ကိုယ်တန်ဖိုးထားရတဲ့အချိန် ကိုယ် ဂုဏ်ယူခဲ့ရတဲ့အချိန်တွေကိုပဲ ရွေးချယ်စဉ်းစားပြီးပြောမိမှာပါပဲ။ အခုတော့ ဘယ်လိုရှင်သန်အောင်နေရမလဲဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်အချိန်မှာ ဘယ်အရာကနေတွေ့ခဲ့ရသလဲဆိုတာကို သတိရလာမိတယ်။
ဒါဟာ ကျွန်မရဲ့အဖွားဆုံးတဲ့အချိန်ပါပဲ။ အဖွားဆုံးသွားတဲ့အခါမှာ ဘဝတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားတယ်။ မိသားစုတစ်ခုလုံး ကိုယ့်ခေါင်းပေါ်ရောက်လာတယ်။
အဲဒီအချိန်ဟာ ကျွန်မဘဝမှာအဖက်ဖက်က ကျဆုံးနေတဲ့အချိန်ပါပဲ။ ဆုံးရှုံးမှုတွေရှိခဲ့တယ်။ အမှားတွေများခဲ့တယ်။ ဆုံးဖြတ်ချက်တွေနောက်ကျခဲ့တယ်။ မနည်းကိုရုန်းကန်ပြီးပြန်ထလာခဲ့ရတယ်။ ဒါပေမဲ့ အတိတ်၊ ပစ္စုပ္ပန်က ကုသိုလ်ကံအကြောင်းကြောင့်တွေလည်း ပါမယ်ထင်ပါတယ်။ ပြီးသွားဖို့ အချိန်ရောက်လာတော့လည်း အရာရာဟာ သူ့အလိုလိုပြီးဆုံးသွားခဲ့တာပါပဲ။
အခုအချိန်မှာ ဘယ်လောက်ပဲစိတ်ညစ် စိတ်ညစ် အဲဒီအချိန်အကြောင်းကိုပြန်တွေးလိုက်ရင် အခုကြုံနေခဲ့ရတာတွေဟာ ပျင်းတောင်ပျင်းသေးတယ်ဆိုတာမျိုးပါပဲ။
တကယ်တော့ လူဘဝဆိုတာ အတက်အကျ အနိမ့်အမြင့်တွေ အမြဲတမ်းရှိနေတဲ့နေရာပါပဲ။ အခက်အခဲတစ်ခုဖြစ်လာပြီဆိုရင် အဲဒီအခက်အခဲက ကျွန်မတို့ရဲ့ခံနိုင်ရည်စွမ်းအင် ဖြေရှင်းနိုင်တဲ့စွမ်းအင်ကို စမ်းသပ်စစ်ဆေးတာမျိုးဖြစ်တတ်တယ်။
မောင်လေးတစ်ယောက်က ပြောတယ်။ ကိုယ်ဖြေရှင်းနိုင်တဲ့အခက်အခဲနဲ့ ပြဿနာမျိုးသာ ကိုယ့်ဆီကိုရောက်လာတတ်ကြတာပါတဲ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် စိတ်ညစ်မသွားဖို့လိုတယ်။
တကယ်တမ်းကျတော့ ဒီလိုပင်ပန်း ရုန်းကန်ရတဲ့အချိန်တွေကပဲ ကိုယ့်ရဲ့ဘဝကို အများကြီး အဓိပ္ပါယ်တွေပေးတယ်။ ဘယ်လိုရှင်သန်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ၊ စိတ်ကိုဘယ်လိုထားရမလဲဆိုတဲ့ နေထိုင်နည်းတွေကိုပေးတယ်။ ကျွန်မကတော့ ဒီလိုပဲခံယူလိုက်ပါတယ်။
ဘဝမှာ တချို့လည်း ဆုံးရှုံးစွန့်လွှတ်ရမှုတွေ အများကြီး ရှိကြတယ်။ စိတ်ပိုင်းဆိုင်ရာအရ လုံးဝပြန်မထနိုင်တော့ဘူး။ PTSD ဆိုတာ Post Traumatic Stress Disorder ရကြတာပါ။ သိပ်ဆိုးတဲ့ အခြေအနေ အပြောင်းအလဲတစ်ခုကို မမျှော်လင့်ဘဲ ကြုံဆုံလိုက်ရပြီးတဲ့နောက်မှာ ခံစားမှုအာရုံတွေ
Nervous System တစ်ခုလုံးကို ထိခိုက်သွားစေတာမျိုးပါပဲ။
ဒါပေမဲ့ အင်မတန်ဆိုးလှတဲ့အခြေနေတစ်ခုကနေ လွန်မြောက်လာပြီးမှ ပိုပြီး စိတ်ပိုင်းဆိုင်ရာအရ သန်စွမ်းကျန်းမာလာတာ နေတတ်လာတာ စသည်ဖြင့် Post Traumatic Growth ကိုရလာတဲ့သူတွေလည်းရှိတယ်။
သူတို့ကတော့ ဒီအခြေအနေထဲက စိန်ခေါ်မှုတွေကို ရုန်းကန်ပြီး ပြန်ထလာနိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။Positive Growth and Transformation ကောင်းသောအပြောင်းအလဲတိုးတက်မှုတွေ ရလာကြတဲ့သူတွေပါပဲ။
ဘဝရဲ့အဓိပ္ပာယ်ဆိုတာကို ရှာဖွေတွေ့ရှိလာတယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကို ပြတ်ပြတ်သားသား သိမြင်လာတယ်။ ကိုယ်တကယ်ချစ်တဲ့သူတွေကို သိလာတယ်။ ကိုယ့်အချိန်တွေကိုဘယ်လို အသုံးချရမလဲ၊ ဘယ်လိုဆုံးဖြတ်ချက်တွေချရမလဲ၊ ဘယ်လိုရှင်သန်အောင်ဆက်လက်နေထိုင်ရမလဲဆိုတဲ့ အသိအမြင်တွေရလာကြတယ်။ စိတ်ပြတင်းတံခါးတွေပွင့်သွားတယ်။ အလင်းစတွေရလာတယ်။ လမ်းကြောင်းတွေပြောင်းသွားတယ်။
ဒီလို Post Traumatic Growth ကိုရဖို့ဆိုတာက ကိုယ်ကြုံခဲ့ရတဲ့ အခြေအနေတစ်ခုကို ဘယ်လိုမြင်သလဲဆိုတဲ့ Perspective နဲ့ ဘယ်လိုလက်ခံသလဲဆိုတဲ့ Mindset စိတ်ပေါ်မှာ အများကြီးမူတည်ပါတယ်။
ကောင်းတဲ့အရာတွေအများကြီး ကြုံဆုံရမှပဲ ဘဝဟာ အဓိပ္ပာယ် ရှိတယ်လို့ပြောလို့ရတာမဟုတ်ပါဘူး။ အဆိုးတွေထဲမှာလည်း ရှင်သန်နေထိုင်ရခြင်းရဲ့ အဓိပ္ပာယ်တွေကိုရှာဖွေတွေ့ရှိနိုင်ပါတယ်။
ဘယ်အရာမဆို မြင်အောင်ကြည့်တတ်။ လက်ခံတတ်ဖို့ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်နေဖို့က အရေးကြီးပါတယ်။ ဒါဟာလည်း အဓိပ္ပာယ်ရှိစွာ နေထိုင်ခြင်းပါပဲ။
မွန်ဟော်စီ
၂၀၂၁