top of page
Search

စိတ်ညစ်မှုတွေထဲကနေ ပျော်ရွှင်မှုရှာဖွေရန်နည်းလမ်းများ

  • Feb 21
  • 2 min read

A wooden pier extends over a calm lake under a starry night sky. Text in a foreign script is visible. The mood is serene and reflective.

တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက် နာကျင်ခံစားရတယ်ဆိုရင် အဲဒီတစ်ယောက်ယောက်ဆိုတဲ့သူဟာ

ကျွန်မတို့ရဲ့ အနီးဆုံးမှာ ရှိနေတဲ့သူပဲ ဖြစ်နေတတ်တာများပါတယ်။


တစ်ခါတုန်းက ကျွန်မညီမလေးတစ်ယောက်ဟာ မြို့လေးတစ်မြို့ကို ဘယ်သူမှအသိမခံဘဲ တိတ်တဆိတ်ရောက်လာပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ပြောတဲ့သူရှိတာနဲ့ သိသွားခဲ့တယ်ဆိုပါတော့ သူရှိတဲ့နေရာကို လိုက်သွားလိုက်တယ်။


ဟိုရောက်တော့ သူက သူ့အနီးဆုံးလူတစ်ယောက်ဆီကနေ ရှောင်ပြေးလာတာပဲ။ သူတို့နှစ်ယောက်ဟာ အတော်ဖြေရှင်းရခက်တဲ့ပြဿနာတွေရင်ဆိုင်နေရတယ်။ အချင်းချင်းလည်း ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့မရဘူး။ ဘာပြောလိုက် ပြောလိုက် ပြဿနာဖြစ်နေကြတာပဲ။

ကျွန်မက ဘာလုပ်တတ်မှာလဲ။ဘာမှမလုပ်တတ်ပါဘူး။အကြံလည်းမပေးတတ်ဘူး။


ဒါမျိုးက တစ်စုံတစ်ယောက်ရဲ့အကြံပေးမှုနဲ့ ပြေလည်သွားတတ်တဲ့အရာမျိုးလည်းမဟုတ်ဘူး။ကိုယ်လုပ်နိုင်တာတော့ လုပ်ပေးလိုက်တယ်။


သူက ငိုလိုက်ရယ်လိုက်တွေ ဖြစ်နေတော့

“ဟေ့..ဟေ့..ထ..ထ.. ထမင်းသွားစားမယ်”

“ဟာ..မစားချင်ဘူး..ဘာမှစားချင်စိတ်မရှိဘူး”

“မစားလို့ဘယ်ရမလဲ..ထ..မင်းမစားချင်ပေမဲ့..ငါစားချင်တယ်ဟ..”

Seafood သွားစားမယ်” ဆို အတင်းခေါ်ပြီး Seafood Dinner သွားစားကြတယ်။

သူ Seafood ကြိုက်တာ ကျွန်မသိတာကိုး။စားတော့လည်း

“အင်း...ကောင်းလိုက်တာ” တဲ့

“အေး..ကောင်းရင်..စားသာစား..များများစား..ယောကျာ်းနဲ့ အဆင်မပြေတာမပြေတာပဲ။ကိုယ်ကြိုက်တာလည်း စားရမှာပဲ” အဲလို သူ့ကိုပြောပြီး ကျွေးတာပဲ။


ညဘက် ဟိုတယ်ပြန်ရောက်တော့ လင်မယားနှစ်ယောက် ဖုန်းနဲ့ သတ်နေကြပြန်ရော။ ပြီးရင် သူ ကျွန်မဘေးဝင်အိပ်ရင်း ရွှီးရွှီးနဲ့ ငိုနေပြန်ရော။ကျွန်မလည်း ဘာမှမပြောနိုင်တော့ ဒီအတိုင်းကြည့်နေရတာပေါ့။


မနက်ကျတော့ “ဟေ့..ထ..ထ...ဒီနေ့ ပန်းတွေသွားကြည့်ရအောင်” ဆိုပြီး ပန်းခြံကိုခေါ်သွားတယ်။ သူကပန်းတွေသိပ်ကြိုက်တာ၊ ထုံးစံအတိုင်း မသွားဘူးဘာညာနဲ့လုပ်ပြီး ကိုယ်သွားမယ်ဆိုတော့လည်း ယောင်ပေပေနဲ့ပါလာတာပေါ့။ ပန်းခြံရောက်တော့လည်း ဒီပန်းကလေးကဘယ်လို၊ ဟိုအပွင့်ကလေးလှတယ်နဲ့ သူ့စိတ်အပြောင်းအလဲလေးပေါ့လေ။


ပြီးရင် သူ သူ့လူကို သတိရသွားပြန်ရော။ သူ့အပေါ် ဘယ်လိုရက်စက်တာလို့ပြောပြန်ရော ဘယ်လိုနေနေ သူမပျော်ဘူးတဲ့။ မျက်ရည်ကျပြန်ရော။ကျွန်မကတော့ သူတို့ကိစ္စ ကိုယ်လည်း နားမလည်ဘူး။ ဆရာမကြီးလည်း ဝင်မလုပ်ချင်ဘူး။


