စိတ်ရှင်း အိမ်ရှင်းရင် ငွေလည်းရွှင် ငွေလည်း ဝင်ပါသတဲ့။
- Apr 18
- 1 min read

စာကို မဖတ်ခင် အရင်ဆုံး တင်ထားတဲ့ပုံလေးကိုကြည့်စေချင်ပါတယ်။
ဖြူဖြူဖွေးဖွေး ရှင်းရှင်းသန့်သန့် ပစ္စည်းတွေသပ်သပ်ရပ်ရပ်နဲ့ ဧည့်ခန်းလေးကိုတွေ့ရတဲ့အခါမှာ ဘယ်လိုခံစားရပါသလဲ။
ဒီအခန်းလေးထဲမှာ ကိုယ်တိုင်ဝင်ထိုင်ကြည့်မယ်။ တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်လေးနဲ့ အနံ့အသက်တွေကလည်းကောင်းနေမယ်။ ဖုန်တွေ အမှိုက်တွေလည်းမရှိဘူးဆိုရင် စိတ်တွေ ကြည်လင်နေမှာပါ။
သူနဲ့ဆန့်ကျင်ဘက် ရှုပ်ပွနေတဲ့အခန်းတစ်ခုရဲ့ဓာတ်ပုံကိုတော့ Comment မှာပဲ ပြလိုက်ပါမယ်။
ကျွန်မတို့တွေရဲ့စိတ်တွေ ရှင်းရှင်းလင်းလင်း ကြည်ကြည်လင်လင်ဖြစ်ဖို့ဆိုရင် ကိုယ်နေထိုင်တဲ့နေရာတွေ အခန်းတွေ အလုပ်စားပွဲတွေဟာလည်း ရှင်းလင်းနေဖို့ လိုပါတယ်။
ဟိုတယ်ကြီးတွေလို ခမ်းနားနေရမယ်လို့မဆိုလိုပါဘူး။ ပစ္စည်းလေးတွေ သူ့နေရာနဲ့သူ စီစီရီရီ သပ်သပ်ရပ်ရပ်နဲ့ အနံ့အသက်ကောင်း လေဝင်လေထွက်ကောင်းတယ်ဆိုရင် ကျွန်မတို့ရဲ့ Energy ဟာ High-frequency ဖြစ်နေမှာသေချာပါတယ်။
ကျွန်မလည်း နှစ်သစ်မှာ စိတ်တွေရှင်းချင်တာမို့ အိမ်မှာ ရှင်းလင်းရေးတွေလုပ်နေပါတယ်။
ကျွန်မကအဝတ်အစားကြိုက်တဲ့သူမို့လို့ အဝတ်အစားတွေများသလို တကယ်ရှင်းရပြီဆိုရင်လည်း အဝတ်ဗီရိုက စပြီးရှင်းရတာပါပဲ။
ပစ္စည်းတွေ ရှင်းထုတ်နေရင်းကနေ ကျွန်မတို့မှာ ဒီလောက်များပြားတဲ့ပစ္စည်းတွေ ဘယ်လိုရှိနေခဲ့တာလဲဆိုတဲ့အကြောင်းကိုစဉ်းစားမိပါတယ်။
၁) ပထမဦးဆုံးအချက်ကတော့ ဝယ်ခဲ့မိတဲ့အတွက်ပါ။ ဘယ်လိုဝယ်ခဲ့တာလဲဆိုရင် ပစ္စည်းတစ်ခုကို ကိုယ်တကယ်မလိုအပ်ဘဲနဲ့ တွေ့လိုက်ရတဲ့အချိန်မှာ ရုတ်တရက်ကြိုက်မိ လိုချင်စိတ်ဖြစ်မိပြီး ဝယ်လိုက်မိတာမျိုးပါပဲ။ အင်္ဂလိပ်လိုဆိုရင်တော့ Consumer Impulse လို့ခေါ်ပါတယ်။
