top of page
Search

သွားရင်းလာရင်း ကုသိုလ်လေးတွေက မျှော်လင့်ခြင်းမပါတဲ့ အလှူပဲ

  • Dec 8, 2023
  • 1 min read

Updated: May 20



Toy monk in brown robe, smiling with hands on face, sits on mossy stone. Soft bokeh background creates a serene, joyful mood.

ကျွန်မရဲ့အနောက်မှာ ငွေရှင်းဖို့စောင့်နေတာက ကိုယ်နဲ့ အသက်မတိမ်းမယိမ်းလောက်ရှိတဲ့ မယ်သီလရှင်ဆရာလေးတစ်ပါးပါ။ သူ့လက်ထဲမှာ စာရွက်ညှပ်တဲ့ Paper Clip လေးတွေပါတဲ့ ဘူးလေးကို ကိုင်ထားပါတယ်။


ဒါနဲ့ ကျွန်မလည်း ငွေရှင်းကောင်တာမှာ ငွေပေးရင်း ဆရာလေးအတွက်ပါယူလိုက်ပါလို့ ပြောလိုက်ပါတယ်။ ဆရာလေးကလည်း ဝမ်းသာအားရနဲ့ ဒီဘူးထဲက Paper Clip ပန်းရောင်လေးတွေကို သူ့ပဝါမှာညှပ်ဖို့ ယူရင်ကောင်းမလား၊ မယူရင်ကောင်းမလား၊ စဉ်းစားနေတာပါလို့ ဆိုပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် သွားရင်းလာရင်း အလှူသေးသေးလေးတစ်ခုကို လုပ်လိုက်မိတော့ ကျေနပ်နှစ်သိမ့်တဲ့စိတ်ဖြစ်ရပါတယ်။ ကျွန်မက ကုသိုလ်အပေါ်မှာ အတော်အားကိုးတဲ့သူဖြစ်ပါတယ်။ ကုသိုလ်စုဘူးဆိုပြီး ကျွန်မစာလေးတစ်ပုဒ်လည်း ရေးခဲ့ဖူးပါတယ်။


ကျွန်မက တကယ်ကို ကုသိုလ်လေးတွေကို စုဘူးလိုစုတတ်တဲ့သူလည်းဖြစ်ပါတယ်။ သေးငယ်တဲ့ကုသိုလ်လေးတွေကနေလည်း ပါရမီမြောက်တဲ့ကုသိုလ်ကြီးတွေ ဖြစ်သွားနိုင်တာမို့ ကောင်းတဲ့အာရုံတွေအပေါ်မှာ ကောင်းစိတ်လေး..ထားဖို့ကသာ အဓိကကျတယ်လို့ ယုံကြည်မိတာပါပဲ။


ဒါကြောင့် အခက်အခဲတွေ့တိုင်းလည်း အဲ့ဒီကုသိုလ်တွေကို အမြဲတမ်း သစ္စာဆိုလေ့ရှိပါတယ်။ ကျွန်မက နေ့တိုင်းလုပ်တဲ့ကုသိုလ်၊ လတိုင်းလုပ်တဲ့ကုသိုလ်၊ သွားရင်းလာရင်း ကြုံသလိုလုပ်တဲ့ကုသိုလ်တွေကို သစ္စာဆိုပါတယ်လို့ပြောတော့ တစ်ယောက်က သွားရင်းလာရင်းလုပ်တဲ့ကုသိုလ်ဆိုတာဘယ်လိုပါလဲလို့ မေးဖူးပါတယ်။ အရှေ့မှာရေးခဲ့သလို ဆရာလေးတစ်ပါးကို လှူဒါန်းတယ်ဆိုတဲ့ကုသိုလ်ဟာ သွားရင်းလာရင်း အမှတ်မထင်လုပ်လိုက်တဲ့ ကုသိုလ်မျိုးပဲဖြစ်ပါတယ်။ ကျွန်မကားထဲမှာ ဆန်ဆီအထုပ်လေးတွေ အမြဲထည့်ထားပြီး ကြုံသလိုလည်း ပေးဖြစ်ပါတယ်။ ကုသိုလ်ထုပ်လေးတွေလို့ ကျွန်မ စာရေးတော့ ဒီအထုပ်လေးတွေ သွားမှာကြပြီး လှူကြတယ်လို့လည်း ကြားရပါတယ်။


နောက်တစ်ခုကတော့ ခရီးတွေဘာတွေသွားတဲ့အခါ လမ်းမှာဝင်ရတဲ့ အများသုံးအိမ်သာတွေက တစ်ခါတစ်ရံ အိမ်သာစက္ကူတွေ ဘာတွေ မရှိတတ်ကြပါဘူး။ ရေရှိပေမယ့် ဆပ်ပြာမရှိတာလည်း ဖြစ်တတ်ပါတယ်။


