top of page
Search

ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေမှုနှင့် မေတ္တာစိတ်

  • Apr 3, 2025
  • 1 min read

မို


Woman in a cozy sweater hugging herself, set against a minimal beige background. Text in another language below reads "Mon Halsey."

းရာသီတုန်းက အိမ်ပေါ်ထပ်ဝရန်တာမှာ စိုက်ထားတဲ့အပင်ကလေးတစ်ပင်ဟာ မိုးတွေများလွန်းတာကြောင့်ထင်ပါတယ်။ အမြစ်တွေ ရေမျော၊ တဖြည်းဖြည်းနဲ့ ညှိုးရော်သွားတာ အရွက်တွေတစ်ရွက်မှမရှိတော့ဘူး။

နောက်ပိုင်းကျတော့ အနည်းငယ် သာသာယာယာလေးပြန်ဖြစ်လာတယ်။ နေရောင်လေးပွင့်လာတယ်။ သူ့ဘေးနားမှာ ဝပ်နေတဲ့ရေတွေကို ခပ်ထုတ်ပစ်လိုက်ရတယ်။ သူ့ကို မြေကြီးအသစ်ထည့်ပေး၊ နေရောင်ပြပေး၊ နေရာရွှေ့ပေး၊ မြေဆွပေးလိုက်တာ အရွက်စိမ်းပေါက်စကလေးတွေ ပြန်ပြီးထွက်လာပါတယ်။ သစ်ပင်ကလေးနေပြန်ကောင်းလာခဲ့ပြီပေါ့။ အရွက်တွေဝေလာခဲ့ပြန်ပြီပေါ့။ အသီးတွေ အပွင့်တွေ ဝေဆာဖို့ အားယူလှမ်းတက်ခဲ့ပြီပေါ့။


Healing ပြန်လည်ကုစားကျန်းမာလာပြီ။ Rediscovering သူနဲ့ကိုက်ညီမှု၊ အဆင်ပြေမှုရှိတဲ့အရာတွေကို ရှာဖွေတွေ့ရှိခဲ့ပြီ။


Starting Over အရွက်အသစ်ကလေးတွေနဲ့ အစကပြန်စပြီ။


သစ်ပင်ကလေးကိုပြုစုနေရင်းကနေ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေမိပါတယ်။


ဘာတွေ စိတ်ဆင်းရဲပင်ပန်းနေသလဲဆိုတာ စာဖွဲ့မပြောတော့ပါဘူး။ အရာရာ အုံဖွဲ့များပြားလာတော့ စိတ်မှာ မသာယာတော့ဘူး။ မကြည်လင်တော့ဘူး။ စိတ်စွမ်းအင်တွေ ကျလာပါတယ်။ Energy တွေက Low Vibe ထဲရောက်လာပါတယ်။ စီးဆင်းမှုမရှိတော့ဘဲ ပိတ်ဆို့ကြပ်ခဲကုန်ပါတယ်။


ကျွန်မ ပျောက်ဆုံးသွားတယ်။


ဒါတောင်မှ ကျွန်မဟာ စိတ်ကို အမျိုးစုံ ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေကိုသိတယ်။ လုပ်လည်းလုပ်တတ်တယ်။ လုပ်နိုင်တဲ့အခြေအနေလည်းရှိတယ်။ ရှုထောင့်တွေကို ပြောင်းတတ်တယ်။ အထောက်အကူပစ္စည်းကိရိယာတွေ အစုံအလင်ရှိတယ်ပဲဆိုပါစို့။


ဒါတောင်မှ ကျွန်မဟာ စိတ်ခက်ခဲပင်ပန်းတာတွေကိုခံစားရပါတယ်။ အဲဲဒီလို ခံစားနေရတဲ့အချိန်မှာ ငါဟာ သိပ်သနားစရာကောင်းပါလား။ ငါ့ဘဝက စိတ်ပျက်စရာပဲဆိုတဲ့ နေရာကနေမဟုတ်ဘဲ သူ့ကို မေတ္တာစိတ်နဲ့မြင်ကြည့်တယ်။


ငါအတော်ပင်ပန်းနေတာကိုသိတယ်။ ငါ့ရဲ့စိတ်ကလေးကို အေးချမ်းအောင်နေရမယ်။ ငါ့စိတ်မှာ ငြိမ်သက်ခြင်းအစဥ်ရှိနေပါစေ။ ဒီလိုဖြစ်ဖို့ ငါဘာတွေလုပ်ရမလဲ၊ ငါလုပ်နိုင်တာဘာတွေလဲ လို့ ပြန်တွေးမိပါတယ်။ လိုက်ရှာနေခဲ့ပါတယ်။


ကိုယ့်ရဲ့ပစ္စည်းကိရိယာ တန်ဆာပလာတွေကိုပဲ ထုတ်သုံးရတော့တာပေါ့။ တရားတွေနာရတယ်။ Self-Talk ကိုယ့်ကိုယ်ကိုယ် စကားတွေပြောပေးရတယ်။ Affirmation ယုံကြည်ချက်တွေကို ပြန်ပြီးတည်ဆောက်ရတယ်။

