သစ်ပင်တစ်ပင်ရဲ့တန်ဖိုး
- Sep 19
- 1 min read
Updated: Sep 20

အိမ်မှာ အမေက အပင်လေးတွေစိုက်တယ်။ ကံကော်ပင်၊ သရက်ပင်၊ ပိတောက်ပင်၊ သပြေပင် စသည်ဖြင့် အပင်ကြီးမျိုးတွေ အတော်စုံလင်ပါတယ်။
လေးငါးခြောက်နှစ်အတွင်းမှာပဲ အပင်ကြီးတွေဖြစ်လာတယ်။ အရိပ်လည်းရတော့ ကျွန်မဆို သစ်ပင်အောက်ထိုင်ပြီး စာရေး စာဖတ်လုပ်ရတယ်။
သစ်ပင်ရှိတော့ ငှက်ကလေးတွေကလည်း ကျိကျိကျကျနဲ့လာကြတယ်။ သီချင်းတွေဆိုကြတယ်။ ချစ်သူနဲ့ပျော်ရွှင်နေကြတယ်။ အစာလေးတွေချိတ်ထားပေးရင် အတူစကားပြောဆိုစားသောက်ကြရင်း ပျော်နေကြရော။ အသိုက်လာဆောက်ထားတဲ့ ငှက်လေးတွေကရှိသေးတယ်။
သစ်ပင်မှာချိတ်ထားတဲ့ သစ်ခွပန်းအိုးလေးတွေ၊ သစ်ပင်မှာကပ်ပြီး စိုက်ထားတဲ့ တချို့အပင်တွေကလည်း အမြစ်တွေ ထွက်လို့။
ကျွန်မကတော့ သစ်ပင်အောက် စာထိုင်ရေးရင်း သစ်ပင်တစ်ပင်ရဲ့တန်ဖိုးကိုတွေးမိတာပါပဲ။ အဲဒီအပင်ကိုမှီပြီး လူသတ္တဝါတွေ အများကြီး အကျိုးစီးပွားဖြစ်ထွန်းသွားတယ်။
သူ့ကိုမှီပြီး အပွင့်တွေပွင့်နိုင်ကြတယ်။ အကောင်ကလေးတွေပေါက်နိုင်ကြတယ်။ သစ်ပင်တစ်ပင်ဟာ လောကကိုအလှဆင်နိုင်ပါတယ်။ သူကတော့ နင်တို့ကို ငါထမ်းရွက်ထားရတာ လေးပင်လိုပ်တာလို့ မပြောရှာပါဘူး။
သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်တယ်ဆိုတဲ့စကားက ဒီနေရာမှာ တွေးစရာတွေဖြစ်စေတယ်။
မိတ်ဆွေထဲမှာ ပိုက်ဆံတွေများကြီးရှာနိုင်တဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။ သူဟာ တစ်မျိုးလုံးကို သူ့အိမ်ပေါ် ခေါ်တင်ပြီး ကျွေးမွေး စောင့်ရှောက်ထားတာမျိုးကိုတွေ့ဖူးတယ်။
ညီတွေညီမတွေရှိတယ်။ သားသမီးတွေနဲ့အတူ တူတွေတူမတွေလည်းရှိတယ်။ ကျောင်းထားပေးထားတဲ့သူတွေလည်းရှိတယ်။ နိုင်ငံခြားပို့ပေးထားတဲ့သူတွေလည်းရှိတယ်။
တချို့ကိုလုပ်ငန်းတွေတည်ထောင်ပေးထားတယ်။ မိသားစုစီးပွားရေးပုံစံ လုပ်ငန်းတွေလည်ပတ်နေကြတယ်။
ကျွန်မကအစတုန်းကတော့ အဆိုးမြင်တဲ့ဘက်က ကြည့်မိတာကို ဝန်ခံပါတယ်။ သြော်..လူတွေဒီလောက်အများကြီးအိမ်မှာ ရှုပ်ရှုပ်ယှက်ယှက် ပြဿနာတွေလည်းသိပ်များမှာပဲ။ ဒီအစ်ကိုကြီးကို ဘယ်သူမှမညှာတာကြဘူးလို့စဉ်းစားမိတယ်။
ဒီလူတွေရဲ့တာဝန်တွေ အကုန်လုံးကို ထမ်းရွက်ထားရတာ စိတ်မပျက်ဘူးလားမသိဘူးလို့ တွေးမိတယ်။
ဘာဖြစ်လို့ဒီလိုတွေးမိလဲဆိုရင် ကျွန်မကိုယ်တိုင်က အိမ်မှာ ကိုယ်တစ်ခုခုလုပ်ရပြီဆိုတာနဲ့ ညည်းညူတတ်တဲ့သူမို့လိုဖြစ်ပါတယ်။ ဥပမာ အိမ်မှာရေပန့်ထဲ လေခိုနေတယ်ဆိုပါစို့။
