top of page
Search

ပြောရမယ်ဆိုရင် ကျွန်မဟာ အဝတ်အစားတော်တော်မက်မောတဲ့သူပါပဲ။ အဝတ်တွေလည်း မကြာခဏ ဝယ်လေ့ရှိတယ်။ ချုပ်လည်းချုပ်တယ်။

  • Dec 30, 2024
  • 1 min read

Updated: May 20, 2025


Person browsing colorful patterned shirts on wooden hangers in a closet; red, floral, and animal prints visible. Cozy, focused ambiance.


စိတ်ညစ်ရင် အဝတ်ဝယ်တာပဲ။ Online ကနေဝယ်လို့ရတော့ ပြီးရော။ ကျွန်မ စိတ်သိပ်မပျော်ဘူးဆို အဝတ်တွေလျှောက်မှာပစ်လိုက်ပြီ။ လက်မလေးနဲ့ ဖုန်းစကရင်မ်ကို ပွတ်ဆွဲကြည့်ရင်း ကြိုက်တဲ့ပုံတွေ့ရင် screen shot ရိုက်ထားလိုက် save လုပ်ထားလိုက်နဲ့ အဲလိုလုပ်ရတာကို ပျော်နေတော့တာ။


အဝတ်ဗီရိုကို ရှင်းထုတ်လိုက်ရင် သူများတွေကိုပြန်ပေးဖို့ အထုတ်ကြီး အထုတ်ငယ်နဲ့ထွက်လာတာပဲ။ အံ့သြစရာကောင်းတာက တချို့အဝတ်တွေဟာ ဝယ်ပြီးကတည်းက ကျွန်မ တစ်ခါမှကို မဝတ်ရသေးဘူး။ တချို့ဟာတွေ တစ်ခါလောက်ပဲ ဝတ်ရသေးတယ်။ တချို့ဟာတွေဆို မေ့တောင်မေ့နေပြီ။ တချို့ဟာတွေက ချုပ်ပြီးမှ မကြိုက်တော့ဘူး။ အဆင်မပြေတော့ဘူး။


ခုနောက်ပိုင်းတော့ တစ်ခုသတိထားမိလာတာရှိတယ်။ တကယ်တော့ အဝတ်သစ်တွေကို ကြိုက်လို့ဝယ်တာပဲဖြစ်ဖြစ်၊ ပျော်လို့ဝယ်တာပဲဖြစ်ဖြစ် လက်ထဲရောက်လာပြီဆိုရင်

Emotional Connection လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုက ရှိမှမရှိတာပဲ။


တစ်နေရာကို နှစ်ရက်ဆက်တိုက်သွားရရင် ကျွန်မ မနေ့ကဝတ်ခဲ့တဲ့ဝတ်စုံကို ဒီနေ့မှာ ပြန်မဝတ်ချင်တော့ဘူး။ ပထမနေ့က အသစ်လေးဝတ်ရလို့ လှလှပပ ကျော့ကျော့မော့မော့လေးနဲ့ ပျော်တယ်။

ပျော်တယ်ဆိုရင် နောက်နေ့ဆက်ဝတ်လေဆိုတော့ ဟင့်အင်း ဒါကြီးကိုပဲ ထပ်မဝတ်ချင်ပါဘူး။ မနေ့ကဝတ်ထားတဲ့ဟာကြီးလို့ဖြစ်သွားပါလေရော။


သြော် အဝတ်သစ်တွေထဲမှာ ပျော်ရွှင်မှုမရှိဘူးဆိုတာ သေချာသွားတော့တာပဲ။ အစတုန်းက အဝတ်သစ်ဝယ်ရတော့မယ်။ အဝတ်သစ်ရပြီ ဝတ်ရတော့မယ်ဆိုရင် ပျော်စရာလို့ထင်နေခဲ့တာနော်။

