သံသရာအကြွေးများနှင့် စိတ်ရဲ့နာကျင်မှု – မဆုတ်မနစ်အဖြေရှာခြင်း
- Apr 18
- 1 min read

သံသရာဆိုတာက မဆုံးနိုင်သော မွေးဖွားခြင်း၊ သေဆုံးခြင်းတွေနဲ့ ပြည့်နေတဲ့ခရီးစဥ်တစ်ခုပါ။ လူတွေမှာ ကိုယ်တိုင်တာဝန်ယူဖြေရှင်းရမယ့် Karmic Debts ဆိုတဲ့ ကံအကြွေးတွေပါလာတတ်ကြတယ်။ အကြွေးဟောင်းဆပ်တဲ့သူတွေ ၊အကြွေးသစ်ကိုယူတဲ့သူတွေ အစုံပဲပေါ့။
အကြွေးသစ်ကိုယူတဲ့သူတွေဟာ တစ်စုံတစ်ယောက် ဆပ်ရမယ့် သံသရာကံကြွေး
ကို အရာရာနဲ့ရင်းပြီး အသစ်အဖြစ် ပြန်ယူနေတတ်ကြတာလားလို့ တွေးမိတယ်။ အရာရာနဲ့ရင်းတယ်ဆိုတာက စိတ်တွေ၊အချိန်တွေ၊ငွေတွေ.. တစ်ခါတစ်ရံမှာ ချစ်တဲ့စိတ်..ဆိုတာတောင် ပါနိုင်ပါသေးတယ်။ ဒါပေမယ့် နည်းလမ်းမမှန်တဲ့အခါကိုယ်ရင်းလိုက်တာမှန်သမျှက နာကျင်မှုတွေ၊သူများကို ထိခိုက်အောင်ပစ်လွှတ်လိုက်တဲ့မြှားတွေ ဖြစ်သွားတတ်ကြတယ်။
သူဆပ်ရမယ့် ကံကြွေးကို ကိုယ်က ကံမကောင်းအကြောင်းမလှစွာနဲ့ ချေပေးဖို့ ဒီဘဝမှာရွေးချယ်ခံရတဲ့အခါ ဒါကို ရှေးရေစက်ပါလို့ လှလှပပလေးနာမည်ပေးတတ်ကြတယ်။ ဒါပေမဲ့ သူနဲ့ကိုယ်နဲ့ကြားကဆက်ဆံရေးမှာ ဒေါသတွေပါသွားတယ်။ ရိုင်းစိုင်းမှုတွေ၊ မောက်မာမှုတွေ ပါသွားတယ်။ ရည်ရွယ်ချက်တွေပါသွားတယ်။ သူ့အပေါ်မှာ နှိပ်စက်သလို ဖြစ်ရတယ်။နာကျင်စေတယ်။
အဲဒီလိုများဖြစ်ခဲ့ရင်..သူ့အတွက်ကတော့ အကြွေးတွေကျေသွားတာပဲ။ ကိုယ်ကတော့ အကြွေးတွေချေပေးသူဆိုတဲ့နေရာကနေ ကံအသစ်တွေ ကျူးလွန်မိသားဖြစ်သွားတယ်။ ကိုယ့်သံသရာမှာပါလာမယ့် အကြွေးသစ်တွေ ထပ်ပြီးချလိုက်မိလျက်သားဖြစ်သွားတယ်။ အကြွေးချေပေးတဲ့သူနေရာကနေ အကုသိုလ်အသစ်တွေဖြစ်လာရတယ်။
ဒါကြောင့် သူတစ်ပါး သံသရာကယူလာတဲ့အကြွေးကို ကျေအောင် ချေပေးရတဲ့သူ မဖြစ်ပါစေနဲ့ဆိုတာကိုလည်း ဆုတောင်းတွေထဲမှာ ထည့်ပြီးဆုတောင်းသင့်တယ်လို့တွေးမိတယ်။
ဘဝတစ်လျှောက်လုံးပြန်ကြည့်ရင် ချစ်လွန်းလို့ဆို ကျခဲ့ရတဲ့မျက်ရည်တွေအများကြီးပဲ။ မုန်းလို့၊ နာကြည်းလို့ဆိုပြီးလည်း မျက်ရည်ကျခဲ့ရတာပဲ။ အကြွေးဟောင်းတွေဆပ်ခဲ့ကြသလို အကြွေးသစ်တွေထဲလည်း ပျော်ပျော်ကြီးကို ချခဲ့ကြတာပဲ..။ ဒါကြောင့်မျက်ရည်ကျရတိုင်းလည်းဝမ်းမနည်းနဲ့။ အနိုင်ယူရတိုင်းလည်း ဝမ်းမသာနဲ့။အရာရာဟာ အကြောင်းကြောင့်အကျိုးဖြစ်တာပဲလေ။အရမ်းပူလောင်ပါတယ်။ သံသရာဆိုတာက အရမ်းကြောက်စရာကောင်းပါတယ်။