၂) ကွန်ပျူတာဘေးမှာဆိုရင်တော့ ပရင့်ထုတ်ထားတဲ့စာရွက်တွေ တစ်ထပ်ကြီးဖြစ်နေပါတယ်။ ကျွန်မက အွန်လိုင်းပေါ်ကစာတွေကိုကြိုက်မိပြီဆိုရင် ပရင့်ထုတ်ထားတတ်တယ်။ စာရွက်တွေပရင့်ထုတ်ပြီးတာနဲ့ File တွေ နဲ့ခွဲထားတယ်ရှိပါတယ်။ တချို့စာတွေကပရင့်ထုတ်ထားတာ နှစ်ပေါင်းများစွာပဲကြာလှပြီ။ အခုထိမဖတ်ဖြစ်သေးပါဘူး။ ဒါပေမယ့်လည်း မပစ်နိုင်တဲ့အတွက် တပုံ့ပုံ့ဖြစ်နေတာပါပဲ။ သည်လိုပစ္စည်းတွေကတော့ I cannot let go of them လို့ပြောရမှာပါပဲ။
၃) တချို့ပစ္စည်းတွေကတော့ အတိတ်က အမှတ်တရတွေ ရှိနေတဲ့အတွက် သံယောဇဥ်တွယ်နေမိတဲ့ ပစ္စည်းတွေပါပဲ။ အဖေ့ရဲ့ကားမောင်းလိုင်စင်တို့၊ ဆုံးသွားတဲ့ခွေးကလေးရဲ့လည်ပတ်၊ ရည်းစားဟေါင်းက ဝယ်ပေးခဲ့တဲ့သီချင်းခွေ ဒါမျိုးပစ္စည်းတွေကလည်းအများသားပါပဲ။ Old Memories တွေရှိနေတာမို့ မပစ်ရက်နိုင်ပြန်ပါဘူး။
၄) တချို့ ပစ္စည်းတွေကတော့ အခုမသုံးပေမယ့် နောက်တော့သုံးမှာပေါ့ဆိုပြီး Future Use အတွက် ဝယ်ထားမိတဲ့ပစ္စည်းမျိုးတွေပါပဲ။ ဥပမာအားဖြင့် နောက်ချက်ရအောင် တွေ့တုန်းဝယ်ထားလိုက်ဆိုတဲ့ ဟင်းအနှစ်ထုပ်တွေ နောက်မှဖတ်မယ်ဆိုတဲ့ စာအုပ်တွေပါပဲ။
၅) နောက်တစ်မျိုးကကျတော့ လိုအပ်တဲ့သူတစ်ယောက်ယောက်ကို ပေးပစ်ရမှာလား။ ကိုယ်ပဲ ပြန်သိမ်းထားရမှာလားဆိုပြီး Delayed Decision စိတ်မပြတ်မသားဖြစ်နေလို့ တပုံပုံဖြစ်နေတဲ့ပစ္စည်းတွေပါပဲ။ ဥပမာအားဖြင့် ကျွန်မဗီရိုရှင်းတဲ့အခါ တချို့အင်္ကျီလေးတွေဆိုရင် ငါပိန်သွားရင် ပြန်ဝတ်လို့ရသေးတယ်။ သူများကိုမပေးသေးပါဘူးလေဆိုပြီး မပြတ်မသားဖြစ်ရတာမျိုးပါ။
ပစ္စည်းတွေက အဲဒီလောက် များပြားပြီး မှတ်လည်းမမှတ်မိ၊ ပေးလည်းမပေးနိုင်၊ ရှင်းလည်းမရှင်းနိုင် ရှုပ်နေပြီဆိုရင် အိမ်မှာနေရတာ စိတ်တွေရှုပ်လာပါလိမ့်မယ်။
ကျွန်မကတော့ ရှင်းရမဲ့ တစ်ခန်းချင်း တစ်နေရာချင်းမှာ Four Box Method နဲ့ ပစ္စည်းတွေကိုရှင်းထုတ်ပစ်လိုက်ပါတယ်။ ပုံးတွေရဖို့မလွယ်ရင်လည်း အထုပ်လေးတွေနဲ့ ခွဲပြီး ရှင်းလို့ရတာပါပဲ။
(ဒါကလည်း ဂျပန်ဆရာမ Marie Kondo /Organizing Consultant ရဲ့နည်းလို့ ထင်ပါတယ်။)
ပထမပုံးထဲမှာ ဆက်သိမ်းထားမယ့်အသုံးဝင်သေးတဲ့ပစ္စည်းတွေကိုထည့်ပါ။ မြင်သာတဲ့နေရာမှာထားပါ။ မမြင်ရတဲ့နေရာမှာဆိုရင် ကိုယ့်မှာ ဘာတွေရှိနေသလဲဆိုတာ မေ့သွားပါလိမ့်မယ်။
KEEP