အဲဒီပြဿနာဟာ ကျွန်မအိမ်ကိုပြန်ရောက်တာနဲ့ ကျွန်မက စသတိထားမိတဲ့သူပဲ ဖြစ်ပါတယ်။
ပိုက်ထဲမှာလေခိုနေပြီထင်တယ် လေချူရဦးမယ်ဆိုတာမျိုးကို ကျွန်မကသာ စပြောရတာပါပဲ။ လေချူလည်းမရဘူးဆိုရင် ရေပိုက်သမားကိုခေါ်ရမယ်ဆိုတာကလည်း ကျွန်မပဲလုပ်ရတာဖြစ်လို့ပါပဲ။
အလားတူ အိမ်မှာ အင်တာနက်ပျက်တာ၊ ကားပျက်တာ၊ မီးပျက်တာ ဘာပဲဖြစ်ဖြစ် ဖြစ်လိုက်ပြီဆိုတာနဲ့အရင်ဆုံးသိတဲ့သူက ကျွန်မဖြစ်နေတတ်ပြီး အဲဒါတွေကို လိုက်ပါဆောင်ရွက်ရတဲ့သူကလည်းကိုယ်ပဲဖြစ်နေတတ်လို့ပါပဲ။
ဒါကအသေးအဖွဲကိစ္စပြောတာပါ။ အပြင်ထွက်ရတဲ့ကိစ္စ စကားပြောဆိုရတဲ့ကိစ္စ ရုံးကနားကိစ္စ စာရွက်စာတမ်းကိစ္စ အကုန်လုံးကိုယ်ပဲလုပ်ရပါတယ်။ ကိုယ်ပဲ အားနေသလိုပါပဲ။
ရုံးသွား ခရီးသွားနေရတဲ့သူနဲ့ အရာရာ သူ့သမီးပါမှ ပြီးမယ်ထင်တဲ့အမေနဲ့ ဘာသာစကားလုံးဝမပေါက်တဲ့ ယောကျာ်းနဲ့ဆိုတော့လည်း ဒါတွေ ကိုယ်မလုပ် ဘယ်သူလုပ်မလဲ။
လုပ်ပေးနေရပေမဲ့ တစ်ခါတလေတော့ ကျွန်မ ညည်းညူလိုက်ရဦးမှ ဝသီကြီးကို ဖြစ်လို့ပါပဲ။
အဲတော့ ဘာဖြစ်လာသလဲ။ ငါချည်းပဲလုပ်နေရတာပဲ။ ဘယ်သူမှမလုပ်ကြဘူးဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။ တကယ်တော့ မလုပ်ပေးတာလည်း မဟုတ်ပါဘူး။
အဲဒီအချိန်မှာ ဒီလူကြီးတစ်ယောက်က သူ့တစ်မျိုးလုံးကိုအိမ်ပေါ် ခေါ်တင်ထားပြီး ပြဿနာပေါင်းစုံဖြေရှင်းပေးနေရတာကိုမြင်တော့ ကိုယ်နှင့်နှိုင်းပြီး တွေးလိုက်မိတာပဲဖြစ်ပါတယ်။
အခု ပါမောက္ခချုပ်ဆရာတော်ဘုရားရဲ့တရားကိုနာရတော့ လူတွေက ငါပဲလုပ်နေရတာပဲ။ ငါချည်းပဲလုပ်ပေးနေရတာပဲလို့တွေးတတ်ကြတယ်။ #ငါပဲလုပ်ရတော့ ငါပဲကုသိုလ်ရတာပေါ့။ ဘာဖြစ်လို့ အဲလိုမတွေးနိုင်ကြရတာလဲလို့ မိန့်သွားခဲ့ပါတယ်။
သူတော်ကောင်းတွေဆီက တရားစကားနာကြားရခြင်းရဲ့အကျိုးဟာ အင်မတန်မှကြီးမားပါတယ်။ ကျွန်မတို့ရဲ့စိတ်ကို အကောင်းဘက်ကို ပြောင်းလဲစေပါတယ်။ နူးညံ့စေပါတယ်။ ရင့်ကျက်စေပါတယ်။
သူလုပ်တော့ သူကုသိုလ်ရတာပေါ့။ ငါလုပ်တော့လည်း ငါကုသိုလ်ရတာပေါ့လို့ စိတ်ကတွေးလိုက်တဲ့အခါ မိသားစုနဲ့ပတ်သက်ပြီး လုပ်ရတဲ့အလုပ်တွေကို ငြိုငြင်တဲ့စိတ်ဖြစ်မလာတော့ပါဘူး။
ငါလုပ်ပေးလိုက်တော့ သူတို့ချမ်းသာစွာနေရတယ်။ အဆင်ပြေစွာနေရတယ်။ သူတို့အတွက်ငါလုပ်ပေးနိုင်ပါလားဆိုတဲ့စိတ်က ပီတိဖြစ်စေပါတယ်။ ဒါဟာ ကုသိုလ်စိတ်ပါပဲ။
ဒီစာကိုတော့ သစ်ပင်အောက်မှာထိုင်ရင်းနဲ့ အတွေးနယ်ချဲ့ရေးမိတာပါပဲ။
မွန်ဟော်စီ
၂၀၂၀



Comments