top of page
Search

ဘဝမှာ တည်ဆောက်မှုတွေ ရှိခဲ့တယ်ဆိုရင်ပြိုပျက်မှုတွေကိုလည်းကြုံဆုံရတာသဘာဝပါ။

  • Jan 27
  • 1 min read

ree

အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ တည်ဆောက်ခြင်း၊ပြိုပျက်ခြင်းတွေနဲ့ ဘဝဟာအရောင်အသွေး စုံလင်တဲ့ ခရီးတစ်ခုပဲဖြစ်ပါတယ်။


တစ်စုံတစ်ခုကို တည်ဆောက်ဖို့ဆိုတာ အချိန်၊စိတ်၊ ငွေကြေး အားစိုက်မှုနဲ့ တန်ဖိုးထားမှုတွေအများကြီး ထည့်သွင်းလိုက်ရတဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့ရတဲ့အဲဒီအရာတွေဟာတစ်ခါတစ်ရံ စက္ကန့်ပိုင်းအတွင်းမှာပဲ မမျှော်လင့်တဲ့အကြောင်းအရာတွေကြောင့်

ပြိုလဲသွားနိုင်တယ်။ မှားသွားတဲ့ စကားတစ်ခွန်း၊ လွဲမှားတဲ့နားလည်မှုတစ်ခု သို့မဟုတ် မျက်စိရှေ့မှာတွေ့လိုက်ရတဲ့ အဖြစ်အပျက်တစ်ခုဟာ အကြာကြီးတည်ဆောက်လာရတဲ့ အရာတစ်ခုကို ဖျက်ဆီးဖို့ လုံလောက်နိုင်ပါတယ်။


တစ်ခုခုကို တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ အိမ်တစ်လုံး တည်ဆောက်ရာမှာ အခြေခံတိုင်တွေကစပြီး နံရံတွေ အထိတည်ဆောက်ရသလိုပဲ လူမှုဆက်ဆံရေးတွေမှာလည်း ယုံကြည်မှုကို အခြေခံပြီး တည်ဆောက် ရပါတယ်။


တစ်ချိန်တည်းမှာပဲ အချိန်နဲ့အတူ အားစိုက်မှုတွေကို ပေါင်းစပ်ပြီး ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုတွေကို အတူတူဖန်တီးရပါတယ်။ ဒါကြောင့်တည်ဆောက်မှုတစ်ခုဟာ သက်တန်းရှည်လျားတဲ့ အတည်ပြုမှုတွေ၊သင်ယူမှုတွေ နဲ့ ဂရုစိုက်မှုတွေ ပေါင်းစပ်ထားတဲ့ အရာတစ်ခု ဖြစ်ပါတယ်။


ဆက်ဆံရေး Relationship ဆိုတာ လူသားတိုင်းရဲ့ ဘဝမှာအခြေခံကျတဲ့ အရေးပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မိသားစုဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ လက်တွဲဖော်ဆက်ဆံရေး၊ အလုပ်အဖွဲ့ဆက်ဆံရေးတွေဟာ အချိန်တစ်ခုနဲ့အတူ တည်ဆောက်ရတာဖြစ်ပြီး၊ အချိန်နဲ့အတူလည်း ထိန်းသိမ်းရပါတယ်။


"In every relationship, the quality of your life depends on the quality of your relationships"

( Esther Perel)


ဘဝရဲ့အရည်အသွေးဟာ ဆက်ဆံရေးရဲ့ အရည်အသွေးပေါ် မူတည်တယ်.. ဆိုတဲ့စကားဟာ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာကို သက်သေပြနေပါတယ်။


လူမှုဆက်ဆံရေးတစ်ခု၊အိမ်ထောင်ရေးတစ်ခုကို အနှစ်နှစ်အကာလ တည်ဆောက်လာခဲ့ရပေမယ့် တစ်ခါတစ်ရံမှာဘာမှမဟုတ်ဘူးလို့ ပေါ့ပေါ့တန်တန်သဘောထားခဲ့မိတဲ့စကားတစ်ခွန်း၊အဖြစ်အပျက်တစ်ခု၊လုပ်ရပ်တစ်ခုက ဒီအဆောက်အအုံကြီးတစ်ခုလုံး၊ မိသားစုအသိုက်အမြုံကြီးတစ်ခုလုံးကိုပြိုကွဲသွားစေနိုင်ပါတယ်။


