top of page
Search

အမေ၏ အသက်ရှည်စကားနှင့် ငါ့ရဲ့ ရသတိအတွေးများ

  • Nov 5, 2024
  • 1 min read

Updated: Feb 21



Text in a decorative font on a cream background with star patterns. Lower text reads "MON HALSEY". Calm and elegant design.

ကျွန်မအမေက တစ်ခါတစ်လေကျရင်ပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်မ မကြိုက်ဆုံးစကားပေါ့လေ။



“အမလေး တို့ကတော့အသက်အရှည်ကြီးလည်းမနေချင်ပါဘူး။ ကိုယ့်အရိုးတောင်မှ ကိုယ်မသယ်နိုင်တော့ဘဲ သူများဒုက္ခမပေးချင်ပါဘူး” ဆိုတာပါ။



ကျွန်မက "အမေရယ် ဒီလောက်ကောင်းတဲ့ဘဝမျိုးရထားတာတောင် အသက်ရှည်ရှည်မနေချင်ပါဘူးတဲ့။ မပြောကောင်းလိုက်တာ။ မရဘူး နေရမယ်။ အသက်ကိုအရှည်ကြီးနေရမယ် မေမေ။ အသက်အရှည်ကြီး သတိကောင်းကောင်းနဲ့နေရပါစေလို့ ဆုတောင်းပါအမေရယ်” လို့ ပြောရပါတယ်။



ကျွန်မကတော့ အသက်ရှည်ရှည်နေချင်ပါတယ်။ အသက်တစ်ရက်ရှင်သေးရင် တစ်ရက်ပိုပြီးကောင်းတာလေးတွေလုပ်နိုင်တယ်လေ။



ကျွန်မက မနက်အိပ်ရာထကိုယ်လက်သန့်စင်ပြီးရင် ဘုရားဆွမ်းတော်ကပ်ဖို့ပြင်ဆင်တယ်။ ပြီးတာနဲ့ ဘုရားခန်းထဲ ဗန်းလေးကိုင်ပြီးရောက်သွားတာပဲ။ ဆွမ်းတော်ကပ်လိုက်တယ်။ ဆီမီးလှူတာတို့ နံသာလှူတာတို့ကတော့ ထုံးစံအတိုင်းပေါ့လေ။



ပြီးရင် ပဌာန်းရွတ်တယ်။ ကျွန်မ ပဌာန်းရွတ်တာ အနှစ်၂၀ကျော်ပါပြီ။ အဖေ့အသုဘချပြီးနောက်တစ်ရက်ကစပြီး ပဌာန်းရွတ်တာ ယနေ့ထိ တစ်ရက်မှ မပျက်သေးဘူးပဲ။



ပဌာန်းရွတ်တယ်။ ပရိတ်ရွတ်တယ်။ အရင်ကဆို ဓမ္မစကြာတို့ မဟာသမယသုတ်တို့ နေ့တိုင်းရွတ်နိုင်သေးတယ်။ ခုတော့ နေ့တိုင်းအတွက် ပဌာန်းနဲ့ပရိတ်ပဲရွတ်နိုင်ပါတော့တယ်။ ပြီးရင် နာရီဝက်လောက် ဝိပဿနာရှူလိုက်တယ်။ ညဘက်လည်း ၁၅ မိနစ်လောက်ထိုင်ဖြစ်ပါတယ်။ သမ္ဗုဒ္ဓေကတော့ တစ်နေ့ကိုတစ်ထောင်ရအောင်ပွားတာပဲ။



အရင်ကတည်းက ကျွန်မ သမ္ဗုဒ္ဓေကို တစ်နေ့တစ်ထောင်ရွတ်တာမျိုးတွေလုပ်လေ့ရှိတယ်။ ဒါပေမဲ့ ကျွန်မ တရားစထိုင်တော့ ဝိပဿနာပဲရှုတော့မယ်လို့ စိတ်ကဖြစ်လာတယ်။ အရည်အတွက်ကို သိပ်ဦးစားမပေးချင်တော့ဘူးဆိုပြီး ဂါထာမရွတ်တော့တာအကြာကြီးပဲ။



