top of page
Search

စိတ်ဒဏ်ရာရစေတဲ့ မိသားစုပုံစံများ: ချစ်ခြင်းနှင့် နားလည်မှုဖြင့် ကုစားလိုက်မယ်

  • Nov 26, 2024
  • 1 min read

Updated: Feb 23


Text in Burmese script on a crumpled paper background. "MON HALSEY" is written below in bold letters. Minimalist design.


ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ မိမိရဲ့စိတ်ကို ဒဏ်ရာရစေတဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်တွေလည်း မိသားစုထဲမှာရှိနေတတ်ပါတယ်။


စိတ်ဒဏ်ရာရစေတဲ့ မိသားစုပုံစံလက္ခဏာများ Toxic Family Traits: Recognizing and Healing from Dysfunctional Dynamics


1. နယ်နိမိတ်မရှိခြင်း (Lack of Boundaries)


ဘယ်လောက်ပဲရင်းနှီးတဲ့မိသားစုဝင်တွေဖြစ်ပါစေ ၊တစ်ယောက်နဲ့တစ်ယောက်မှာ မကျော်သင့်တဲ့စည်းတွေ ၊ဘောင်တွေ၊ နယ်နိမိတ်တွေ ရှိသင့်ပါတယ်။ လင်ယောက်ျားမို့လို့ မိန်းမကိစ္စအကုန်သိရမယ်လို့မရှိသလို အမေမို့လို့ သားသမီးကိစ္စအကုန်သိရမယ်လို့လည်းမရှိပါဘူး။ အကုန်လုံးလျှောက်သိနေပြီး ပြဿနာတက်နေမှာနဲ့စာရင် သိသင့်သိထိုက်တာကိုပဲသိရတာ ကောင်းပါတယ်။ တချို့ကိစ္စတွေက ကိုယ်အကုန်လုံးသိလိုက်ရပေမယ့် စိတ်ဆင်းရဲရတာအပြင် ဘာမှလိုက်လုပ်မပေးနိုင်တာတွေလည်းရှိပါတယ်။ ဒါကြောင့် တစ်ခါတလေ မသိတာကလည်းကောင်းတယ်။ နယ်နိမိတ်သတ်မှတ်တယ်ဆိုတဲ့နေရာမှာ သူများအခန်းကို တံခါးမခေါက်ဘဲဝင်တာ၊ သူများရဲ့ရေးထားတဲ့ Diary ကို ဖတ်ကြည့်တာ ၊သူများဖုန်းကိုယူကြည့်တာ စတဲ့ကိစ္စတွေလည်းပါပါတယ်။


Boundary နဲ့ ခိုင်ခိုင်မာမာနေတတ်တဲ့ မိသားစုတွေ ၊ဆက်ဆံရေးတွေဟာ ကျန်းမာတဲ့မိသားစုဘဝရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။


2. ထိန်းချုပ်မှုနဲ့ ခြယ်လှယ်မှု (Control and Manipulation)


တစ်ချို့မိသားစုတွေမှာ အချင်းချင်း အလွန်အကျွံထိန်းချုပ်ချင်တတ်ကြတဲ့ပုံစံမျိုးရှိပါတယ်။ ချုပ်ချယ်တယ်။ တားမြစ်တယ်။ ပိတ်ပင်တယ်။ ဟန့်တားတယ်။ ခိုင်းတာကိုမလုပ်ရင် မလုပ်တဲ့သူက အပြစ်တစ်ခုလို နောင်တတစ်ခုလိုခံစားရစေတယ်။ ဥပမာ ငါပြောတာမလုပ်ရင်ငရဲကြီးမယ်.. ငါ့ကိုပြန်ပြောရင်တော့မကောင်းတာတွေပဲ မင်းဘဝမှာဖြစ်မှာပဲ။ မင်းအခုလိုဖြစ်ရတာ ငါ့ကိုစိတ်မချမ်းသာအောင်လုပ်လို့လေ ဆိုတဲ့ ကြောက်ရွံ့မှုတစ်ခုကို ခံစားရစေတာမျိုးဖြစ်ပါတယ်။ ဒါဟာစိတ်ပိုင်းဆိုင်ရာလှည့်စားခြင်းလည်းဖြစ်တယ်။ ဟန်ဆောင်ပြတယ်။ အကြောင်းပြတယ်။ ဒီလိုအကြောင်းအရာတွေကြောင့် ဒီလိုလုပ်ပေးသင့်တာပေါ့လို့ တောင်းဆိုတတ်တယ်။ခြိမ်းခြောက်ပြောဆိုတတ်တယ်။ တစ်ပါးသူရဲ့ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးထားတယ်။ ရုပ်ရှင်တွေထဲမှာလို အမေကနှလုံးရောဂါရှိတဲ့အတွက် သမီးက အမေသဘောမတူတဲ့ရည်းစားနဲ့ ဖြတ်ပေးရမယ်ဆိုတာလည်း စိတ်ကိုလှည့်ဖြားတဲ့ပုံစံတစ်ခုပါပဲ။


3. ဝေဖန်မှုနဲ့ အကဲဖြတ်သုံးသပ်မှုများ (Criticism and Judgment)


