ငယ်ငယ်တုန်းက ဗေဒင်တစ်ခါသွားမေးတော့ အဲဒီဆရာက ငွေနဲ့ပတ်သက်ပြီးပြောပြခဲ့တဲ့ အစီအရင်လေးတစ်ခုကို မှတ်မိနေပါတယ်။
- Jan 28
- 1 min read

ငွေသုံးရတော့မယ်၊ ငွေထွက်တော့မယ်ဆိုရင် ငွေကို အလေးအနက်ထားပြီးစကားပြောပါတဲ့။ ငါ့အိမ်ကို ငါ့ဆီကိုပြန်လာပါ။ တံခါးတွေဖွင့်ပေးထားတယ်။ မင်းကိုငါကသိပ်ချစ်တာ။ ငါ့ကိုလည်းပြန်ချစ်ပါ။ မင်းကိုရအောင်ပြန်ခေါ်မယ် အစရှိသဖြင့် သမီးရည်းစားလင်မယားတွေ ခွဲခွာခါနီးအလွမ်းသည်သလိုကို စကားပြောရမယ်လို့ဆိုပါတယ်။
ဒါကတော့ လောကီဆိုင်ရာအစီအရင်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ စာတွေလိုက်ဖတ်ရင်း အခုချိန်မှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး စဉ်းစားစရာလေးတစ်ခုပေါ်လာလို့ပါ။ သူပြောတဲ့အစီအရင်က ငွေကိုပြန်ပြီးဆွဲဆောင်ခေါ်ယူတဲ့သဘောပဲ။ Law of Attraction ဆွဲငင်ခြင်းနိယာမကို အသုံးချတဲ့သဘောပါပဲလို့ သဘောပေါက်မိပါတယ်။
အင်္ဂလိပ်လိုဆိုရင် ကိုယ်လိုချင်တဲ့အရာတွေကို ကိုယ့်ဘဝထဲရောက်လာအောင် Manifestation လုပ်တယ်လို့ သုံးရမယ်ထင်ပါတယ်။
အခုအချိန်မှာ စိတ်စွမ်းအင်နဲ့ပတ်သတ်တဲ့ စာတစ်အုပ်ရေးနေတာမို့ စိတ်ဝိညာဉ်နဲ့စွမ်းအင်ဆိုင်ရာ အကြောင်းအရာတွေအတော်များများ လေ့လာနေမိတော့ ကိုယ်လိုချင်တာတွေကို ကိုယ့်ဘဝထဲရောက်လာအောင် ဆွဲခေါ်နိုင်တယ်ဆိုတဲ့အကြောင်းကို ကိုယ်တိုင်အင်မတန် ယုတ္တိဗေဒကျကျ နားလည်လက်ခံနိုင်ဖို့ ကြိုးစားနေမိပါတယ်။
တကယ်တော့ ကျွန်မတို့ကိုယ်တိုင်က စွမ်းအင်တွေဖြစ်ကြပါတယ်။ တချို့စွမ်းအင်တွေက ပိတ်ဆို့နေတတ်ကြပြီး တချို့စွမ်းအင်တွေကတော့ ရှောရှောရှူရှူစီးဆင်းနေတတ်ကြပါတယ်။ ပိတ်ဆို့ကာဆီးနေတဲ့စွမ်းအင်တွေကို ပွင့်တဲ့ဖက်ကိုပြောင်းပေးဖို့လိုပါတယ်။ Energy ကို Shift လုပ်ပေးရမယ်။ ပြောင်းပေးရမယ်လို့ နားလည်မိပါတယ်။
