top of page
Search

Self-Esteem ဆိုတာ ဘာလဲ? ကိုယ့်ကိုယ့်အား ယုံကြည်ခြင်းနှင့် ကိုယ့်တန်ဖိုးကို သိခြင်း

  • Mar 5
  • 1 min read


Hands of a couple in a wedding setting, holding flowers. Text in Burmese and English about relationships is on a backdrop. Mood is romantic.

Self-Esteem ဆိုတာကို..ကိုယ့်တန်ဖိုးကိုကိုယ်သိတာ၊ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ရှိတာ၊ကိုယ့်ကိုကိုယ်လေးစားတတ်တာစသည်ဖြင့် အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်..ဒါပေမဲ့ သူက အဲဒီ့အဓိပ္ပါယ်တွေထက် ပိုပါတယ်။ ရင့်ကျက်တဲ့စိတ်..လူကြီးဆန်တဲ့စိတ်..စသည်ဖြင့် စိတ်အနေမြင့်တယ်လို့ပဲ ပြောရမယ် ထင်ပါတယ်။

သမီးရည်းစားပဲဖြစ်ဖြစ်..လင်မယားပဲဖြစ်ဖြစ် ..ကိုယ်နဲ့အတူရှိနေတဲ့ကိုယ့်ရဲ့ partner ဟာ Self-Esteem နိမ့်တဲ့သူဖြစ်နေရင် အတူသွားရမဲ့ခရီးလမ်းတွေဟာမချောမွေ့တတ်ပါဘူး။


အိမ်ထောင်ရေးမှာ..ရင့်ကျက်တဲ့..စိတ်အနေမြင့်တဲ့သူတွေ တွေ့ဖူးပါတယ်။ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ..ကိုယ့်လူနဲ့ ပတ်သက်တဲ့..ဆန့်ကျင်ဘက်လိင် မိတ်ဆွေ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့..အလုပ် ကိစ္စ ရှိလို့..အပြင်သွားတာ..လာတာမျိုးဟာသူတို့ အိမ်ထောင်ရေးမှာပြဿနာတစ်ခုဖြစ်မလာတတ်ကြပါဘူး ။

တစ်ယောက်က..အလုပ်နဲ့.. အပြင်ရောက်နေချိန်မှာ..အကြောင်းတစ်စုံတရာမရှိရင် ဖုန်းတွေ ဘာတွေ ဆက်လေ့မရှိဘူး။ မယုံသင်္ကာပုံစံမျိုးနဲ့ဘယ်တော့မှ ဖုန်းမဆက်တတ်ကြဘူး။


ပထမအချက်ကိုယ့်လူကိုယ်အင်မတန်..ယုံကြည်စိတ်ချကြတဲ့သူတွေဖြစ်ပါတယ်။


ဒုတိယအချက်ကိုယ့် Partner ရဲ့ပတ်ဝန်းကျင်က.. သူနဲ့ပြောဆိုဆက်ဆံ..အလုပ်လုပ်နေကြရတဲ့ မိတ်ဆွေအမျိုးသား..သို့မဟုတ်. အမျိုးသမီးတွေရဲ့.. ကိုယ်ကျင့်တရား အပေါ်မှာလည်း..

ယုံကြည်လေးစားတတ်ကြလို့ ဖြစ်ပါတယ်။


တတိယအချက်ကတော့ကိုယ့်ကိုကိုယ်လည်း ယုံကြည်တဲ့သူဖြစ်လို့ပါပဲ။ကိုယ့်လိုလူမျိုးကိုမိန်းမ..သို့မဟုတ်..ယောကျာ်းလုပ်တဲ့သူက လှည့်စား ဖောက်ပြန်နေလိမ့်မှာ မဟုတ်ဘူး ဆိုတဲ့ ယုံကြည်မှုမျိုးရှိကြပါတယ်။


Self-Esteem မြင့်တယ်ဆိုတာ

နောက်ကနေ..ဖုန်း..လိုက်ဆက်တာ..မဆက်တာနဲ့တော့ မဆိုင်ပါဘူး.. ဒါနဲ့လည်း တိုင်းတာ သတ်မှတ်ရတာတော့ မဟုတ်ပါဘူး။ဘယ်သူနဲ့ဘယ်သွားသွား..ဘာလုပ်နေနေ..ဘယ်လောက်ယုံကြည်ရရ အကြောင်းရှိရင်တော့ ဆက်ရမှာပါပဲ ။


ဒါပေမဲ့.. ဖုန်းဆက်တဲ့ပုံစံ ကွာခြားသွားတာမျိုးတော့ ရှိပါတယ်။

ဘာလုပ်နေတာလဲ ..မပြီးသေးဘူးလား ..ပြန်မလာသေးဘူးလား ..

