မိသားစုဆိုတာ လူများတာထက် တန်ဖိုးထားခြင်းကပိုအရေးကြီးတယ်
- Mar 27
- 2 min read

ကျွန်မတို့က အမျိုးနည်းပါတယ်။ ကျွန်မအဖေကလည်း မောင်နှမ နည်းတယ်။ အမေကလည်း မောင်နှမ နည်းတယ်။ နှစ်ဘက် ဦးလေးအဒေါ်တွေကမွေးလာတဲ့ကလေးတွေကလည်း တစ်ယောက်နှစ်ယောက်လောက်ပဲရှိတယ်။ ဒီကြားထဲမှာ ဆုံးတဲ့သူနဲ့၊ မရှိတဲ့သူနဲ့ဆိုတော့ အမျိုးဆိုတာကိုလက်ချိုးရေလို့တောင်ရပါတယ်။
ကျွန်မသူငယ်ချင်းတစ်ယောက်ဆိုရင် အဖေဘက်ကမောင်နှမတွေကလည်း ၅ ယောက်လောက်ရှိတယ်။ အမေဘက်ကလည်း ၇ ယောက်လောက်ရှိတယ်။ အဲဒီမောင်နှမတွေက မွေးလာတဲ့ကလေးတွေကလည်း လေးယောက်တို့ ငါးယောက်တို့ဆိုတဲ့အခါ အမျိုးကတော်တော်အုပ်စုတောင့်ပါတယ်။ အမျိုးအုပ်စု တောင့်သလို ချစ်လည်းချစ်ခင်ကြတယ်။ ငွေကြေးအလုပ်အကိုင်တွေလည်း အဆင်ပြေကြတယ်ဆိုတဲ့အခါ ဘယ်သွားသွားဘယ်စားစား ပျော်စရာကြီးဖြစ်နေတော့တာပါပဲ။
သူတို့ Family Photo ရိုက်တော့ တကယ်ကို တပျော်တပါးအုပ်လိုက်ကြီးပါပဲ။ ကျွန်မတို့တော့ Family Photo ရိုက်တာ ၇ ယောက်ပါပြီး အဲဒီ ၇ ယောက်ထဲမှာ ၃ ယောက်ကတော့ ခွေးကလေးတွေဖြစ်ပါတယ်လို့ပြောပြီးတော့ ရယ်ရပါသေးတယ်။ အဲဒီလောက်ကို မိသားစုလည်းနည်း၊ အမျိုးလည်းနည်းတာပါ။
အမျိုးတွေများပြီး ရန်ဖြစ်နေကြတယ်ဆိုရင်တော့ အမျိုးနည်းတာကောင်းပါတယ်လို့ ပြောချင်ပြောကြမှာပေါ့။ ဒါပေမယ့် တစ်ခါတလေမှာ အမျိုးနည်းတော့ အားနည်းသလိုလဲခံစားရပါတယ်။ တစ်ခုခုဆို ပြေးကြည့်မှ သူနဲ့ကိုယ်၊ ကိုယ်နဲ့သူပဲရှိတာကိုး။ အထူးသဖြင့် ကျန်းမာရေးကိစ္စတွေ ဆေးရုံဆေးခန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြုံရတဲ့အခါ မောင်နှမတွေနည်းတော့ လူခွဲမရှိ ပင်ပန်းရတယ်။ Emotional Support နည်းတယ်။
တစ်ခါကတော့ ကျွန်မဦးလေးတွေအဒေါ်တွေအကုန်လုံးခေါ်ပြီးတော့ တော်တော်ကောင်းတဲ့နေရာတစ်ခုမှာ ထမင်းအတူစားလိုက်ကြပါသေးတယ်။ ပျော်စရာကောင်းပါတယ်။ လူကြီးတွေလည်းပျော်ကြပါတယ်။ ဒါကြောင့် ဒါမျိုးလေးတွေ မကြာခဏ လုပ်ပေးရမယ်လို့ စိတ်ထဲမှာဝင်လာပါတယ်။
အမျိုးအဆွေကိုစောင့်ရှောက်တယ်ဆိုတာက လုပ်သင့်လုပ်ထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ စိတ်ထားပဲမဟုတ်လား။
ပါချုပ်ဆရာတော်ဘုရားကြီးရဲ့တရားတော်ထဲမှာ "သင်္ဂဟတရားလေးပါး" ဆိုတာကိုနာဖူးပါတယ်။
၁) မိသားစုတွေ အမျိုးအဆွေတွေနဲ့ပတ်သက်ရင် ဒါနဆိုတာလည်းပါရမယ်။