ကျွန်မနားလည်မိသလောက်ကတော့ ကျွန်မတို့ကလိုချင်တယ် လိုချင်တယ်လို့ပြောပြီး တကယ်တမ်းကျတော့ ရဖို့မထိုက်တန်ဘူးလို့ ဖြစ်နေတတ်ကြတာမျိုးတွေရှိတယ်။ တကယ်ရလာမယ်ဆိုရင်တောင် လက်မခံနိုင်သေးတဲ့ အခြေအနေမျိုးတွေဖြစ်နေတတ်ကြတယ်။ အဲဒါဟာ တကယ်တော့ Negative Energy တွေ ပိတ်ဆို့နေတာပဲဖြစ်ပါတယ်။ ဒါကိုသတိမထားမိလို့ပါပဲ။
ကိုယ်လိုချင်တာတွေမရဘူးဆိုတာဟာ ကိုယ်ကိုယ်တိုင်တားဆီးပိတ်ပင်ထားမိတာကြောင့် ဖြစ်နေတတ်တယ်။
ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပဲစဉ်းစားမိတယ်။ အမျိုးသမီးဖြစ်ပေမဲ့ ကျွန်မက လက်ဝတ်ရတနာစုဆောင်းဝယ်ယူဝတ်ဆင်ရတာ လုံးဝဝါသနာမပါပါဘူး။ သူများတွေ ဝတ်ထားတာတွေ့ရရင်တော့ အင်မတန်မှသဘောကျတတ်ပါတယ်။ "ဟယ်..ငါလည်းလိုချင်လိုက်တာ"လို့ဖြစ်မိတာပါပဲ။
Fancy တိုးလို့တွဲလောင်းတွေ၊ ပြူးပြူးပြဲပြဲကျောက်တုံးတွေ၊ ပုတီးစေ့တွေနဲ့ ဆွဲကြိုးတွေလက်ကောက်တွေဆိုရင်တော့ အင်မတန်မှ နှစ်သက်သဘောကျစွာ ဝယ်ယူစုဆောင်းတယ်။ ဝတ်ဆင်တတ်ပါတယ်။ လက်ဆောင်ပေးခံရရင်လည်း သိပ်သဘောကျတယ်။
အခုအချိန်မှာ ဘာမှမဝတ်ဖြစ်တော့တာတောင်မှ အရင်တုန်းကဝယ်ယူစုဆောင်းသိမ်းဆည်းထားခဲ့တဲ့ Fancy ဆွဲကြိုးလက်ကောက်၊ နားကပ်တွေဟာ အပုံလိုက်ကြီးဖြစ်နေပါတယ်။
အခု ကိုယ့်ကိုယ်ကိုယ်စဉ်းစားမိတော့ ဒီဟာတွေဝယ်ဖို့ဆိုရင် အမြဲတမ်းစိတ်ကအဆင်သင့်ဖြစ်နေခဲ့တာပါပဲ။ ငါနဲ့လိုက်တယ်။ ငါ ကြိုက်တယ်။ ငါဝယ်ဦးမယ်ဆိုတာမျိုး စိတ်မှာအမြဲတမ်းရှိတယ်။
အဖိုးတန်တဲ့ စိန်ရွှေရတနာလိုမျိုးကျတော့ စိတ်မှာအမြဲတမ်းဖြစ်မိတာက "အမလေး..ငါနဲ့ ဘယ်လိုမှမလိုက်ဘူး။ ဆွဲကြိုးကတခြား လူကတခြား.. ဝတ်မှာလည်း မဟုတ်ဘဲနဲ့ဘာလို့ဝယ်နေမှာလဲ။ ငါဝတ်တဲ့လက်ဝတ်ရတနာဟာ ငါ့ရဲ့တန်ဖိုးမဟုတ်ဘူး" ဆိုတဲ့စိတ်မျိုး အမြဲရှိနေတဲ့အခါမှာ ကျွန်မဆီကို ရွှေငွေလက်ဝတ်လက်စားတွေ လုံးဝရောက်မလာတော့ပါဘူး။ အလကားရလာမယ်ဆိုရင်တောင် ဝတ်ရမလား။ သိမ်းထားရမလား။ ကျွန်မဘာလုပ်ရမလဲ မသိဘူး။
အဲဒီအရာတွေနဲ့ပတ်သက်ရင် ကိုယ်ကိုယ်တိုင် တားဆီးပိတ်ပင်ထားလိုက်သလိုဖြစ်သွားတယ်။ တကယ်လိုမှမလိုချင်တာ အဲတော့မရတော့ဘူးပေါ့။ ကျွန်မစိတ်က အဲဒီအရာကိုမဆွဲငင်ဘူးလေ။
