top of page
Search

ချစ်ခြင်းမေတ္တာနှင့် ပတ်သက်တဲ့ လူတွေရဲ့နားလည်မှုနှင့် ပြောင်းလဲမှုများ

  • Jun 10, 2024
  • 1 min read

Updated: Apr 30, 2025


Serene lake scene at sunrise with a small bridge, surrounded by trees. Sky has soft clouds, reflections visible in the calm water.

ချစ်ခြင်းမေတ္တာဆိုတဲ့အရာနဲ့ပတ်သက်ပြီး လူတွေရဲ့လက်ခံပုံ၊ စဉ်းစားပုံ၊ တုံ့ပြန်ပုံတွေကိုကြည့်တဲ့အခါမှာ တစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီတဲ့နောက်ခံအခြေအနေတွေ၊ ကြီးပြင်းလာပုံတွေ၊ သင်ယူခဲ့ရပုံတွေ၊ မိသားစုအသိုင်းအဝိုင်းပုံစံတွေ အစရှိသဖြင့်အများကြီးပါလာတာကို တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ ဥပမာပြောရမယ်ဆိုရင်တော့ ကျွန်မဟာ စကားပြောတဲ့နေရာမှာ အင်မတန် ပြတ်သားတဲ့သူဖြစ်ပါတယ်။ ပြတ်သားတယ်ဆိုလို့မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်တာမျိုးမဟုတ်ပါဘူး။ ကျွန်မအတွက် အားနာတယ်၊ အားမနာဘူးဆိုတာမျိုး သိပ်မရှိဘဲ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကိုသာ အမြဲတမ်း ဦးစားပေးစဉ်းစားတတ်တဲ့သူဖြစ်ပါတယ်။ နွေးနွေးထွေးထွေးစကားပြောတတ်ပေမယ့် တီတီတာတာတွေတော့မပြောတတ်ဘူး။ အဲတော့ တီတီတာတာစကားတွေကြားချင်တဲ့သူဟာ ကျွန်မအနားမှာမနေနိုင်ပါဘူး။ ကျွန်မက အေးစက်တယ်၊ ပြတ်သားတယ်၊ မချစ်တတ်ဘူး အစရှိသဖြင့် ပြောခံခဲ့ရတာများပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ ဘဝတစ်လျှောက်လုံးမှာ အမေနဲ့ အဖွားနဲ့ လက်ပွန်းတတီးနေခဲ့ရတယ်။ ကျွန်မအမေရော အဖွားရောဟာ နှစ်ယောက်စလုံး စကားပြောတဲ့အခါမှာ ချွဲချွဲနွဲ့နွဲ့နဲ့ တီတီတာတာပြောတတ်တဲ့သူတွေမဟုတ်ခဲ့ကြပါဘူး။ အဲတော့ စကားကို တီတီတာတာပြောတတ်ရမယ်လို့ ကျွန်မမသိခဲ့ဘူး၊ မသင်ခဲ့ရဖူးဘူး။ လိုအပ်တယ်လည်း မထင်ခဲ့ဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးတွေက Love Language အရကြည့်မယ်ဆိုရင်..သူတို့ချစ်တဲ့မိသားစုအပေါ်မှာ Acts of Service လို့ခေါ်တဲ့ လုပ်ကိုင်ဖြည့်ဆည်းပေးရတာနဲ့ တစ်ဘဝလုံးမွေ့လျော်ခဲ့ကြတဲ့သူတွေပါ။ လူတွေဟာ သူတို့ရခဲ့ဖူးတဲ့ချစ်ခြင်းမေတ္တာကိုပဲ သူတို့နားလည်ကြပါတယ်။ သူသိသလောက်ကိုပဲသူပြန်ပေးတတ်ပါတယ်။သူတို့သင်ယူခဲ့သလောက်ပဲ သူတို့ပြန်ပြီးလုပ်တတ်ကြပါတယ်။ လူတစ်ယောက်ဟာ ဒီလိုပုံစံဖြစ်နေတယ်ဆိုတာ ဒီလောက်ပဲသိနေခဲ့လို့ပါ။ ကျွန်မအတွက်ဆိုရင် ချစ်ခြင်းမေတ္တာဆိုတာဟာ ကိုယ်ချစ်တဲ့သူကို ဖြည့်ဆည်းပေးခြင်းပဲ။ ကျွန်မရခဲ့ဖူးတဲ့ မေတ္တာအတိုင်း ကျွန်မပြန်ပြီးပေးနေခြင်းဖြစ်တယ်။ Acts of Service ဟာ ကျွန်မရဲ့ Love Language လည်းဖြစ်ပါတယ်။ တစ်ခါတလေမှာ စဉ်းစားကြည့်ဖို့လိုတာက ကိုယ်ပေးတာဟာ သူ့အတွက်လုံလောက်မှုမရှိဘူးဆိုရင် အဲဒီအကြောင်းအရင်းကို အခုလိုပဲ စဉ်းစားတတ်ဖို့လိုပါတယ်။ Relationship တွေမှာ တချို့လူတွေဟာ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြောဆိုတတ်တယ်။ မချစ်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ Background History ကိုကြည့်ရင် သူ့ရဲ့မိသားစုတွေမှာ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တွေမရှိဘူး။ ပထမဆုံး ဘဝမှာချစ်ခင်တွယ်တာရတဲ့ အဖေနဲ့အမေဟာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာမရှိဘူး။ အမြဲတမ်း ရန်သတ်နေကြတယ်။ ကွဲကွာသွားကြတယ်။ ပြဿနာတွေကြားမှာ ကြီးလာတယ်။ သူ့အိမ်ကလူကြီးတွေရဲ့ Trauma စိတ်ဒဏ်ရာတွေဟာ သူ့ဆီကို လက်ဆင့်ကမ်းလာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် Relationship တွေမှာ အနှုတ်သဘောဆောင်တဲ့၊ အဆိုးမြင်တတ်တဲ့၊ အကြမ်းဖက်တတ်တဲ့ အပြုအမူတွေ စိတ်သဘောထားတွေ ရှိနေတယ်ဆိုရင် ကိုယ့်ရဲ့ အတိတ်ကရခဲ့ဒဏ်ရာတွေကို Release လုပ်ခဲ့ရမှာဖြစ်ပါတယ်။ လုပ်တတ်ဖို့လည်းလိုပါတယ်။ Chord Cutting လုပ်တယ်လို့လည်းပြောကြပါတယ်။ အတိတ်ကဒဏ်ရာတွေရဲ့ချည်နှောင်ခြင်းကိုခံထားရတဲ့ ကြိုးကလေးကို ကိုယ်တိုင်ဖြတ်ချထားခဲ့ဖို့လိုပါတယ်။ Chord Cutting နည်းလမ်းတွေကိုတော့ ဒီနေရာမှာအသေးစိတ်ရေးမပြတော့ပါဘူး။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက် ဆက်နွယ်နေကြတဲ့အတွက် စိတ်ဒဏ်ရာတွေကိုလည်း အချင်းချင်းလက်ဆင့်ကမ်းနေတတ်ကြပါတယ်။ ကိုယ်ရခဲ့တဲ့စိတ်ဒဏ်ရာကို ကိုယ်ကိုယ်တိုင် Attention မပေးနိုင်ဘူးဆိုရင် အဲဒီစိတ်ဒဏ်ရာကို ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့လူတစ်ယောက်စီ ပို့လိုက်တတ်ပါတယ်။ ဒါက လူ့ရဲ့သဘာဝ Human Nature ပါပဲ။ သူဟာ ဘာဖြစ်လို့ကိုယ့်အပေါ် ဒီလိုဆက်ဆံမိတယ်ဆိုတာဟာ သူကိုယ်တိုင် သူ့လက်ထဲမှာရှိနေတဲ့မီးခဲကို ဘယ်မှာထားရမှန်းမသိ၊ ဘယ်လိုငြှိမ်းရမှန်းမသိတဲ့အတွက် သူများပေါ်ကို ပစ်တင်ပေးလိုက်တာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ တကယ့်ကိုစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုအပြည့်အဝရှိတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ခံစားချက်တွေကိုသိနေဖို့လိုအပ်တယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ မှတ်ထားခဲ့တဲ့ ယုံကြည်မှုအဟောင်းတွေ၊ မှတ်ဉာဏ်ထဲကဒဏ်ရာတွေ၊ အစွဲတွေကို လွတ်ချခဲ့ဖို့လိုပါတယ်။ အဲဒီလိုမှမလုပ်နိုင်ဘူးဆိုရင်တော့ ကိုယ်ဟာဘယ်လောက်ကောင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့တွေ့နေရပါစေ လုံလောက်တယ်လို့လည်း ခံစားရမှာမဟုတ်ဘူး။ ပြည့်စုံတယ်လို့ ခံစားရမှာမဟုတ်ဘူး။ အချစ်ခံရတယ်လို့လည်း ခံစားရမှာမဟုတ်ပါဘူး။ အမြဲလိုလို သံသယစိတ်တွေနဲ့ ပူပန်သောကရောက်နေရမယ်။ စိတ်ဆင်းရဲနေရမယ်။ နာကျင်နေရမယ်။ မရည်ရွယ်ပေမယ့် သူများကိုလည်း နာကျင်အောင်လုပ်မိတတ်တယ်။ တကယ်မလိုချင်ပေမယ့် မကောင်းတာတွေကိုပဲ ထပ်ခါတလဲလဲ မျှော်လင့်နေတတ်တယ်။ ပြဿနာတွေနဲ့ကြီးပြင်းလာရတဲ့အခါမှာ ပြဿနာမရှိရင်မနေတတ်သလိုဖြစ်လာတယ်။ သတိမဲ့စွာနဲ့ ပြဿနာတွေကိုရှာနေတတ်တယ်။ မကျေနပ်တာတစ်ခုခုရှိပြီဆိုရင် အဲ့ဒီအရာကို သူများဆီမှာမရှာဘဲ ကိုယ့်ဆီမှာ ကိုယ်အရင်ရှာကြည့်ပါ။ ဘာဖြစ်လို့ဒီလိုမကျေမနပ်ဖြစ်ရတာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးမေးပါ။ အစွဲအလမ်းတွေ၊ နာကျင်မုန်းတီးမှုတွေ၊ အငြှိုးအတေးတွေ ရှိနေမယ်ဆိုရင် ကိုယ့်နှလုံးသားရဲ့ ချစ်ခြင်းမေတ္တာစီးဆင်းမှုလှိုင်းတွေထဲမှာ အဖုအထစ်တွေ အမြဲတမ်းရှိနေမှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးဟာ ဒဏ်ရာတွေရှိနေပြီး၊ အဲဒီပုံစံအတိုင်းဆက်ပြီး Move on လုပ်နေဖို့ဆိုတာ မလွယ်ပါဘူး။ Healthy ဖြစ်တဲ့ Relationship တစ်ခုကိုတည်ဆောက်ဖို့အမှန်တကယ်လိုလားတယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက်ပံ့ပိုးကူညီပေးရမယ်။နားလည်ပေးဖို့လည်းလိုပါတယ်။ ကံကောင်းတဲ့သူတွေဟာ ကိုယ့်ဘေးမှာရှိနေတဲ့Partner တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ရရှိကြပါတယ်။ သူတို့ဆီက သေချာမှုတွေ၊ နွေးထွေးမှုတွေ၊ ကြင်နာမူတွေကို ရရှိတဲ့အခါမှာ စိတ်ဒဏ်ရာတွေပြေပျောက်နိုင်သလို တွယ်တာစွဲလမ်းမှုပုံစံ Attachment Style တွေလည်း ပြောင်းသွားတတ်ပါတယ်။



 
 
 

1 Comment


Unknown member
Jun 28, 2024

အားဖြည့်စာ‌ေလး‌ေတွမို ့့ သိပ်ကြိုက်ရပါတယ်

Like
  • Facebook
  • Youtube
bottom of page