ဒါနဆိုတာက အလှူကြီးအတန်းကြီးလုပ်တာမျိုးဆိုတာထက် ခရီးသွားတဲ့အခါ သူတို့အတွက် လက်ဆောင်လေးတွေဝယ်လာတာ၊ စားစရာသောက်စရာလေးတွေပို့ပေးတာ၊ သူတို့ကို မှတ်မှတ်ရရရှိတာ၊ သတိတရရှိတာမျိုးလေးတွေပါပဲ။
တစ်နေရာကိုသွားလို့ "သြော်..ဒါလေးကတော့ ဘယ်သူဘယ်သူနဲ့လိုက်ဖက်တယ်။ ဘယ်သူကတော့ကြိုက်တယ်" ဆိုလို့ရှိရင် ဝယ်လာပေးတာမျိုးကလည်း ဒါနလို့ပြောနိုင်ပါတယ်။ပေးကမ်းခြင်းသည်အောင်မြင်ရာ၏ပေါ့။ ကိုယ့်ကိုသူကသတိတရရှိနေတယ်ဆိုတာကိုသိတဲ့အခါ သူလည်းဝမ်းသာရတယ်လေ။
ဆွေမျိုးတွေမဟုတ်ဘဲ သူငယ်ချင်းဆိုရင်လည်း ဒီလိုပဲစောင့်ရှောက်ကြတာပါပဲ။ တစ်ခါတလေမှာ သူငယ်ချင်းတွေကလည်း ဆွေမျိုးရင်းချာထက်တောင်မှပိုပြီးတော့ ဂရုစိုက်တတ်ကြသေးတာမဟုတ်လား။ ကျွန်မသူငယ်ချင်းဆိုရင် ကျွန်မကြိုက်တဲ့ထောပတ်ကို နိုင်ငံခြားကနေတောင် အပင်ပန်းခံပြီးယူလာပေးတတ်တဲ့သူဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြိုက်တာလေးကို တခုတ်တရလေး သယ်လာပေးတာက တန်ဖိုးထားရတာဖြစ်ပါတယ်။ ဒီလိုမျိုး အချင်းချင်းပေးကမ်းစောင့်ရှောက်တယ်ဆိုတာက ကျွန်မတို့ရဲ့ သံယောဇဉ်ကိုခိုင်မြဲစေပါတယ်။
၂) ပေးရုံကမ်းရုံနဲ့ မပြီးသေးပါဘူး။ နောက်တစ်ခုကတော့ ယဉ်ကျေးတဲ့စကားမျိုးပြောဆိုတတ်ရမယ်။ ချစ်ခင်ကြင်နာစွာ ဆက်ဆံပြောဆိုရမယ်လို့ ဆိုပါတယ်။ တချို့ပေးကမ်းတတ်ပေမဲ့ စကားပြောတာဆိုတာကျတော့ မာမာထန်ထန်ပြောတတ်ပါတယ်။ "အမေရော့ ပိုက်ဆံ" လို့ပေးတာထက် ဒါလေးက အမေသုံးချင်တာသုံးဖို့၊ လှူချင်တာလှူဖို့ အစရှိသဖြင့် ယဥ်ယဥ်ကျေးကျေး ကြင်ကြင်နာနာပြောတာမျိုးပါ။
တချို့တွေ စကားပြောတာ အပေါက်ဆိုးတဲ့အတွက်ကြောင့် ဘယ်လောက်ပဲပေးပေး အိမ်မှာမျက်နှာမရဘူး။ ကောင်းကောင်းမွန်မွန် ချိုချိုသာသာနဲ့ ချစ်စရာကောင်းအောင် ပြောတတ်တဲ့သူက သူများဆယ်ခါပေးတာမှာ သူကတစ်ခါပဲပေးပေမဲ့ အဲဒီတစ်ခါကို အပေးခံရတဲ့သူက ရင်ထဲအ သဲထဲစွဲမြဲနေပြီး Appreciate လုပ်တာကိုခံရတာမျိုးပါ။
၃) နောက်တစ်ခုက အချင်းချင်းကူညီလုပ်ကိုင်ပေးတာပါ။ ကျွန်မတို့အိမ်မှာ မနက် အမေအိပ်ရာနိုးတဲ့အချိန်ဆိုရင် အကုန်လုံးအိပ်ရာထကြပါတယ်။ ဒါက Family Tradition လို့ပဲပြောရမှာဖြစ်ပါတယ်။
ဆက်အိပ်ချင်နေတယ်ဆိုတာတောင်မှ အမေ အရင်နိုးလာပြီး ကိုယ်စားဖို့သောက်ဖို့ သူလုပ်ကိုင်ချက်ပြုတ်နေရတာမျိုး အားနာတဲ့အတွက်ကြောင့် ကိုယ်လည်းအိပ်ရာကထပြီးတော့ "Good Morning အမေ" ဘာညာပြောရပါတယ်။