အဲ ပျော်အောင်တော့ လုပ်ပေးနိုင်လောက်တယ်ဆိုပြီး ရယ်စရာတွေတစ်လမ်းလုံး သူ့ကိုပြောလာတယ်။ ရုပ်ပြောင်တွေလုပ်ပြတယ်။ အဲတော့လည်း သူရယ်တာပေါ့။


ပြီးရင် မှိုင်တွေကျနေပြန်ရော။ ဘယ်လိုဖြစ်ဖြစ် ကျွန်မကတော့ သူရယ်လိုက်ရင် ကိုယ်ကြိုးစားရကျိုးနပ်တာပဲလို့ တွေးလိုက်ပါတယ်။သူနဲ့ ရုပ်ရှင်ကြည့်တယ်။ ရေခဲဒိန်ချဉ် သွားသောက်တယ်။ ဆွဲကြိုးလေးတွေ နားကပ်လေးတွေ ပုဝါလေးတွေ သိပ်စျေးမကြီးတာလေးတွေ လျှောက်ဝယ်လိုက်တယ်။


သူပြောတာတွေလည်း နားထောင်ပေးရတာပေါ့လေ။ ကိုယ်တောင် စိတ်ညစ်သွားတယ်။ ဒါပေမဲ့ အချိန်တန်ရင် ပြီးသွားမယ်လို့တော့ သိနေတယ်။ဘယ်အရာမှ အမြဲဖြစ်နေတာမဟုတ်ဘူးလေ။ ဒီလောက်တော့ သတိပေးရတာပေါ့။


တကယ်တော့ ကျွန်မတို့ဘဝမှာ အရမ်းစိတ်ညစ်ညူးစရာကိစ္စတွေ ပြဿနာတွေရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒီအဆင်မပြေမှုတွေထဲမှာပဲ ကျွန်မတို့ဟာ ပျော်ရွှင်ဖို့ ထိုက်တန်နေပါသေးတယ်။ ခဏလေးပဲဖြစ်ဖြစ် ရယ်လိုက်ပါ။ ပျော်လိုက်ပါလို့ ပြောချင်တယ်။


အချင်းချင်း အသံကြားတာနဲ့ စကားပြောလိုက်တာနဲ့ မျက်နှာမြင်လိုက်ရတာနဲ့ ဝုန်းဒိုင်းပြသနာတွေတက်နေရတာ လေတင်းအောင်ထိုးထားတဲ့ လေပူဖောင်းရဲ့မျက်နှာပြင်လို စိတ်တွေဟာ အထိမခံနိုင်အောင် ပါးလှပ်နေလို့ပါ။ သွားမထိလိုက်နဲ့ ထိတာနဲ့ ဖောင်းကနဲ ပေါက်ကွဲထွက်သွားပြီပဲ။


စိတ်တွေတင်းကျပ်နေတဲ့အချိန်မှာ ခဏ ခဏ စိတ်ကိုဖြေလျှော့ပေးသင့်တယ်။အပင်လေးတွေကြည့်လိုက်တာ၊ အသက်ရှုပြီး ဝင်သက်ထွက်သက်ကို မှတ်လိုက်တာ၊ ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေ စားလိုက်တာ၊ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်၊ သီချင်းတွေ အော်ဆိုပစ်လိုက်တာ၊ ပြောလို့ရတဲ့သူကို ရင်ဖွင့်လိုက်တာ၊ ဝါသနာပါတာလေးတွေ လုပ်တာ၊ သူငယ်ချင်းတွေနဲ့ သွားတာ၊ ကိုယ့်ရဲ့စိတ်ကို ခဏလေးဖြစ်ဖြစ် အပြောင်းအလဲလေးတွေ ဖြစ်သွားစေတဲ့ ကိုယ်နှစ်သက်ရာ ပျော်ရွှင်စရာ အာရုံလေးတွေနဲ့ ဖြေဖျော်ပေးသင့်ပါတယ်။


တချို့က စိတ်ညစ်ပြီဆို တွေးကြတယ်။ “ငါ့ဘဝ ဒီလောက်စိတ်ညစ်စရာကောင်းနေတာ..ငါဘယ်လိုလုပ်ပျော်နိုင်ပါဦးမလဲ..ပျော်ချင်တဲ့စိတ်လည်းမရှိပါဘူး..ဒီအချိန်မှာ ပျော်နေလိုရော..ကောင်းပါ့မလား” လို့ တွေးတတ်ကြတယ်။ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်လုပ်ဖို့မှာဘာအပြစ်မှမရှိပါ။ အပြစ်ကင်းတဲ့ပျော်ရွှင်ခြင်း ဖြစ်ဖို့တော့ လိုအပ်တာပေါ့လေ။