ဒါပေမဲ့ ကျွန်မသူငယ်ချင်း ချောခိုင်ခိုင်မေသွင်က သတိပေးတယ်။ ငါတို့က ဝိပဿနာကို အမြဲရှုနေနိုင်တဲ့အဆင့်မရောက်သေးဘူးဟတဲ့။ ဒါကြောင့် တခြားအချိန်မှာ ကုသိုလ်နဲ့နေတဲ့။ လုပ်နေကျတွေပြန်လုပ်တဲ့။



အဲဒါကြောင့် ပြန်ရွတ်ဖြစ်သွားတယ်။ ကျွန်မကို ဘယ်သူကပဲဖြစ်ဖြစ် အဲလိုမျိုးတွေပြောပေးတဲ့အခါ အရမ်းကျေးဇူးတင်မိတာအမှန်ပဲ။ ကိုယ်လည်း ပြန်ပြောပြချင်လာတယ်။ ကျေးဇူးတင်ခံချင်လို့မဟုတ်ပါဘူး။ ဝေမျှချင်လို့ပါ။



လပြည့်နေ့တို့ ဘာတို့ဆိုရင်တော့ ကျွန်မ ဓာတ်ကြီး၄ပါးဆွမ်းကပ်တာတို့ မဟာသမယသုတ်ပူဇော်တာတို့လုပ်ပါတယ်။ အရင်ကဆို ဓာတ်ကြီးလေးပါးဆွမ်းကို တစ်ပတ်နှစ်ခါ ကပ်တာ၊ ခုတော့တစ်ခါတစ်လေမှပဲလုပ်နိုင်ပါတော့တယ်။ ဒါကလည်း ကံကောင်းဖို့ ကံမြင့်ဖို့ဆိုတဲ့မျှော်လင့်ချက်တွေမပါဘဲ စိတ်ကြည်နူးလို့ကပ်လှူဖြစ်တာပါ။



တစ်ပတ်၄ရက် Gym မှာ ပြေးရင်း တရားနာတယ်။ တစ်ခါပြေးရင် ၄၅မိနစ်ပဲ။ တရားလည်း ၄၅မိနစ်စာနာလိုက်တယ်။ ပျက်နေတဲ့ကိုယ်ကြီးကို အပျက်သက်သာအောင် လုပ်နေရတာလို့ ဆင်ခြင်ပြီးပြေးတာပဲ။



ခြေထောက်လည်းမရှိ၊ ပြေးစက်လည်းမရှိ၊ ကြွလာတယ်၊ မြောက်သွားတယ်၊ ထိတယ်၊ ကြွတယ်၊ မြောက်တယ်၊ထိတယ်ဆိုတာကိုပဲ သိနေမယ်လို့ ကြိုးစားပါတယ်။



စေတနာကြောင့် ကံတွေဖြစ်နေတာပဲလို့ ဆင်ခြင်မိလိုက်တာပါပဲ။ ပြေးချင်တဲ့ စေတနာပေါ်လို့ ပြေးနေတာ။ စိတ္တဇဝါယောတွေလှုပ်ရှားလာပြီး ကိုယ်ခန္ဓာကြီးပြေးသလို လှုပ်ရှားမှုတွေ အမူအရာတွေ ဖြစ်လာတာ။



ပြေးပြီဆိုတဲ့အချိန်မှာ အဲဒီစေတနာက ပျက်သွားပြီ။ ဟော နောက်တစ်ခုအစားထိုးပြီ ဆက်ကာဆက်ကာ အစားထိုးပြီး ဖြစ်ပျက်ဖြစ်ပျက်ပါလားလို့ တွေးလိုက်တာပါပဲ။ ဒါကြောင့် ကြွ မြောက် ထိလို့ပဲသိအောင်လုပ်ပါတယ်။