တကယ်တော့ ပျော်ရွှင်မှုဟာ အသစ်အသစ်တွေနောက်လိုက်နေမှမဟုတ်ဘူး။ ကိုယ့်လက်ထဲမှာရှိတာလေးကို သာယာနှစ်သက်နေတာ ကျေနပ်ရောင့်ရဲနေနိုင်တာကမှ ပျော်ရွှင်ရတာပါ။


တစ်ခုခုကိုလိုချင်လို့ စိတ်တွေ ဂနာမငြိမ်ဖြစ်နေပြီဆိုရင် ဒီပစ္စည်းဟာ နောက် ၆ လအထိ ပေါ်ပြူလာဖြစ်နေဦးမှာလား။ ကိုယ့်ကို စိတ်လှုပ်ရှားနေစေဦးမှာလားလို့ မေးကြည့်တဲ့။


ဆရာတော်ဟောတဲ့ တရားထဲမှာပါဖူးတယ်။

ခုတော့ ဆရာတော်ကို ပြန်လျှောက်ချင်လာတယ်။ အမလေး အရှင်ဘုရား နောက်၆လစောင့်ဖို့မလိုပါဘူး။ မနက်ဖြန်ဆိုရင်တောင် မပျော်တော့ဘူး ဘုရားလို့။


အဟုတ်ပဲ အဝတ်အစားဝတ်ဖို့ဆိုရင် အတော်အချိန်တွေပေး အားထုတ်ခဲ့တာတွေရှိခဲ့ဖူးတယ်။ ခရီးသွားရင် အဝတ်တွေကို အလေးခံယူရတယ်။ ကျွန်မက အပြင်သွားခါနီးတိုင်း

အဝတ်အစားတွေ ၃၊ ၄စုံလောက် ရွေးလေ့ရှိတယ်။ ပြန်မသယ်နိုင်တော့လို့ ရောက်တဲ့နေရာမှာ ထားထားပစ်ခဲ့ရတာအပြင် အသစ်ပြန်ဝယ်လာတာလည်းတစ်ပုံကြီးပဲ။


အပြင်သွားခါနီးတိုင်း ဗီရိုဖွင့်ပြီး ၃စုံလောက်လဲပြီးမှ ကိစ္စပြီးတော့တယ်။ ဒီဟာက ပူတယ်။ ဒီဟာက ဗိုက်ထွက်နေတယ်။ ဒီဟာကပါးတယ် စသည်ဖြင့် အမျိုးစုံပဲ။ ရယ်လည်းရယ်ရတယ်။ နောက်ဆုံးကျတော့ စိတ်တွေရှုပ်လာပြီး။ အပွဆုံး အအေးဆုံးဟာ ရှာပြီးဝတ်ထွက်လာရော။


ပြီးရင် စိတ်ညစ်ပြီ။ သြော် ငါ့မှာ ဝတ်စရာမရှိတော့ပါလား။ ထပ်ဝယ်ရဦးမယ်။ ထပ်ချုပ်ရဦးမယ်နဲ့ ဝယ်ပြီး ချုပ်ပြီးတော့လည်း အဲဒီသံသရာက ဆက်လည်သွားပြန်တော့တာပဲ။


မဆုံးတော့ဘူး။

အမြစ်ကိုမခုတ်ပစ်နိုင်ဘူးလေ။


ရွေးချယ်ရတာတွေဟာ လူတွေကို စိတ်ဖိစီးမှု ဖြစ်စေတယ်။


ကလေးတစ်ယောက်ကို ကားရော ရထားရော လေယာဉ်ပျံရော အရုပ်တွေစုပြုံပေးပြီး ရွေးခိုင်းကြည့်လိုက်ပါ။ ဟိုဟာလည်းလိုချင် ဒီဟာလည်းလိုချင်နဲ့ ဒီကောင် အူကြောင်ကြားဖြစ်ပြီး ဘာယူကစားရမှန်းမသိတော့ဘူး။ နောက်ဆုံး စိတ်ညစ်ပြီး ဗြဲဆို ထငိုရော။