လူတွေမှာရှိတဲ့ စူပါပါဝါဟာ ကိုယ့်ကိုယ်ကိုယ် အချစ်တတ်ဆုံးပဲဖြစ်ပါတယ်။ တစ်ယောက်ယောက်ကို ဘယ်လောက်ပဲ ချစ်လှပါချည်ရဲဆိုပေမဲ့ အဲဒီတစ်ယောက်ဟာ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ ဆက်တိုက်ပေးနေပြီဆိုရင် ဘယ်သူမှ စိတ်ညစ်ခံ၊ နှိပ်စက်ခံနေတော့မှာ မဟုတ်ပါဘူး။ ချစ်တယ်ဆိုတဲ့သူကိုပဲ အမြန်ဆုံး စွန့်ခွာသွားကြမှာ ဓမ္မတာပဲဖြစ်ပါတယ်။


ကိုယ့်စိတ်နှလုံး အေးချမ်းသာယာမှုကို အမြန်ဆုံးပြန်ပြီး ရှာဖွေကြတာပါပဲ။ ရှာဖွေနိုင်တဲ့ အစွမ်းအစလည်း တကယ်ရှိကြပါတယ်။ယုံမရှိပါနဲ့။ကိုယ့်အနေနဲ့ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရတဲ့ကိစ္စမျိုးကို လက်လျော့လိုက်တာဟာလည်း စိတ်ကို ပျော်ရွှင်စေမှုတစ်ခုပဲ။


သူ့ဘက်က တုံ့ပြန်မှုတိုင်းကို သိနေလျက်နဲ့“ဟာ..ငါ့အပေါ်မကောင်းလာသေးပါလား...ဒီတစ်ခါတော့..ကောင်းချင်ကောင်းလာမှာပါ” ဆိုပြီး မျှော်လင့်ချက်အမှားမျိုးထားပြီး ဝမ်းမနည်းတတ်တော့တာလည်း ကိုယ့်ကို ပျော်ရွှင်စေတာပါပဲ။


တကယ်တော့ ကျွန်မတို့ဟာ ကိုယ်ထင်ထားတာထက် ပိုပြီးအစွမ်းအစရှိကြတဲ့သူတွေဖြစ်ကြပါတယ်။ ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာတွေအများကြီးပါ။ ပျော်စရာတွေ အများကြီးပါ။

ကျွန်မလည်း သူနဲ့ ရက်ပိုင်းလောက်အတူ အချိန်ဖြုန်းပြီး ပြန်လာခဲ့ပါတယ်။ ပြန်လာခဲ့ပေမဲ့ သူ့ကိုနေ့တိုင်း ရယ်စရာတွေပို့ပေးတယ်။ သူရယ်ဖို့ မေ့နေမှာစိုးလို့ပါပဲ။အနည်းဆုံးတော့ သူ့ကို ပျော်ရွှင်စေချင်တဲ့သူတစ်ဦး ကမ္ဘာပေါ်မှာ ရှိနေသေးတာကို သူသိသွားရတာပေါ့လေ။


လေပူဖောင်းလို တင်းမာပါးလှပ်နေတဲ့ သူ့စိတ်ကို အများကြီးဖြေလျော့ပေးခဲ့တယ်။ စိတ်ကလျော့နေတော့ ဟိုဘက်ကလာထိရင်တောင် ဖောင်းကနဲ ထမပေါက်တော့ဘူး။ လေလျော့တဲ့ ပူဖောင်းကြီး အိစိအိစိနဲ့ ဖြစ်နေပြီ။

သူလည်း အကောင်းဆုံးအခြေအနေတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ပျော်ရွှင်နေခဲ့ပါပြီ။ ခုတော့သူပြောတတ်လာတယ်။ ကျွန်မကို လွမ်းလိုက်တာတဲ့။အဲဒီအချိန်တုန်းက ကျွန်မရာက်မလာရင် သူ လောကကြီးကထွက်ခွာသွားချင်တဲ့ စိတ်ပေါက်နေပြီတဲ့။


သူ့အတွက် ဝမ်းသာမိတယ်။


တကယ်တော့ သူ့ကို ဘာအကြံဥာဏ်မှ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို ခဏလေးဖြစ်ဖြစ် ပျော်လိုက်ပါလို့တော့ သတိပေးနိုင်ခဲ့တယ်။စိတ်ညစ်စရာအကောင်းဆုံးအခြေအနေတွေမှာတောင် ခဏလေးဖြစ်ဖြစ်ရယ်မောနိုင်အောင် ကြိုးစားကြည့်ပေးစေချင်ပါတယ်။ ကိုယ့် ဘောလုံးကလေးတင်းလာပြီဆိုတာနဲ့ လေလျှော့ပေးဖို့ မမေ့ပါနဲ့။


မွန်ဟော်စီ

၂၀၁၉


 
 
 

Kommentare


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page