ကိုယ်ကိုယ်တိုင် လက်ဆေးစရာ ဆပ်ပြာမရှိ၊ အိမ်သာသုံးစရာ စက္ကူမရှိနဲ့ ဒုက္ခရောက်ခဲ့ရတာမျိုးတွေလည်း ကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်မအိမ်သာဝင်တဲ့အခါတိုင်း အိမ်သာသုံးစက္ကူလေးတွေ ထားခဲ့ပါတယ်။ လက်ဆေးတဲ့နေရာမှာ ဟိုတယ်ကပြန်ယူလာတဲ့ ဆပ်ပြာတုံးအသေးလေးတွေ ထားခဲ့တတ်ပါတယ်။


နောက်ထပ်ဝင်လာတဲ့သူ အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ပဲ ထားခဲ့တာပါ။ ကြီးကျယ်တဲ့ကုသိုလ်တော့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ရည်ရွယ်ချက်ကောင်းကလေး ပါတယ်လို့တော့ ပြောရမှာပဲဖြစ်ပါတယ်။ ကိုယ်အဆင်ပြေသလို သူများလည်းအဆင်ပြေပါစေဆိုတဲ့စိတ်ပါပဲ။


တစ်လောကပဲ ကျွန်မအမေနဲ့ ဆိုင်တစ်ဆိုင်မှာ မနက်စာလေးဝင်စားတော့ ဘေးကစားပွဲက ညီမငယ်လေးတွေတချို့ လာပြီး နှုတ်ဆက်ကြပါတယ်။ တစ်ယောက်ကတော့ ကျွန်မစာတွေနဲ့ပတ်သက်ပြီး အတော်ကို ကျေးဇူးတင် အသိအမှတ်ပြုတာတွေ့ရတော့ ဝမ်းသာမိပါတယ်။ သူတို့အရင်ထသွားပြီး ကျွန်မပိုက်ဆံရှင်းမယ်ဆိုတော့ ရှင်းသွားပြီးပါပြီတဲ့။ ကျွန်မတို့အဲဒီနေ့က အိမ်မှာစားဖို့တောင် ပါဆယ်ဆွဲလာကြတာပါ သူများရှင်းသွားတယ်ဆိုတော့ အားတောင်နာမိပါတယ်။


ဒီလိုအဖြစ်အပျက်လေးတွေက မကြာခဏကို ကြုံရတတ်ပါတယ်။ စျေးပွဲတော်လိုနေရာမျိုးကိုသွားရင် ကျွန်မလက်ထဲမှာ လက်ဆောင်လေးတွေ အလိုလိုရောက်လာတာကလည်း ချစ်စရာပဲဖြစ်ပါတယ်။


ဒီလိုအဖြစ်အပျက်လေးတွေက မကြာခဏကို ကြုံရတတ်ပါတယ်။ စျေးပွဲတော်လိုနေရာမျိုးကိုသွားရင် ကျွန်မလက်ထဲမှာ လက်ဆောင်လေးတွေ အလိုလိုရောက်လာတာကလည်း ချစ်စရာပဲဖြစ်ပါတယ်။


ဒါတွေက တိုက်ဆိုင်တာမဟုတ်ဘူးဆိုရင်လည်း ကိုယ်ဖန်တီးခဲ့တဲ့ အကြောင်းတွေကြောင့် အကျိုးတရားတွေဖြစ်လာတယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ရည်ရွယ်ချက်ကလေးကို မပျောက်ပါစေနဲ့။ ကိုယ်ရည်ရွယ်လိုက်တဲ့ နေရာတစ်ခုမှာ ကိုယ့်ရဲ့ Energy ဟာ စီးဆင်းသွားတာပဲဖြစ်ပါတယ်


Where your attention goes, the energy flows ပါပဲ။ ကိုယ်အာရုံပြုလိုက်တဲ့နေရာမှာ ကိုယ့်ရဲ့ Energy ဟာ ရောက်ရှိသွားပါတယ်။ အဲဒီအရာဟာလည်း ပိုပြီးကြီးထွားလာတတ်ပါတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ဒီသဘောအတိုင်းပါပဲ။ နေ့စဉ်ဘဝမှာ အရေးကြီးနေတာက အာရုံကောင်းလေးတွေကို သတိပြုမိစေဖို့ပဲဖြစ်ပါတယ်။


မွန်ဟော်စီ

ဒီဇင်ဘာ ၂၀၂၃






 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page