ဒုတိယပုံးထဲမှာ ပေးပစ်မယ့် လှူပစ်မယ့်ပစ္စည်းတွေကိုထည့်ပါ။ တစ်ခါတည်း လှုလိုက် ပေးလိုက်ပါ။ ကိုယ်သေရင်လည်း ကျန်တဲ့သူတွေက ဒီပစ္စည်းတွေကို လှုပစ် ပေးပစ်ကြမှာပါ။ ထိုက်တဲ့သူတွေရသွားမှာပါ။ ကိုယ်တိုင် အသက်ရှင်တုန်း ကိုယ့်လက်နဲ့လှုရတော့ကုသိုလ်လည်းရ၊ ပီတိဖြစ်ရတယ်။
GIVE AWAY
တတိယပုံးထဲမှာ ပျက်စီးအသုံးမဝင်တော့တဲ့ လွှင့်ပစ်မယ့်ပစ္စည်းတွေကိုထည့်လိုက်ပါ။ အချစ်ရဆုံးသူတွေတောင် သေဆုံးသွားကြသေးတာပဲ။ သူတို့နဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်း တစ်ခုနှစ်ခုအမှတ်တရရှိရင်ပဲလုံလောက်ပါတယ်။ ပစ္စည်းသင်္ခါရ လူသင်္ခါရပါပဲလို့ နှလုံးသွင်းလိုက်ပါ။
TRASH
လေးပုံးမြောက်ထဲမှာတော့ ပေးလိုက်ရမလား။ သိမ်းထားရဦးမလား။ ဆုံးဖြတ်ရခက်နေတဲ့ပစ္စည်းတွေကိုထည့်လိုက်ပါ။ ပထမသုံးပုံးကတော့ ဘာလုပ်ရမယ်ဆိုတာရှင်းပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်မပြတ်မသား ဖြစ်နေရတဲ့ပုံးကလေးကိုတော့ တစ်နေရာမှာထားလိုက်ပါ။
နောက်သုံးလလောက်ကြာတဲ့အထိ ဒီပုံးတွေကပစ္စည်းတွေကို သုံးလည်းမသုံးမိ ပြန်လည်းမဖွင့်ကြည့်မိဘူးဆိုရင် ကိုယ်တကယ်မလိုတော့တာ မသုံးဖြစ်တော့တာ သေချာပါပြီ။ ပေးဖို့ ပစ်ဖို့သာလုပ်ပါ။
(တချို့ကတော့ လေးပုံးမြောက်ပုံးထဲကို အခုအချိန်ဝတ်ဖို့မလိုသေးတဲ့ ဆောင်းတွင်းဝတ်အနွေးထည်လို ပစ္စည်းမျိုးတွေ ထည့်ပြီး ခွဲသိမ်းထားလိုက်တာမျိုးကို လုပ်ပါတယ်။)
RELOCATE
နှစ်သစ်မှာ မလိုတော့တဲ့အမှိုက်တွေကိုရှင်းပစ်ဖို့လည်းလိုပါတယ်။ ဒီအမှိုက်တွေက ပိတ်ဆို့နေတဲ့ Energy တွေပါပဲ။ အသစ်တွေကိုလက်ခံဖို့ဆိုရင် အဟောင်းတွေကိုရှင်းထုတ်ပစ်မှဖြစ်မှာပါ။ရှင်းလင်းနေတဲ့အိမ်နဲ့ ရှုပ်ပွထနေတဲ့အိမ် နေရတဲ့ခံစားချက်ချင်းကမတူပါဘူး။
ဒီနှစ်ဟာ အကောင်းတွေကိုလက်ခံရမယ့်နှစ်လို့ ပညာရှင်တွေကဆိုကြပါတယ်။ အကောင်းတွေကိုလက်ခံဖို့ဆိုရင် ကိုယ်လက်ခံပေးရမဲ့ နေရာတွေ စိတ်စွမ်းအားတွေကို ချဲ့ထားဖို့ လိုအပ်ပါတယ်။ အမှိုက်လိုဖြစ်နေတဲ့ မလိုအပ်တဲ့ ပစ္စည်းတွေကိုရှင်းထုတ်ပစ်လိုက်ပါ။
စိတ်ရှင်း အိမ်ရှင်းရင် ငွေလည်းရွှင် ငွေလည်း ဝင်ပါသတဲ့။
Comments