လက်ဝတ်လက်စားဆိုလို့ ယောက်ျားဆင်ထားတဲ့ စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ်ကလွဲလို့ ကျွန်မကိုယ်ပေါ်မှာ ဘာမှမရှိပါဘူး။
အခုတော့ ကောင်းတာ လှတာ အဖိုးတန်တာ ရတနာလေးတွေလည်း ငါ့ကိုယ်ပေါ်ရောက်လာကြပါစေလို့ Energy ကို Shift လုပ်ထားမိပါတယ်။
ကျွန်မတို့တွေက တကယ်ကိုလိုချင်ပြီဆိုရင် ရအောင်ယူနိုင်ကြတယ်။ ကိုယ့်စိတ်ထဲက တကယ်နှစ်နှစ်ကာကာမလိုချင်ဘူးဆိုရင် အဲဒီအရာဟာ ကိုယ့်ဆီကိုဘယ်တော့မှရောက်မလာဘူးလို့ သဘောပေါက်လာမိတယ်။
မလိုချင် မရဘူး။ လိုချင်ရင် ရတယ်။ ရဖို့အတွက်ကို နည်းလမ်းတွေလိုက်ရှာတယ်။ ကြိုးစားတယ်။ အားထုတ်တယ်။
ဒါကြောင့် စိတ်ဆိုတာ စွမ်းအင်တွေရှိပါတယ်။ ဒါကိုယုံကြည်ပါတယ်။ စိတ်ကအရမ်းဖြစ်ချင်လာပြီဆိုရင် ကိုယ်က အဲဒီလိုဖြစ်လာဖို့ နည်းလမ်းတွေကိုရှာဖွေကြံဆောင်လာပါတယ်။ လိုက်ရှာတတ်လာပါတယ်။ ဖြစ်အောင်လုပ်လာတတ်ပါတယ်။
ဒါကြောင့် စိတ်ရဲ့စွမ်းအင်တွေကိုယုံကြည်ပါ။ ကောင်းတဲ့အရာတွေကိုဆိုရင်မှာ အဲဒီအတွက် မသေမချာဖြစ်နေတာ၊ မဝံ့မရဲဖြစ်နေတာမျိုးမဟုတ်ဘဲနဲ့ တကယ်ကိုလိုလားစွာ နှစ်သက်မြတ်နိုးစွာတောင့်တပါ။
အခက်အခဲ ကြုံရတိုင်း..အဆင်မပြေဖြစ်တိုင်း ငါတို့တွေ ဒီလိုပဲသွားကြတော့မှာပဲ။ ဘာကိုမျှော်လင့်ရမှန်းတောင် မသိတော့ပါဘူး။ တစ်သက်လုံး ဒီလိုပဲ နေသွားရတော့မဲ့ထင်ပါရဲ့။ လုပ်စားစရာမရှိတော့ဘူးဆိုတဲ့အတွေးတွေ ဝင်လာတတ်ကြပါတယ်။
အဲဒီလို Negative Thoughts တွေ Negative Energy တွေအစား ငါတို့ဟာ ပျော်ရွှင်မှုတွေနဲ့ ထိုက်တန်တယ်။ ငါတို့တော့ ဘယ်လိုအလုပ်တွေ လုပ်ကြရဦးမှာ၊ ကုသိုလ်ကောင်းမှုတွေ ပိုလုပ်ဖြစ်ကြမှာ၊ ပိုပြီး ချစ်ခင်လာကြမှာ စသည်ဖြင့် ကောင်းသောအရာတွေကို လက်ခံနိုင်ဖို့အတွက် ကိုယ့်ရဲ့ Positive Energy ကို ပြင်ဆင်ပေးကြည့်ပါ။
ကျွန်မတော့ ဒီလိုပဲတွေးပါတယ်။ စိတ်မှာ ပျော်လာပြီဆိုရင် အကြည်ဓာတ်တွေစပြီးရလာပြီ ရင်ထဲမှာ အေးလာပြီ။ ဒါဆိုရင် သေချာပြီ။ Positive Energyကို ပြောင်းနေပါပြီ။
မွန်ဟော်စီ
၂၀၂၁
#မနက်စာအာဟာရ
Comments