တစ်ချို့မိသားစုတွေမှာ တစ်စုံတစ်ယောက်က အမြဲတမ်းအပြစ်တင်နေတယ်။ သေးသေးလေးတွေကအစ အပြစ်မြင်တတ်တယ်။ ရေနွေးကို ဘာဖြစ်လို့ဒီခွက်နဲ့ထည့်ရတာလဲ။ ဒါရေနွေးသောက်တဲ့ခွက်မဟုတ်ဘူးဆိုတာမသိဘူးလား။ ဒီလောက်အထိအသက်ကြီးနေပြီး ဒီလောက်ကလေးတောင်မှမသိဘူးလား။ ဒီအိတ်ကလွှင့်မပစ်ရဘူး။ တခြားထည့်စရာရှိရင်ပြန်ယူသုံးလို့ရတာပေါ့ အစရှိသဖြင့် ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကိုတောင်မှ မကျေမနပ်ဖြစ်နေတာ၊ အပြစ်တင်နေတာ၊ လိုက်ပြောနေတာမျိုး ရှိတတ်ပါတယ်။ ဟိုဟာလုပ်ရင်လုပ်ပြန်ပြီ။ ဒီဟာပြောရင်ပြောပြန်ပြီ။ ဒီလူနဲ့သွားရင်သွားပြန်ပြီ။ ဒီအချိန်အပြင်ထွက်ရင်ထွက်ပြန်ပြီ အစရှိသဖြင့် မျက်နှာချင်းဆိုင်လိုက်တိုင်းမှာ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ပြောနေတော့တာပါ။ အင်မတန် Negative ဖြစ်တယ်။ အရာရာကိုအဆိုးမြင်တယ်။ ဘာလုပ်ပေးပေးလည်းမကျေနပ်ဘူး။ ကောင်းတာနဲ့မကောင်းတာမှာ မကောင်းတာကိုပဲ အမြဲမြင်နေတယ်။ ကောင်းတာကိုတော့ ချီးကျူးပေးဖို့၊ဝ မ်းသာပေးဖို့ ၊အသိအမှတ်ပြုပေးဖို့ မလုပ်နိုင်ဘူး။


အဲဒီလိုမိသားစုဝင်တွေနဲ့တူတူနေရတဲ့အခါ စိတ်ဒဏ်ရာရလာတတ်ပါတယ်။ တိုတိုတုတ်တုတ်နဲ့ အကျဉ်းချုံးပြောရမယ်ဆိုရင်တော့ စိတ်ညစ်လာတာပါပဲ။ ဒါပါပဲ။


ဒါကို အကျယ်ချဲ့ပြီးပြောရရင် သားသမီးပဲဖြစ်ဖြစ် ၊အိမ်ထောင်ဦးစီးမိဘပဲဖြစ်ဖြစ် ၊ လက်တွဲဖော် အချင်းချင်းပဲဖြစ်ဖြစ် ဒီလိုအခြေအနေတွေနဲ့ တစ်ချိန်လုံးကြုံနေရတဲ့အခါကျတော့ မိမိကိုယ်ကိုလေးစားမှု (Low Self-Esteem) ကျလာပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့အမှန်တကယ်တန်ဖိုးကို မမြင်တတ်တော့ဘူး။ ကိုယ့်ရဲ့အရည်အသွေးကို နှိမ့်ချသလိုခံစားရတယ်။


အမြဲတမ်းအပြစ်တင်ငြူစူစောင်းမြောင်းနေတဲ့စကားသံတွေကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်း (Anxiety and Depression) မပျော်ရွှင်ခြင်းတွေကိုခံစားရတယ်။ ရင်းနှီးပြီး ချစ်ခင်မှုပြည့်ဝတဲ့ဆက်ဆံရေးတွေကို ဆက်လက်လုပ်ဆောင်ဖို့ ခက်ခဲတတ်ပါတယ်။


(Lack of Personal Growth) အနာဂတ်မှာ ကိုယ်ပိုင်ဖွံ့ဖြိုးမှုတွေအတွက် အတားအဆီးဖြစ်လာနိုင်ပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာ၊ မိမိကိုယ်မိမိဖျက်လိုဖျက်ဆီးလုပ်တာ၊ အိမ်ကထွက်ပြေးတာ၊ အရွယ်မတိုင်ခင်အိမ်ထောင်ကျတာ၊ အိမ်ထောင်အပြင်ဘက်မှာ ဖောက်ပြန်တာတွေ ဖြစ်လာတတ်ပါတယ်။


မိသားစုကနေ ရခဲ့တဲ့ဒဏ်ရာတွေကို လက်ခံပေးလိုက်ပါ။ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် အားလုံးဟာလူသားတွေပဲမို့ အပြစ်ကင်းစင်နေတယ်ဆိုတာမရှိပါဘူး။ ပုထုဇဉ်လူသားတွေဟာ အမှားတွေကိုကျူးလွန်တတ်ကြပါတယ်။ တချို့ကိစ္စတွေမှာ စေတနာနဲ့ချစ်ခြင်းမေတ္တာကို အရင်းခံထားပေမယ့် ဒါကိုဖော်ပြဖို့အခက်အခဲရှိနေတဲ့အတွက်ကြောင့် သူတို့ရဲ့စေတနာတွေ အချစ်တွေက ပူလောင်နေခဲ့ကြတယ်။ အပြစ်တင်သလိုပုံစံမျိုးနဲ့ ထွက်ပေါ်လာခဲ့ကြတာဖြစ်တယ်။


ဒါပေမဲ့ သူတို့ဆီမှာလည်း အတိတ်ကရခဲ့တဲ့စိတ်ဒဏ်ရာတွေရှိနိုင်ပါတယ်။ ဒါကြောင့်လည်း ချစ်ခြင်းကိုပြဖို့ အတွက်ဝန်လေးကြတာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် အပြစ်တွေအတင်ခံခဲ့ရတဲ့အခါမှာ သူများကိုအပြစ်တင်ဖို့ကလည်း မခက်ခဲတော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နားလည်ပေးလိုက်ပါ။ ဖြစ်နိုင်ရင် ကိုယ့်ဆီကချစ်ခြင်းမေတ္တာနဲ့ နားလည်မှုကိုပြပေးလိုက်ပါ။


မွန်ဟော်စီ

၂၀၂၄



 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page