ပန်းပွင့်ဖို့လိုတဲ့မိုး
- May 28
- 1 min read

"ဘုရားသခင်ကို ပန်းတွေပွင့်ပေးဖို့ဆုတောင်းခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်က မိုးရွာချပေးလိုက်တယ်။"
"I asked God for flowers but he gave me rain."
ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဒီအဖြစ်အပျက်က စိတ်ပျက်စရာပါပဲ။ ပန်းတွေပွင့်ဖို့ ဆုတောင်းမိပါတယ်။ မိုးတွေရွာချလိုက်တော့ ဘာသဘောပါလိမ့်လို့တွေးမိမှာပါပဲ။ဒါပေမဲ့ သေသေချာချာနားလည်လာတဲ့အခါမှာ ပန်းတွေပွင့်ဖို့မိုးရွာဖို့လိုတယ်ဆိုတာကို မြင်လာပါလိမ့်မယ်။
လောကမှာတချို့လူတွေက အခွင့်အရေးတွေနဲ့ အလားအလာတွေကို မြင်နိုင်စွမ်းရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်Opportunities and Possibilities လို့ပြောရမှာဖြစ်ပါတယ်။
စဉ်းစားကြည့်ပါ။ဘဝမှာ အခွင့်အရေးတွေ လုံးဝမရှိဘူးလို့ထင်နေတာလား။ တကယ်တော့ လူတိုင်းဆီမှာ အခွင့်အရေးတွေရှိသလို အဲဒီအခွင့်အရေးတွေကိုအသုံးချပြီး ပေါ်ပေါက်လာနိုင်တဲ့ဖြစ်နိုင်ချေတွေလည်းရှိနေတာဖြစ်ပါတယ် ။ဒါပေမဲ့ အားလုံးဟာ အခွင့်အရေးတွေကို လိုက်ရှာနေကြတယ်။ တချို့က မြင်နိုင်ပေမယ့် အချို့ကတော့ မမြင်နိုင်ဘူး။ ဘာကြောင့်လဲ။
အဲဒါက စိတ်နဲ့ပဲဆိုင်ပါတယ်။ ငါ့မှာ အခွင့်အရေးတွေမရှိဘူး။ ငါဟာပိတ်မိနေတယ်လို့ ယုံကြည်နေလား။ ဒါမှမဟုတ် "အခွင့်အရေးတွေ ပတ်ဝန်းကျင်မှာ အမြဲရှိတယ်" ဆိုတဲ့ ယုံကြည်မှုနဲ့ နေတာလား။
"အခွင့်အရေးတွေ မရှိဘူး" လို့ ယုံကြည်နေသူဟာ ချို့တဲ့မှုတွေ၊ အခက်အခဲတွေပဲ မြင်နိုင်မယ်။ဒါပေမဲ့ "အခွင့်အရေးတွေ ပတ်ဝန်းကျင်မှာ အမြဲရှိတယ်" လို့ ယုံကြည်သူက ဒီအခက်အခဲဟာ သူ့အတွက် အခွင့်အရေးဖြစ်နိုင်တယ်လို့ တွေးတယ်။
ပန်းတွေပွင့်ဖို့ဆုတောင်းတယ်ဆိုတာက အောင်မြင်မှု၊ချစ်ခြင်းမေတ္တာ၊ပျော်ရွှင်မှု၊ ငွေကြေးဥစ္စာပြည့်စုံကုံလုံမှု (Success, Love, Happiness, or Financial Abundance) တွေကို ကိုယ်စားပြုတာဖြစ်ပါတယ်။ မိုးတွေရွာချပေးလိုက်တယ်ဆိုတာကတော့ သင်ခန်းစာတွေ၊စိတ်ရှည်မှုတွေ၊တိုးတက်ရာတိုးတက်ကြောင်းတွေနဲ့ ပြင်ဆင်မှု (Lessons, Patience, Growth, and Preparation) တွေကို ပြုလုပ်ပေးဖို့သင်ကြားပေးလိုက်တာဖြစ်ပါတယ်။ မိုးမရွာဘဲ ပန်းတွေဘယ်လိုပွင့်မလဲနော်။