ဒါမျိုးက ဘာရည်ရွယ်ချက်မှမပါဘူးဆိုပေမဲ့ တစ်ခါတလေကျတော့..တစ်ဘက်လူကို သိပ်အားနာဖို့ကောင်းတာကို သတိပြုမိဖို့လိုပါတယ်။နောက်တခါ..ပိုဆိုးတာမျိုးက.. အနားမှာဘယ်သူတွေရှိနေတာလဲ ယောက်ျားတွေရှိနေတာလား။ဘယ်မိန်းမနဲ့ရှိနေတာလား ..စသည်ဖြင့် ကိုယ်မကြိုက်တဲ့တစ်ယောက်ရဲ့နာမည်ကိုပြောပြီး

သူကအနားမှာရှိနေတာလား..သူနဲ့အတူထိုင်နေတာလား ..နောက်တစ်ခု...ဆိုးတာမျိုးက.. အလုပ်မှာအမျိုးသမီးတွေနဲ့...ထမင်းတူတူမစားရဘူးနော် ။ယောကျာ်းတွေနဲ့ လုံးဝစကားမပြောရဘူး။ကပ်မထိုင်နဲ့..ရယ်မပြနဲ့ .. အပြင်မှာတွေ့ရင်လည်း နှုတ်မဆက်ရဘူး။


နောက်တွေ့ဖူးသေးတာက..အလုပ်ခွင်မှာပါ။ဖုန်းမချခင် ချစ်တယ်လို့ အားလုံးရှေ့မှာပြော ။အသံတိုးတယ်..အကျယ်ကြီးပြေ

ဆိုတာမျိုး လိုက်နှောက်ယှက်နေတာပါ။ဘယ်သူက ဒီလိုနေရာမျိုးမှာ အချစ်နလံထနေဖို့ စိတ်သက်သောင့်သက်သာ ဖြစ်နေပါ့မလဲ။


စိတ်အနှောက်အယှက်ဖြစ်ရတဲ့လူက ဖုန်းချလိုက်တဲ့အခါ အပြစ်ဖြစ်သွားပြန်ရော။

ဘာဖြစ်လို့ ချစ်တယ်လို့ မပြောရဲတာလဲ..မင်းနဲ့ငြိနေတဲ့သူ အနားမှာရှိနေလို့လား..လို့ဖြစ်တတ်ကြပြန်ပါတယ်။

အပြင်ကပြန်လာတာနဲ့ တစ်ယောက်ယောက်နဲ့ ပေးစားပစ်လိုက်တာမျိုး၊

ကိုယ့်လူနဲ့ ခင်ခင်မင်မင်ပြောဆိုဆက်ဆံတဲ့သူတိုင်းဟာ အပြင်တစ်နေရာမှာသွားအိပ်ပြီးသွားကြပြီ.. အီစီကလီလုပ်နေကြပြီလို့ ထင်နေတတ်ကြတဲ့သူမျိုး၊ကိုယ်ဖုန်းဆက်လို့ ချက်ချင်းမကိုင်ဘူးဆိုရင် တစ်ခြားတစ်ယောက်နဲ့ အိပ်နေတာလား တွေးလိုက်တာမျိုး၊ကိုယ့် Partner ရဲ့ ဆန့်ကျင်ဘက်လိင်

လုပ်ဖော်ကိုင်ဖက်တွေ..သူငယ်ချင်းတွေနဲ့တွေ့ရင် နှုတ်မဆက်နိုင်၊ပြုံးမပြနိုင်တာမျိုး။

တစ်ယောက်ယောက်က Phone ဆက်လို့ ကိုယ်က ဖုန်းဖြေလိုက်ရတယ်ဆို ယဥ်ကျေးပျူငြာမရှိဘူး။ ဆောင့်ကြီးအောင့်ကြီးတွေလုပ်တတ်တယ် ။မကြိုက်ဘူးဆိုတာကို နည်းမျိုးစုံနဲ့ ပြတယ်..အတည့်အလင်းပြတယ်။


တစ်ဖက်က ကြားအောင် ကိုယ့်လူအပေါ် တမင်သက်သက်ရိုင်းပြတတ်တယ်။ သိက္ခာကျ သွားရအောင် တမင်လုပ်တယ်။မဏ္ဍပ်တိုင်တက်ပြကြတယ်။

ဒီလက္ခဏာတွေဟာ ယေဘုယျအားဖြင့် Self Esteem နိမ့်တဲ့ သူတွေရဲ့စရိုက် လက္ခဏာ တွေဖြစ်ကြပါတယ်။