အမေလုပ်ကိုင်နေတဲ့နားမှာ အဖော်ပြုတာ စကားပြောတာလေးတွေလုပ်ပေးရပါတယ်။
ကိုယ်က အိမ်ရဲ့ဝေယျာဝစ္စတွေကိုပါ ကူလုပ်ပေးနိုင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ တချို့အိမ်တွေ တချို့မိသားစုတွေထဲမှာ တစ်ယောက်တည်းကပဲ လုပ်နေရတာမျိုးတွေရှိတယ်။ အကူအညီမတောင်းဘူးဆိုပေမယ့် ပင်ပန်းနေတတ်ပါတယ်။ ကူညီပေးလိုက်တယ်ဆိုရင် လူသက်သာတာပေါ့။ ဆွေမျိုးတွေထဲမှာလည်းဒီလိုပါပဲ။
ကျွန်မတို့အဒေါ်တစ်ယောက်ဆိုရင် လူမှုရေး၊ဆွေမျိုးရေး တာ၀န်သိပ်ကျေပါတယ်။ ဘယ်သူနေမကောင်းတာပဲဖြစ်ဖြစ်၊ ဆေးရုံတက်ရတာပဲဖြစ်ဖြစ် အဲဒီကိုသွားပြီး တစ်ရက်တော့စောင့်ပေးတာပါပဲ။ သူတတ်နိုင်တဲ့အကူအညီကိုပေးတာမျိုးပဲဖြစ်ပါတယ်။ ၁ ရက်ဖြစ်ဖြစ် ၂ ရက်ဖြစ်ဖြစ် စောင့်ပေးတဲ့သူရှိတော့လည်း တခြားမိသားစုဝင်တွေမှာ သက်သာတာပေါ့။ အနားယူနိုင်တာပေါ့။ တခြားလုပ်စရာရှိတာလေးတွေ ပြေးလုပ်နိုင်တာပေါ့။
၄) နောက်ဆုံးတစ်ခုကတော့ အချင်းချင်းတန်ဖိုးထားပြီးဆက်ဆံတာပါ။ ကိုယ်ကပဲသိတယ်၊ ကိုယ်ကပဲ တတ်တယ်၊ ကိုယ်ကပဲသာတယ်ဆိုတဲ့အခြေအနေမျိုးမဟုတ်ဘဲ သူ့ရဲ့တန်ဖိုးကိုလည်းသိတယ်။ သူ့ရဲ့လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းအားကိုလည်း တန်ဖိုးထားတယ်။ အသိအမှတ်ပြုတယ်ဆိုတဲ့အနေနဲ့ ဆက်ဆံနေထိုင်တာပါ။
မိသားစုတွေဆွေမျိုးတွေထဲမှာ မနာလိုစိတ်ဆိုတာပေါ်လာတတ်ပါတယ်။ သာမန်လူသားတွေမို့လို့ သိမ်ငယ်စိတ်ဆိုတာလည်းရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ်နဲ့သူနဲ့ကြားကဆက်ဆံရေးတွေကလည်း အရေးကြီးလာတတ်ပါတယ်။ တချို့တွေက ကိုယ်သာနေတဲ့အချိန်မှာ အရမ်းမောက်မာနေတတ်ကြတယ်။ တစ်ချိန်ချိန်မှာ ကိုယ်မောက်မာခဲ့တဲ့လူတွေဆီက အကူအညီကိုမယူရဘူး၊ မတောင်းရဘူးလို့မပြောနိုင်ဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားပြီး ဆက်ဆံဖို့ တန်းတူရည်တူထားပြီးဆက်ဆံမှုက အရေးကြီးပါတယ်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့တရားလေးကိုနာပြီးတော့ တွေးမိတာလေးတွေပါ။ မိသားစုတွေ အဆွေမျိုးတွေ ဥမကွဲသိုက်မပျက်နေထိုင်နိုင်ဖို့ ဒီသင်္ဂဟတရားလေးပါးက အရေးကြီးတယ်လို့ဆိုပါတယ်။ ဆွေမျိုးညာတကာကို စောင့်ရှောက်ခြင်းက မင်္ဂလာတရားနဲ့အညီ နေခြင်းပဲဖြစ်တယ်လို့ မြတ်စွာဘုရားက လည်းဟောတော်မူခဲ့ပါတယ်။
ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်းသည် မြတ်သောမင်္ဂလာမည်၏။
မွန်ဟော်စီ
၂၀၂၅



Comments