Positive Thinking အကောင်းမြင်စိတ်တွေကို ပြန်ပြီးမွေးမြူရတယ်။ အရာရာ ဖြစ်သမျှကောင်းနေတယ်လို့မြင်တာမဟုတ်ဘဲနဲ့ အခုဖြစ်နေသမျှ အဆင်မပြေမှုတွေကို ကျော်လွှားအောင်နိုင်သွားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် ထားတာဟာ ကျွန်မဆိုလိုချင်တဲ့ အကောင်းမြင်စိတ်ဖြစ်ပါတယ်။


ကာလဒါန ကုသိုလ်ထုပ်ကလေးတွေဝေမျှတဲ့အလုပ်ကို နေ့တိုင်းဆိုသလိုလုပ်တယ်။ မိတ်ဆွေသူငယ်ချင်းတွေကို စားသောက်စရာလေးတွေ၊ လက်ဆောင်လေးတွေပို့ပေးဖြစ်တယ်။ ချစ်ခင်မှုကိုပြတယ်။ စာအုပ်တွေအများကြီးဖတ်ဖြစ်တယ်။ အိမ်ရှင်းတယ်။ အဓိကကတော့ ကိုယ်မကြိုက်တဲ့အရာတွေကို သွားမတွေးမိအောင် စိတ်ကို သူကြိုက်တဲ့အစာတွေ ပေးကျွေးထားလိုက်တာပါပဲ။


Self Compassion ကိုယ့်ကိုယ်ကိုယ် ကရုဏာစိတ်၊ မေတ္တာစိတ်နဲ့ ထွေးဖက်လိုက်တာပါပဲ။ အသိအမှတ်ပြုပေးလိုက်တာပါပဲ။ ဒီလိုနဲ့ ထိခိုက်နာကျင်နေတဲ့စိတ်ကလေးကို ပြန်ကုစားပေးလိုက်ရပါတယ်။

စိတ်ထဲမှာ တင်းကျပ်ပြီး ပင်ပန်းဆင်းရဲနေတာဟာ ကိုယ်နှစ်လိုတဲ့ Life Style ဘဝနေထိုင်မှုပုံစံမဟုတ်ဘဲ ဒီစိတ်ကို သက်သာသွားအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိနေသေးတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျွန်မတို့လိုချင်တဲ့ Energy ဟာ ကိုယ်တွင်းမှာပဲ အလုံအလောက်ရှိနေပါတယ်။ ကိုယ်တိုင်ဖော်ထုတ်ယူမှတော့ဖြစ်မယ်။


အဲတော့မှ

ငါဟာ ကုစားနေပြီ၊

ငါဟာ အစကနေပြန်စနေပြီ၊

ငါဟာ ကိုယ့်ကိုယ်ကိုပြန်လည်ရှာဖွေတွေ့ရှိနေပြီရယ်လို့ ပြန်ဖြစ်လာပါတယ်။


သူ့ကိုအနားပေးလိုက်ရတယ်။ ပြန်ပြီးပြုစုရတယ်။ သူ့ကို နားလည်အောင်ကြိုးစားရတယ်။ သူ့ကို စကားတွေပြောပေးလိုက်ရတယ်။ နွေးထွေးအောင် ထားရတယ်။ အေးချမ်းအောင် ဓမ္မဆေးလေးတွေ တိုက်ပေးရတယ်။ သစ်ပင်ကလေးကို ပြုစုနေရတာနဲ့တူတူပါပဲ။


အဲဒီရက်တွေမှာ ကျွန်မဟာ သစ်ပင်ကလေးကို ပြုစုစိုက်ပျိုးနေခဲ့သလို ကိုယ့်ကိုယ်ကိုယ်လည်း ပြုစုစိုက်ပျိုးနေခဲ့ရတာပါပဲ။


လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် မေတ္တာမထားနိုင်ဘူးဆိုရင် တခြားသောတစ်စုံတစ်ယောက်အပေါ်မှာ မေတ္တာထားနိုင်ဖို့လည်းခက်လှပါတယ်။


ကိုယ့်ကိုယ်ကိုယ်မေတ္တာထားဖို့၊ ချစ်ဖို့၊ Self Compassion ရှိဖို့ဆိုတာ ပြောရတာလွယ်ပေမယ့် တကယ်လုပ်ဖို့ ခက်ပါတယ်။


တစ်ခါတလေကျတော့ ကျွန်မတို့ကိုယ်တိုင်က ကိုယ့်ရဲ့ရန်သူပြန်ဖြစ်နေတတ်ကြတာမျိုးတွေ အများကြီးရှိပါတယ်။ ကိုယ်မကြိုက်တာတွေ၊ မဖြစ်ချင်တာတွေကိုဘဲ ကိုယ်တိုင်ဆက်လုပ်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့နည်းလမ်းနဲ့ မေတ္တာထားနိုင်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။


ကိုယ့်စိတ်နဲ့ကိုယ်ဟာ မိတ်ဆွေလို ဆက်ဆံရေးမျိုးရှိနေမှသာ ကိုယ့်ရဲ့အကျိုးကိုလည်း သူက ရှေ့ရှုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။


မွန်ဟော်စီ

 ၂၀၂၀


 
 
 

Comments


  • Facebook
  • Youtube
bottom of page