မုဒိတာစိတ်နှင့်အောင်မြင်မှု
- May 2
- 1 min read

အစ်ကိုတစ်ယောက်က ပြောပါတယ်။
စားသောက်ဆိုင်မှာ မိသားစုတစ်စုက မွေးနေ့လုပ်ကြတော့ အစ်ကို့ရဲ့တစ်နှစ်အရွယ် သားပိစိလေးက မွေးနေ့ကိတ်ခွဲနေကြတဲ့လူတွေကိုကြည့်ရင်း ဒီဘက်စားပွဲကနေ သူကပါ လက်ခုပ်လက်ဝါးတီးပြီး ပျော်နေလိုက်တာတဲ့။ ကိုယ်နဲ့ လုံး၀ သက်ဆိုင်ခြင်းမရှိပေမဲ့ သူများရဲ့အပျော်ကို ထပ်တူထပ်မျှ ၀မ်းသာပေးနိုင်တာ မုဒိတာစိတ်ပဲ ဖြစ်ပါတယ်။
ကျွန်မ အလှူတစ်ခုသွားတော့ ကျွန်မနဲ့ တစ်စားပွဲတည်းထိုင်နေတဲ့ သူက ကျွန်မကို အလှူရှင်အမျိုးသားအကြောင်း ဖေါက်သည်ချပါတယ်။သူတို့က ငယ်ပေါင်းကြီးဖေါ်တွေပါ။ ဒီကောင်ဟာ ငယ်ငယ်က ဘယ်လိုလူကြောက်တဲ့သူဖြစ်ကြောင်း၊ အိမ်ကို လူတွေလာရင်ပုန်းနေတတ်ကြောင်း၊ စာတွေပဲကျက်ပြီးဂေါက်နေကြောင်း၊ သူ့အတွေးအခေါ်တွေဟာ ကျပ်မပြည့်ကြောင်း ဒီလိုအခြေအနေဖြစ်လာတာ အခွင့်အရေးတွေရခဲ့လို့ဖြစ်ကြောင်း စသည်ဖြင့်ပါ။ နောက်ဆုံးပြောလိုက်တာကတော့ ဒါကြောင့် သူတို့ တစ်မိသားစုလုံးကို Facebook မှာတောင် Unfollow လုပ်ထားပါသတဲ့။
သူများအလှူကိုလာပြီး သူကျွေးတဲ့ထမင်းကိုစား၊အလှုရှင်အကြောင်း တခြားသူတွေရှေ့ဂုဏ်နှိမ်ပြီးပြောနေနိုင်တဲ့စိတ်ဟာ အတော်ကို ကြောက်စရာ ကောင်းလှပါလားလို့ တွေးမိပါတယ်။
အလှုရှင်မိသားစုက ပညာ ဂုဏ်သိက္ခာနဲ့ စည်းစိမ်ချမ်းသာကြွယ်ဝမှုတွေနဲ့ ထိပ်တန်းရောက်နေတဲ့သူတွေပါ။
အခွင့်အရေးတွေရခဲ့တိုင်း ကိုယ်ကိုယ်တိုင်က မကြိုးစားခဲ့ရင်လည်း ဘ၀မှာ မအောင်မြင်နိုင်ပါဘူးနော်။
ကိုယ် သူ့လိုကြိုးစားခဲ့သလား။ အောင်မြင်ခဲ့သလား။ သူ့လို နေနိုင်သလား။ သူ့လို သားသမီးမျိုး ကိုယ့်သားသမီးကရော ဖြစ်ရဲ့လား။ ကိုယ့်ထက်သာတာတွေကို သူ့ဆီမှာတွေ့လိုက်ရတဲ့အခါ ကျပ်မပြည့်တဲ့သူတွေမို့ မမြင်ချင်လို့ Unfollow တောင် လုပ်လိုက်ရပါသတဲ့။
ဒါက လူကြီးတစ်ယောက် ယောကျာ်းကြီးတစ်ယောက်ရဲ့ သေးသိမ်တဲ့ စိတ်သဘောထားတစ်ခု လူရှေ့သူရှေ့မှာ ပွင့်ဟလာတာပဲဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် မုဒိတာ မပွားနိုင်တာ တကယ့် ချို့ယွင်းချက်တစ်ခုလို့ မြင်မိပါတယ်။မနာလိုစိတ်ဟာ ကိုယ်နဲ့နီးစပ်တဲ့သူမှာဖြစ်တတ်ပါတယ်။ လုပ်ငန်းချင်းတူနေတာ ၊ရည်ရွယ်ချက်ချင်း တူနေတာမျိုးဆိုရင်လည်း ဖြစ်တတ်ပါတယ်တဲ့။