ဘဝမှာ Disguised Blessings ဆိုတာရှိပါတယ်။ သာမန်လွယ်လွယ်ကူကူမမြင်တွေ့နိုင်တဲ့ ဖုံးအုပ်ထားတဲ့ အရာတွေပါပဲ။ ရွှံ့တွေ၊နွံတွေအောက်မှာနေနေတဲ့ ကျောက်သံပတ္တမြားတွေနဲ့အလားတူပါတယ်။ ပုံမှန်ဆို ရွှံ့တွေ၊သဲတွေလို့ ထင်နိုင်ပေမယ့် အဲဒီအောက်မှာ တန်ဖိုးရှိတဲ့အရာတစ်ခု နစ်မြုပ်ပုန်းအောင်းနေတာပါ။
ဥပမာ အလုပ်တစ်ခု သွားလျှောက်တဲ့အခါမှာ ငြင်းပယ်ခံရတယ်ဆိုပါတော့..။ ချစ်သူရဲ့လမ်းခွဲခြင်းကိုခံခဲ့ရတယ်ဆိုပါတော့။ Rejection တွေဟာ Redirection တွေဖြစ်တတ်ပါတယ်။ ဒါတွေက လမ်းဆုံးသွားတာမဟုတ်ဘဲ နောက်ထပ်လမ်းတစ်ခုကို လျှောက်နိုင်ဖို့ လမ်းကြောင်းအသစ်ပြောင်းသွားတာပါပဲ။
ဘဝမှာ စိန်ခေါ်မှုတွေအများကြီးကြုံဆုံရတယ်ဆိုရင် ဒါဟာ ခံနိုင်ရည်စွမ်းအားကို လေ့ကျင့်ပေးနေတယ်လို့ ယူဆရမှာဖြစ်တယ်။( Challenges Build Resilience) ခက်ခဲတဲ့အချိန်နေတွေကြုံရတယ်ဆိုတာ ကိုယ့်ကို လဲပြိုသွားစေဖို့မဟုတ်ဘူး။ ဒီထက် ပိုပြီးတော့ ကောင်းတဲ့ Abundance ပြည့်စုံကြွယ်ဝကောင်းမွန်မှုတစ်ခုကိုရဖို့အတွက် ပြင်ဆင်ပေးနေတယ်လို့ယူဆရမှာဖြစ်တယ်။
စိတ်ရှည်သည်းခံပြီး အကြာကြီးစောင့်ဆိုင်းနေရခြင်းတွေက ရေရှည်အတွက် ဖွံ့ဖြိုးတိုးတက်မှုကိုပေးတယ်။ (Patience Cultivates Growth) သစ်စေ့ကလေးကနေ အပင်ပေါက်လာဖို့ အချိန်တွေလည်းလိုတယ်။ မြေဆီသြဇာအာဟာရဓာတ်တွေလည်းလိုတယ်။ အပင်ပေါက်လာဖို့၊အပွင့်ပွင့်လာဖို့ဆိုရင်တော့ ဒီသစ်စေ့လေးအပေါ်မှာ အများကြီးပြုစုရမယ်။ ယုံကြည်မှုရှိရမယ်။ အချိန်ပေးရမယ်။
အခု ဖြစ်ပျက်နေတဲ့အရာတွေဟာ ကိုယ့်အတွက် မဖြစ်သင့်ဘူးလို့တွေးနေတာကို ရပ်တန့်ပါ။ "အခု ဖြစ်နေတာတွေက တကယ်တော့ ငါ့အတွက် သင့်တော်တဲ့ အခွင့်အလမ်းတွေကို လမ်းဖွင့်ပေးနေတာပါပဲ" ဆိုပြီး ယုံကြည်လိုက်ပါ။
အခက်အခဲတွေကို "ပြဿနာ" အနေနဲ့ မမြင်ပါနဲ့။ "ဒီအတွေ့အကြုံက ငါ့ကို ဘာသင်ကြားနေသလဲ" ဆိုပြီး မေးကြည့်ပါ။ တစ်ခါတလေမှာ အဲဒီအဖြစ်အပျက်ကနေ ကိုယ့်ကို တစ်ခုခုသင်ယူစေချင်တာမျိုးဖြစ်နေတတ်တယ်။
လိုချင်တာ မရသေးဘူး.. ဆိုပြီး စိတ်မကောင်းဖြစ်နေမယ့်အစား..လိုချင်တဲ့အရာက အကောင်အထည်ပေါ်ဖို့ မှန်ကန်တဲ့အခြေအနေကို မရောက်သေးတာပါလို့ ယုံကြည်လိုက်ပါ။ခဏလေး စိတ်ရှည်သည်းခံပြီး စောင့်စားလိုက်ပါ။
မိုးဟာ ပန်းတွေကိုပွင့်စေဖို့လိုအပ်တာပဲလေ။
မွန်ဟော်စီ
၂၀၂၅



Comments