ကျွန်မတို့လည်း တူတူပဲ။ တစ်ခါတစ်ရံ လူကြီးတွေဖြစ်နေပေမဲ့ စိတ်တွေက ကလေးတွေဖြစ်နေကြတုန်းပဲလေ။


တချို့ နာမည်ကျော်တွေဟာ နေ့တိုင်း ပုံစံတစ်မျိုးပဲ ဝတ်ကြတယ်တဲ့။ဘာဖြစ်လို့ ဒီလိုတစ်မျိုးပဲဝတ်တာလဲဆိုရင် သူတို့က အရေးကြီးတဲ့ဆုံးဖြတ်ချက် Decision Making တွေ အချိန်တိုအတွင်းမှာ လုပ်ကြရတော့ သူတို့ရဲ့ စွမ်းအင် Energy ကို ခြွေတာလိုက်တာတဲ့။


ဗီရိုဖွင့်ပြီး ဟိုဟာဝတ်ရကောင်းမလား၊ ဒီဟာဝတ်ရကောင်းမလားနဲ့ စဉ်းစားစရာမလိုတော့ဘူးလေ။ ကိုယ်နဲ့အလိုက်ဆုံးစတိုင်တစ်ခုကို ဖမ်းထားလိုက်တယ်။ အဲဒီအတိုင်း တစ်သက်လုံးနေလိုက်တယ်။


အမျိုးသားနဲ့ အမျိုးသမီးဆိုတာကလည်းကွာခြားမှုရှိတာပေါ့လေ။ သူတို့လို လိုက်လုပ်ဖို့ဆိုတာတော့ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ အမျိုးသမီးတွေကျတော့ အကျီနဲ့လိုက်တဲ့ ဖိနပ်တို့ လက်ပွေ့အိတ်တို့ နားကပ်တို့ ဆွဲကြိုးတို့ ပဝါတို့ ဆိုတာတွေကလည်းရှိသေးတာကိုး။ အမျိုးသမီးတွေထဲမှာကို ကျွန်မလိုဟာမျိုးက သိပ်အဆာပလာများတာ။


ဒါပေမဲ့နော် ကျွန်မအသိအန်တီတစ်ယောက်ကတော့ အမြဲတမ်း ရှပ်အကျီအပြာကွက်နဲ့ လုံချည်နက်ပြာရောင်လေးပဲဝတ်တာ တွေ့ဖူးတယ်။ လုပ်နိုင်တဲ့လူတွေလုပ်နိုင်ပါတယ်။ အဆာပလာမများတဲ့သူမျိုးတွေပေါ့လေ။

အရိုးဆုံးဟာ အရှင်းဆုံးပေါ့လေ။


ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုချင်းစီအပေါ်မှာ ကျေနပ်ရောင့်ရဲတဲ့စိတ် Emotional Connection လေးပေါ်လာရင်တော့ အသစ်အသစ်တွေနောက်လိုက်ရင်း စိတ်ပျော်စရာကို ရှာနေမိတဲ့ကိစ္စဟာ လျော့သွားနိုင်မလားပဲ။ တွေးမိတာလေးပါ။


ပျော်စရာဆိုတာက တစ်ခါတစ်လေကျတော့ လိုက်လေ ဝေးလေပဲ။ ဖမ်းလေ ပြေးလေပဲ။ နီးလျက်နဲ့ဝေးနေတတ်သေးတာ။


တကယ်ပျော်ဖို့အတွက်က ကိုယ့်စိတ်ကိုပဲ ပြောင်းကြည့်ရမှာ။

ကျွန်မလည်း ကြိုးစားကြည့်ပါမယ်။


မွန်ဟော်စီ

အောက်တိုဘာ ၂၀၁၉


 
 
 

Comments


  • Facebook
  • Youtube
bottom of page