လက်မှုပညာနဲ့ အောင်မြင်သူများ
- Feb 24
- 1 min read

ကျွန်မ မိတ်ဆွေအစ်မတစ်ယောက်က သူဘာလေးချက်လိုက်ချက်လိုက် စားလို့အရမ်းကောင်းပါတယ်။ ဟင်းချက်လည်းဝါသနာပါတယ်။ တစ်ခါတော့ အလုပ်တွေ မတည်မငြိမ်ဖြစ်လာတဲ့အခါ သူကဟင်းချက်ပြီး အွန်လိုင်းမှာရောင်းပါရော။ သူ့မီးဖိုချောင်လေးထဲမှာပဲ တစ်နိုင်တစ်ပိုင်လုပ်တာပါ။ စိတ်ကူးရရာ ဟင်းအမယ် အတွဲအစပ်ကလေးတွေကို ဆိုရှယ်မီဒီယာမှာတင်လိုက်ပြီး ဘယ်နေ့ ဘယ်နေ့တော့ ဘာချက်မယ်။ ဘယ်သူတွေ မှာချင်သလဲ။ ဘယ်နှစ်ပွဲစာပဲချက်မှာနော်လို့တင်လိုက်ရင် မိတ်ဆွေသူငယ်ချင်းတွေထဲကပဲ မှာလိုက်ကြတာ မိနစ်ပိုင်းအတွင်း အော်ဒါ ပြည့်သွားပါပြီလို့ ပို့စ်ပြန်တင်ရတဲ့အထိပါဘဲ။ အဲဒီလောက်တောင်ကို အားပေးကြမ်းကြပါတယ်။
အဲဒီကနေ တဖြည်းဖြည်းနဲ့ လုပ်ငန်းသဘောမျိုးလေးဖြစ်လာတယ်။ မီးဖိုချောင်လေးကထွက်လာတဲ့ သူ့ရဲ့ဟင်းလေးတွေမှာ နာမည်၊ အမှတ်တံဆိပ်ရှိလာတယ်။ ကူပေးမယ့်သူခေါ်ရတယ်။ ပို့ပေးမယ့်သူတွေငှားရတယ် အစရှိသဖြင့် လုပ်ငန်းချဲ့ထွင်ပြီး ကြီးပွားလာပါတယ်။
နောက်ထပ်တစ်ယောက်ကတော့ အလုပ်တွေအဆင်မပြေတဲ့အချိန်မှာ Tarot ဟောပါတယ်။ သူက Card အဟောသင်ခဲ့ဖူးတယ်။ ဝါသနာလည်းပါတယ်။ Energy လည်းကိုက်ပါတယ်။ ဒီလိုနဲ့ဟောလိုက်တာ မိတ်တွေရလာတယ်။ ဟောခန်းနဲ့ အတည်တကျဖြစ်လာတယ်။
ကျွန်မတို့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေ အများကြီးရှိပါတယ်။ ကိုယ်တတ်ထားတဲ့ပညာတစ်ခုကို အသုံးချပြီး အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့သူတွေပေါ့။ တချို့လည်း ဒီလိုပညာတွေတတ်ထားပြီး အသုံးချရလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ဒါပေမဲ့ လက်မှုပညာတွေဟာလည်း ဘဝကိုအများကြီးအထောက်အပံ့ပေးတယ်.. အကျိုးပြုနိုင်တယ်ဆိုတာကို လက်ခံရမှာဖြစ်ပါတယ်။
တချို့က လက်မှုပညာ အတတ်ပညာတွေကို သိပ်အထင်မကြီးတာရှိတယ်။ ကျွန်မတက္ကသိုလ်တက်နေတဲ့အချိန်မှာ စက်ချုပ်သင်ပါတယ်။ အိမ်မှာစက်ချုပ်တယ်။ ကိုယ့်အတွက်လည်းကိုယ်ချုပ်တယ်။ ပြီးတော့ ဒီဇိုင်းတွေထွင်ပြီး ချုပ်တယ်။ သူငယ်ချင်းတွေကိုရောင်းတယ်။ အသိဆိုင်တွေပေါ်တင်ရောင်းတယ် အစရှိသဖြင့် ကိုယ့်ဟာကိုယ် ပျော်နေပါတယ်။ ဒီဇိုင်နာလည်းဖြစ်ချင်တယ်။ ဒီဇိုင်နာတွေက ဒီလိုစက်ခုံကလေးကနေ ဖြစ်လာတာပဲမဟုတ်လား။
ဒါကို ကျွန်မအဖိုးကတွေ့တော့ စာတွေအများကြီးသင်ထားပြီး ဒီစက်ချုပ်တာနဲ့ပဲ အချိန်ကုန်တော့မလို့လားလို့ မေးတာခံရဖူးပါတယ်။ သူ့အနေနဲ့ ကျွန်မကို ကုမ္ပဏီကြီးတွေမှာ လှလှပပဝတ်စားပြီး ဘိုလို ရွတ်ရှက်ဒွတ်ဒက် ပြောဆိုလုပ်ကိုင်တာမျိုးကိုမြင်ချင်တယ်နဲ့တူပါတယ်။