ကျွန်မမှာတစ်ချိန်က အလုပ်အတူလုပ်ခဲ့ဖူးပြီး ဘဝတွေကိုယ်စီနဲ့ ဝေးကွာသွားကြတဲ့ မိတ်ဆွေ အသိအကျွမ်းတွေရှိတယ်။
ပြန်တွေ့ကြတော့ တစ်ယောက်က နိုင်ငံကြီးတစ်နိုင်ငံမှာ ပညာသင်ဆုရသွားတယ်။ တစ်ယောက်က နိုင်ငံကြီးတစ်နိုင်ငံမှာ အခြေကျသွားတယ်။တစ်ယောက်က အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှာ အလုပ်ရသွားတယ်။တစ်ယောက်က ကျောင်းအုပ်ဆရာမကြီးဖြစ်သွားတယ်။ တစ်ယောက်က ကျောင်းပိုင်ရှင်ကြီးဖြစ်သွားတယ်..စသည်ဖြင့် ..အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာပြီး ပြန်တွေ့ရတဲ့သူတွေ အောင်မြင်တဲ့အခါ ကျွန်မကတော့ သိပ်၀မ်းသာမိတာ အမှန်ပဲ။ ဆင်းရဲတာထက် ချမ်းသာနေကြတာ ပိုကောင်းတယ်မဟုတ်လား။
ကိုယ့်မိတ်ဆွေတွေ ကိုယ်ချစ်ခင်ရသူတွေ ကြီးပွားချမ်းသာနေကြတာ၊ အောင်မြင်နေကြတာ တွေ့ရတာ မင်္ဂလာတစ်ပါးပဲ မဟုတ်ပါလား။
ကျွန်မ စာတွေထဲမှာ ငယ်ငယ်တုန်းက ဘယ်လို မနာလိုစိတ်များခဲ့ကြောင်းတွေ ရေးခဲ့ဖူးပါတယ်။သူများကို မုဒိတာစိတ်ပွားဖို့နေနေသာသာ စိတ်ပုတ်နေရတာနဲ့တင် ရယ်ဖို့ပြုံးဖို့ အချိန်ကိုမရဘူး။ အဲတော့ မျက်နှာကလည်း မကြည်လင်ဘူး။ ကျွန်မကိုယ်တိုင် အများကြီး ပြုပြင်ပြောင်းလဲယူခဲ့ရပါတယ်။
အခုအချိန်မှာ မနာလိုစိတ်ကို အတော်ပြောင်းတတ်လာခဲ့ပါတယ်။
အဲဒီစိတ်မရှိတော့တဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး မြင်လေရာမှာ သာယာအေးချမ်းလို့ နေပါတယ်။မုဒိတာစိတ်ကို ပွားကြည့်ပါ။ တစ်စုံတစ်ယောက်ရဲ့ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေအတွက် ပျော်ရွှင်ပေးနိုင်တယ်ဆိုတာ မုဒိတာစိတ်ပါပဲ။ ပိုက်ဆံ တစ်ပြားမှမကုန်ဘဲ လိုလိုနေရင်း ကုသိုလ်ရချင်ရင် မုဒိတာစိတ်ကို ပွားရပါတယ်။
အောက်စဖို့ဒ်ဆရာတော်ကတော့ မုဒိတာစိတ်ပွားတာကို ပီတိကမ္မဌာန်းပွားတယ်လို့ တရားတစ်ပုဒ်မှာ ဟောဖူးတာ နာခဲ့ရပါတယ်။
မွန်ဟော်စီ
၂၀၂၀



Comments