💔မိတ်ဆွေလင်မယားနှစ်ယောက်က သားတွေသမီးတွေနဲ့အင်မတန်မှအောင်မြင်တဲ့၊ပြည့်စုံကြွယ်ဝချမ်းသာတဲ့၊ အဆင်ပြေတဲ့၊အများကအားကျရလောက်တဲ့အိမ်ထောင်ရေး၊ မိသားစုဘဝကိုတည်ဆောက်ထားနိုင်တာဖြစ်ပါတယ်။ တစ်ရက်မှာတော့အမျိုးသားက အမျိုးသမီးတစ်ယောက်နဲ့ခြေပုန်းခုတ်ပြီး Dinner သွားစားတဲ့ကိစ္စကို ဇနီးဖြစ်သူက သိသွားပါလေရော ။ အမျိုးသားကလည်း ဘာမှ ကြီးကြီးကျယ်ကျယ်တွေ မဖြစ်လောက်ဘူးထင်လို့ အခြေအနေတစ်ခုကိုသာယာမိတာဖြစ်ပုံရပါတယ်။ သိပ်အလေးအနက်ရှိလှတယ်တော့လည်းမဟုတ်ဘူး။ ဒါပေမဲ့ ဇနီးဖြစ်သူကလည်းဒီကိစ္စကို လုံးဝခွင့်လွှတ်မပေးဘဲ အဆုံးအထိသွားတဲ့အခါ ဘဝတွေ၊ အချိန်တွေနဲ့ရင်းပြီးတည်ဆောက်ထားခဲ့တဲ့ မိသားစုအသိုက်အမြုံကြီးတစ်ခုဟာနှမျောစရာကောင်းလောက်အောင်ကိုပြိုပျက်သွားခဲ့ရပါတယ်။


💔အချင်းချင်းစကားတွေများကြရင်း You find your own way. မင်းလမ်း..မင်းသွားတော့.. ဆိုတဲ့စကားကြောင့် တစ်ယောက်ကလုံးဝပြန်လှည့်မလာတော့တဲ့အထိစိတ်နာသွားတဲ့သမီးရည်းစားမျိုး တွေ့ဖူးပါတယ်။ဆက်ဆံရေးတစ်ခုမှာတစ်ယောက်ယောက်က စိတ်ဆိုးသွားတယ်၊စိတ်ကောက်သွားတယ်ဆိုရင်ပြန်ချော့လို့လွယ်ပေမယ့်စိတ်နာသွားတယ်ဆိုတာမျိုး အထိဖြစ်သွားရင် အရာရာဟာအဆုံးသတ်သွားတတ်ပါတယ်။


💔အလုပ်တစ်ခုမှာဝန်ထမ်းတစ်ယောက်က အင်မတန်မှကြိုးကြိုးစားစားနဲ့ အလုပ်လုပ်တတ်တယ်။ အလုပ်ရှင်ကလည်းသူ့ကိုသဘောကျတယ်။ နာမည်ပျက်မရှိဘူး။ အများသူငါနဲ့ဆက်ဆံရေးလည်း ပြေပြစ်

ကောင်းမွန်တယ်။ ဒါပေမဲ့တစ်ခါမှာတော့ သူများကျန်ခဲ့တဲ့ တန်ဖိုးကြီးဖုန်း တစ်ခုကို ယူထားလိုက်မိတယ်။ ဘယ်သူမှသိမယ်လည်းမထင်လို့ဖြစ်မှာပါပဲ။အဲဒီအတွက်ကြောင့်ဖြောင်ထားလိုက်တာပဲ။ ဒါပေမဲ့ ရှာတဲ့သူတွေကလည်း နည်းပညာနဲ့အကွက်ကျကျရှာတတ်တဲ့အခါမှာ သူ့ဆီမှာပြန်တွေ့တယ်။ နှစ်ပေါင်းများစွာရိုးသားကြိုးစားလာခဲ့ဂုဏ်တစ်ခုဟာအဲဒီမှာ ချက်ချင်းပျက်စီးသွားတော့တာပဲ။


ဒါကြောင့်ကိုယ်တည်ဆောက်ထားခဲ့တဲ့အရာတွေရဲ့တန်ဖိုးကို နားလည်ဖို့ လိုပါတယ်။ ဘာမှမဟုတ်ဘူးထင်ရပေမယ့် တချို့အရာတွေဟာ တည်ဆောက်ထားခဲ့သမျှ ချုံးချုံးကျပြိုပျက်သွားတဲ့အထိ ဖျက်ဆီးနိုင်တဲ့ အစွမ်းတွေရှိကြတယ်။


တစ်ခုခုကို တည်ဆောက်လိုက်တဲ့အခါ အဲဒီအရာကို စဉ်ဆက်မပြတ် ထိန်းသိမ်းဖို့လိုတယ်လို့ သတိပြုရမယ်။ တကယ်တော့တစ်ဘဝလုံးတည်ဆောက်ထားခဲ့ရတဲ့ အရာတွေဟာ တခဏအတွင်းမှာလည်းပြိုပျက်သွားနိုင်တာဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၅

 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page