ကျွန်မတို့ စီးပွားရေးတက္ကသိုလ်မှာ MBA တက်တော့ ၀င်ခွင့် Interview စာမေးပွဲမှာ ကိုယ်ပိုင်လုပ်ငန်းရှိသလား၊ ဘာတွေလုပ်သလဲ အစရှိသဖြင့် ဆရာမကြီးတွေက မေးပါတယ်။ ၂၀၀၃/၄ မှာ ၀င်ခွင့်ရေးဖြေစာမေးပွဲအောင်ပြီး အင်တာဗျူးဖြေရတော့ အဲဒီလို ကိုယ်ပိုင်လုပ်ငန်းရှိလားလို့မေးတဲ့အခါ "ရှိတယ်..ကျွန်မဒီဇိုင်နာတစ်ယောက်ပါ... အင်္ကျီတွေကို ဒီဇိုင်းလုပ်ပြီး ဆိုင်တွေမှာရောင်းပါတယ်" လို့ ခပ်တည်တည်ပဲဖြေခဲ့ပါတယ်။ အဲဒီအင်တာဗျူးကျွန်မအောင်ပါတယ်။ အတတ်ပညာတစ်ခုက ပေးလိုက်တဲ့ လမ်းကြောင်းတစ်ခုပါပဲ။ အကြီးအကျယ်လုပ်နေတာ မဟုတ်ပေမဲ့ ကျွန်မ ညာတာတစ်ခုမှမပါဘူးလေ။
ကျွန်မက အခုဆိုရင် စာရေးသူတစ်ယောက်အနေနဲ့ ရပ်တည်လာတာ ဆယ်စုနှစ်တစ်စုနီးပါး ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ကျွန်မက အရင်က ဘိုကျောင်းတစ်ခုမှာ ဆရာမလုပ်ပါတယ်။ နောက်ပိုင်းတော့ အလုပ်ထွက်ပြီး စာရေးဖြစ်လာတယ်ပေါ့။ အခုချိန်မှာ စာရေးတာက ကိုယ့်ရဲ့ Main Stream ဖြစ်ပါတယ်။ ဒီအလုပ်အပြင် တခြားဘာများလုပ်လို့ရသေးလဲလို့ ကျွန်မကိုယ်ကျွန်မ သုံးသပ်ကြည့်တဲ့အခါ ကျွန်မ စက်ချုပ်တတ်တယ်။ ကျွန်မကားမောင်းတတ်တယ်။ ကျွန်မသီချင်းကောင်းကောင်းဆိုတတ်တယ်။ ပြီးတော့ စာကောင်းကောင်း သင်တတ်ပါတယ်။ ကိုယ်လုပ်လို့ရတဲ့အလုပ်တွေအများကြီးရှိသေးတာပဲဆိုပြီး အားတက်မိပါတယ်။
လူတွေမှာ အသိပညာဆိုတာလိုသလို အတတ်ပညာလည်းလိုပါတယ်။ ဒါကိုတော့ လုပ်တတ်ပါတယ်လို့ ပြောနိုင်တာဟာ အတတ်ပညာပါပဲ။ ဒီလိုပညာနဲ့ထမင်းစားနေတဲ့သူတွေ ဘဝရပ်တည်နိုင်တဲ့သူတွေ ကြီးပွားချမ်းသာသွားတဲ့သူတွေ အဆင်ပြေသွားတဲ့သူတွေ အများကြီးရှိပါတယ်။
ထမင်းချက်တတ်တယ်။ ဟင်းချက်တတ်တယ်။ မုန့်ဟင်းခါးချက်တတ်တယ်။ မာလာရှမ်းကောလုပ်တတ်တယ်။ အလှပြင်တတ်တယ်။ ကားမောင်းတတ်တယ်။ သီချင်းဆိုတတ်တယ်။ ဗေဒင်ဟောတတ်တယ်။ မီးပြင်တတ်တယ်။ သရုပ်ဆောင်တတ်တယ် အစရှိသဖြင့် ဒီလိုပညာတွေဟာ တန်ဖိုးထားစရာ အတတ်ပညာတွေပါပဲ။ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် လုပ်တတ်တာဟာ လုပ်တတ်တာပါပဲ။ လောကမှာ အသိပညာရှင်တွေပဲရှိနေလို့မဖြစ်ဘူး။ အတတ်ပညာရှင်တွေလည်း လိုအပ်တာပဲဖြစ်ပါတယ်။
ပညာတစ်ခုကို တတ်မြောက်ခြင်းဟာ မင်္ဂလာတရားနဲ့အညီ ဘဝကိုနေထိုင်ခြင်းလည်းဖြစ်ပါတယ်။ ကိုယ့်အတွက် အကျိုးရှိတဲ့အတတ်ပညာ အများအတွက်မျှဝေနိုင်တဲ့အတတ်ပညာကို သိခြင်းတတ်ခြင်းဟာ မင်္ဂလာပဲဖြစ်ပါတယ်။
လက်မှုပညာတစ်မျိုးမျိုးကို တတ်မြောက်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။
မွန်ဟော်စီ
၂၀၂၅



Comments