ဒီလိုလူတွေကအများအားဖြင့်

ကျွန်မ..ယောက်ျားကစိတ်ချရတာမဟုတ်ဘူး .. ကျွန်တော့်မိန်းမကယုံကြည်ရတာ

မဟုတ်ဘူး ..စသည်ဖြင့် ကိုယ့်လူကိုယ်အပြစ်ပုံချတတ်ကြတယ် ။

တကယ်တော့စိတ်မချရတာကတစ်ဖက်သူကိုမဟုတ်ဘူး ..သူ့ကိုယ်သူစိတ်မချတာ ။တဖက်သားကိုမယုံကြည်တာမဟုတ်ဘူး ။သူ့ကိုယ်သူမယုံကြည်တာ။

သူဟာ ငါလိုလူမျိုးကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ် မယုံကြည်.. ကိုယ့်တန်ဖိုးကိုယ်မမြင်တာမျိုးပဲ ဖြစ်ပါတယ်။

(တကယ် ဖောက်ပြန်တတ်တဲ့ လူတွေအပေါ်စိတ်မချဘူး..မယုံကြည်ဘူး..ဆိုတာကတော့ခြွင်းချက် ဖြစ်ပါတယ်..)


တချို့တွေကတော့ဘာအမှားမှကို..မလုပ်ဘဲနဲ့ ..ဘာတစ်ခုမှလိမ်မပြောဘဲနဲ့ အမြဲလိမ်ညာနေတယ်..လို့ စွပ်စွဲပြစ်တင်ခံ နေရတဲ့သူ တွေ ဖြစ်ပါတယ်။ပြသနာမရှိ..ပြသနာရှာခံနေရတဲ့သူတွေဖြစ်ပါတယ်။

ဘယ်သွားသွား မယုံသင်္ကာနဲ့အနောက်က..တချိန်လုံးမေးမြန်းစစ်ဆေးနေတာ.. အနားမှာရှိနေတဲ့လူတစ်ယောက်နဲ့အမြဲတမ်းစွပ်စွဲသမုတ်နေတာ.. စိတ်မထင်ရင်မထင်သလိုပြဿနာရှာတာ.. ဟိုအရင်တုန်းကရှိခဲ့တဲရည်းစားနဲ့ပတ်သက်ပြီး တချိန်လုံးပြန်လည်တူးဆွ..ရန်လုပ်နေတတ်တာ ..ကိုယ့်ရဲ့အတိတ်ကိုတောင် သူက လိုက်ပိုင်ချင်နေတာ..ဘာမှမဟုတ်တာလေးတွေနဲ့ပဲ..အထအနကောက်..စကားနာထိုး.. စိတ်ကောက်..အချော့ခံချင်နေကြတာ။

လိမ်မပြောပေမဲ့ လိမ်နေတယ်လို့ပဲ..စွပ်စွဲနေတဲ့အခါ.. ဆက်ပြီးရိုးသား..လိမ္မာနေပြလို့ရောဘာထူးတော့မှာလဲ။

ဒီလို ဒဏ်တွေကို မခံနိုင်ကြတော့တဲ့အခါ လမ်းခွဲဖို့ ဖြစ်လာတတ်ကြပါတယ်။


သူတို့နဲ့ လမ်းခွဲဖို့ဖြစ်လာတဲ့အခါ..

ဟော..တွေ့လား..။ငါပြောတဲ့အတိုင်းနင်ဖြစ်လာတာပဲ။ငါထင်တာမှန်တယ်။

နင် နောက်တစ်ယောက်နဲ့ ဖောက်ပြန်နေခဲ့တာ..မဟုတ်လား ဆိုတာမျိုးတွေပဲ ဖြစ်လာတတ်ပါတယ်။

ယုံကြည်မှု ဆိုတာတည်ဆောက်ယူရပါတယ်။ Relationship တစ်ခုမှာ.. ယုံကြည်မှုရှိဖို့လိုအပ်သလို နှစ်ဦးနှစ်ဖက်စလုံးစိတ်အနေမြင့်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ့်စိတ်ကို..ကိုယ်တိုင်မပြောင်းလဲနိုင်သရွေ့.. ကိုယ်ကိုယ်တိုင်လည်းထောင်ကျနေသလိုမွန်းကျပ် ပူလောင် ပိတ်ဆို့နေတဲ့ ခံစားမှုမျိုး..ခံစားနေရမှာပါပဲ။


မွန်ဟော်စီ

၂၀၂၀


 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page