အသက်တွေကြီးလာပေမယ့် မရင့်ကျက်သေးတဲ့ စိတ်ရဲ့အပိုင်းတွေဟာ လူတွေဆီမှာ အများကြီးရှိနေတတ်ကြတယ်။ အခြေအနေတစ်ခုကို အမှန်မမြင်နိုင်သေးဘဲ ဆက်သွားနေတယ်ဆိုရင် အခုဘဝလည်း မကောင်းဘူး။ သံသရာအတွက်လည်းမကောင်း၊ ကိုယ်ဟာ ဘယ်လိုနေရာမျိုးကိုရောက်နေလဲဆိုတာကို စိစစ်သင့်တယ်။
ကြွေးသစ်ချတယ်ပြောပြော၊ကြွေးဟောင်းချေတယ်ပြောပြော..နေရာတစ်ခုမှာ ကိုယ်က အကုသိုလ်တွေပဲ ဆက်ဖြစ်နေတယ်ဆိုရင် ဒီနေရာကနေ ကိုယ်ကိုယ်တိုင် ထွက်ခွာဖို့လိုတယ်။ ဆက်နေဖို့၊ဆက်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်မပြုဖို့လိုတယ်မဟုတ်လား။ တစ်နေ့ကပဲ ဆရာတော်ဦးဇောတိကရဲ့စာလေးတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ဒုက္ခတွေဆိုတာလေ ..တစ်ခါတစ်လေမှာ ကိုယ်က အများကြီးပါဝင်ပူးပေါင်းနေတဲ့အတွက် ပိုပြီးတော့ဖြစ်နေရတာ..တဲ့။
တကယ်စဉ်းစားကြည့်တော့ တစ်နေ့တစ်နေ့ ဒေါသတွေ၊မာနတွေ၊အကုသိုလ်တွေနဲ့ ဘဝကိုရည်ရွယ်ချက်ကင်းမဲ့စွာ စေလိုရာစေ
နေကြတဲ့ အခိုက်အတန့်တွေအများကြီးပဲဆိုတာတွေ့ရတယ်။ တကယ်ကို ဒုက္ခတွေနဲ့ပူးပေါင်းပါဝင်တယ်။ အာရုံအကြမ်းစားတွေမှာ စီးမျောနေမိတတ်ကြတယ်။ စိတ်ကသတိတွေကင်းလွတ်နေတယ်။
ဒါကြောင့် ကိုယ်က ဒုက္ခကို ပါဝင်ပူးပေါင်းနေတာ၊အကုသိုလ်ကို Promote လုပ်နေတာမျိုး ရှိခဲ့တယ်ဆိုရင် ဒါဟာ ဒီလောက်အထိဖြစ်ဖို့ ၊ခံစားဖို့ ထိုက်တန်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်စေချင်ပါတယ်။ကိုယ်ဟာ အဲဒီနေရာကိုရောက်နေတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဒီလို နေရာမျိုးမှာ ဆက်နေဖို့ခွင့်မပြုပါနဲ့လို့ ပြောချင်တယ်။
ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာတွေရှိခဲ့ရင်လည်း အားလုံးကို ဒီနေရာကနေပဲတောင်းပန်တယ်နော်။အားလုံးနှစ်သစ်မှာအဆင်ပြေ ချမ်းမြေ့ကြပါစေ။အကြွေးမှန်သမျှလည်း ကျေပါစေ..လို့ ဆုတောင်းမေတ္တာပို့ပါတယ်နော်။



Comments