ကျွန်မအတွက် စိတ်ဝိညာဉ်နဲ့ နှလုံးသွင်းမှုကို အဟာရဖြည့်တဲ့အချိန်ဖြစ်တာကြောင့် အင်မတန်ကို တန်ဖိုးထားပြီး လုပ်ဆောင်မိပါတယ်။



ကျွန်မက အခု တစ်နှစ် နှစ်နှစ်အတွင်းမှာ ဝိပဿနာအလုပ်ကို လေ့လာနေခဲ့တယ်။ ကိုယ်တိုင်လည်း သေချာအားထုတ်ဖြစ်ဖို့ ကြိုးစားနေပါတယ်။



လောကဓံရဲ့ အလွန်အထိနာသောရိုက်ပုတ်မှု ဥပမာ သေလောက်တဲ့ရောဂါဖြစ်တာ၊ အိမ်ထောင်ကွဲတာ၊ စီးပွားပျက်တာ၊ ချစ်တဲ့သူတွေကို ဆုံးရှူံးရတာ၊ အဲဒါမျိုးတွေကို မခံရသေးခင် တရားကို ဆေးအဖြစ် မှီဝဲခွင့်ရလိုက်တာ ကျွန်မ သိပ်ကံကောင်းပါလားလို့ တွေးမိပါတယ်။



စိတ်ဓာတ်ကျနေရင်လည်း တရားအလုပ်လုပ်လို့သိပ်မရဘူးတဲ့။ သိပ်ပျော်နေရင်လည်း တရားလုပ်ဖို့ မေ့လျော့နေတတ်ကြတယ်တဲ့။ ကျွန်မသိပ်လည်းစိတ်မညစ်သလို သိပ်လည်းပျော်မနေပါဘူး။ ပုံမှန်လေးပဲသွားနေပါတယ်။ ဘုရားစကားကို နားလည်ဖို့ ကြည်လင်တဲ့ စိတ်တော့ဖြစ်နေတယ်ပေါ့။



ဘုရားစကားကို သေချာနားလည်လာတဲ့အခါ အကုသိုလ်ဆိုတာကို အရမ်းကြောက်လာတယ်။ လုပ်ခဲ့မိတာတွေရှိတယ်၊ လုပ်ဖို့တွေးမိတာတွေရှိတယ်။ ဒါပေမဲ့ သတိလက်လွတ်မဖြစ်တော့တာဟာ အရင်ကနဲ့ တကယ့်ကို ကွာခြားမှုတစ်ခုပါပဲ။



သတိနဲ့နေတတ်ခဲ့ရင် အချိန်တိုင်း စက္ကန့်တိုင်းသည် တန်ဖိုးရှိနေပါတယ်။



ဒါကြောင့် ကျွန်မကတော့ နေခွင့်ရှိမယ်ဆိုရင် အသက်ရှည်ရှည်နေချင်ပါတယ်။



အသက်ရှည်နေသမျှ နေ့တိုင်းမှာ ကုသိုလ်ကောင်းမှုတွေ ကျင့်ကြံအားထုတ်မှုတွေကို လုပ်နိုင်လို့ပါပဲ။ ညအိပ်ခါနီးတိုင်း ဒီနေ့ဟာ ကောင်းသောနေ့ပဲလို့ တွေးမိတယ်။ စိတ်မှာ အားတွေပြည့်လာရတယ်။



ဘာဖြစ်လို့ လူတွေ သေချင်ကြရတာလဲ။ သေရင်ပြီးတာပဲဆိုတာကို ဘာလို့ လွယ်လွယ်ပြောတတ်ကြတာလဲ။ အသက်မရှည်ချင်ပါဘူးလို့ ဘာလို့ပြောကြတာလဲ။



အသက်ရှည်ရှည်နေပါ။ ကုသိုလ်နဲ့ဖက်တွယ်ပြီး အသက်ကို မွေးမြူပါ။



သေရင် ပြီးသွားတယ်ဆိုတာကတော့ အမှားဆုံး အယူအဆပါပဲ။



မွန်ဟော်စီ


၂၀၁၉ အောက်တိုဘာ


သီတင်းကျွတ်လပြည့်နေ့


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page