top of page
Search

ခဏတာ သက်သာမှုတစ်ခုပဲ ဖြစ်တတ်တဲ့ စိတ်ညစ်စရာ

  • Apr 30
  • 1 min read

Silhouette of hands releasing a bird at sunset, with more birds in the sky. Text: "Mon Halsey" and text in another language below.

False Comfort ဆိုတာ အပေါ်ယံစိတ်သက်သာမှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ အပေါ်ယံစိတ်သက်သာမှုဆိုတာမျိုးက ခဏပဲခံတယ်။ အဲဒီခဏတာအချိန်အတွင်းမှာတော့ စိတ်ထဲမှာ သက်သာသွားသလို ပျော်သလိုလေးခံစားရတယ်။ ဒါပေမဲ့ တကယ်မဟုတ်ဘူး။


လူတွေဟာ ဘာဖြစ်လို့ False Comfort ကို လိုချင်ကြတာလဲ။


နှစ်ပေါင်းများစွာ လပေါင်းများစွာ စွဲမြဲနေတဲ့ အလေ့အကျင့်တွေကြောင့်ဖြစ်ပါတယ်။ ဥပမာ တစ်စုံတစ်ယောက်နဲ့ ညနေ၅နာရီမှာ ဖုန်းပြောနေကျဆိုရင် အဲဒီလိုအချိန်မျိုးမှာ သူ့ကိုသတိရနေတတ်တယ်။ မသိစိတ်ထဲက မျှော်လင့်နေမိတတ်တယ်။ မနက်၇နာရီတိုင်း သူနဲ့ စာပို့နေကျဆိုရင် အဲလိုအချိန်မျိုးမှာ ခဏခဏ message တွေကို စစ်နေမိတတ်တယ်။ မြင်နေကျမျက်နှာကို မမြင်ရရင်၊ အသံကို မကြားရရင်၊ စာကိုမတွေ့ရရင် နေမထိထိုင်မသာဖြစ်တတ်ပါတယ်။


အဲဒီလိုအခြေအနေမျိုးမှာ ငါလျော့ပေးလိုက်ပါတော့မယ်လေဆိုတဲ့ စိတ်ကပေါ်လာတတ်တယ်။ သူမရှိရင်ငါမနေနိုင်ပါဘူး။ သူ့အသံမကြားရလည်းမနေနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါသည်းခံလိုက်ပါတော့မယ်။ ဖြစ်ခဲ့တဲ့ကိစ္စတွေက ဘာမှအရေးကြီးတာလဲမဟုတ်ဘူး။ လျော်ပေးလိုက်လို့လည်းရတာပါပဲ။ သူဘာပြောပြော ငါခံလိုက်တော့မယ်။ ဒီလိုတွေးတတ်ကြပါတယ်။


အဲဒီအဆင့်က Stages of Grief ဝမ်းနည်းကြေကွဲခြင်းအဆင့်တွေထဲမှာ Bargaining ဆိုတဲ့ အဆင့်ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လျှော့ဈေးပေးနေတာပေါ့။ ကိုယ့်ကိုယ်ကိုယ် Discount ချနေတာပေါ့။

တစ်ခါတလေမှာ False Comfort ကို သူငယ်ချင်းတွေဆီက သွားရှာတာမျိုးလည်းလုပ်တတ်တယ်။သူတို့အတွဲလည်း ဒီလိုပဲရန်ဖြစ်ကြတာပဲ။ ပြီးရင်လည်းပြီးသွားတာပါပဲ။ သူငယ်ချင်းတွေက ဒီလိုပြောတာကိုကြားချင်တယ်။ ဒါပေမဲ့ သူနဲ့ကိုယ်နဲ့က အခြေအနေချင်းတူတာမဟုတ်ဘူး။


"..တို့တွေအချင်းချင်းတွေ့ဆုံကြမယ်။ တစ်ခါတစ်လေ စိတ်ဆိုးကြမယ်။ ရန်ဖြစ်ကြမယ်။ ဒါပေမယ့် နားလည်ပေးကြမယ်။ ခွင့်လွှတ်ပေးကြမယ်။ ပြီးတော့ ရှေ့ဆက်သွားကြမယ်။ ..."ဒီလိုစာလေးတွေကိုရော ဖတ်ချင်ကြတယ်မဟုတ်လား။ ဒါမျိုးလေးတွေဖတ်ရင်း စိတ်ကိုအားပေးမယ်။ ဟုတ်တာပေါ့..။ခဏရန်ဖြစ်ကြတာပဲ ပြန်ခေါ်မှာပေါ့ ဆိုတဲ့အတွေးကလည်း False Comfort ပါပဲ။


တကယ်တမ်းမှာလေ ..။ Relationship တွေ Break up လုပ်ကြတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်က သိနေတတ်ကြပါတယ်။ သူနဲ့တော့ ရှေ့ဆက်သွားလို့မရတော့ဘူး။ Beyond the limit အတိုင်းအတာတစ်ခုကို ကျော်လွန်သွားပြီ။ Cross the lines စည်းတွေကျော်ခဲ့ကြပြီ။ ဘယ်လိုမှသည်းမခံနိုင်တော့ဘူး။ ပြုပြင်လို့လည်းမရတော့ဘူး။ မျှော်လင့်လို့လည်းမရတော့ဘူးဆိုတဲ့ တကယ့်အဖြစ်မှန်ကို သိကြပါတယ်။ ဒါပေမဲ့ ပြတ်စဲပြီးခါစအချိန်တွေ


မှာ ရင်ထဲမှာနာကျင်ရတယ်။ ဆွေးမြေ့တယ်။ ကြေကွဲတယ်။ ငါ့ကိုမှလုပ်ရက်လေချင်း..ဆိုပြီး မုန်းတီးတယ်။ ဒေါသထွက်တယ်။ ရန်သွားစွာချင်တယ်။ သွားမေးချင်တယ်။


ဘယ်လိုပဲဖြစ်ဖြစ် ပြောလိုက်ဆိုလိုက်ရတယ်။ အသံကြားလိုက်ရတယ်ဆိုရင် စိတ်ထဲမှာ သက်သာသလိုခံစားရတယ်။ အဲဒါဟာ False Comfort ပါပဲ။ လူတွေဟာ တစ်စုံတစ်ခုကို ဆုံးရှုံးရပြီ၊ စွန့်လွှတ်ခွဲခွာရပြီဆိုတဲ့အခါ အဲဒီအရာကို နောက်ပြန်လှည့်ပြီးသွားကြည့်နေတတ်ပါတယ်။ အဲဒီလိုနောက်ပြန်လှည့်ရင်းနဲ့ ခဏတာစိတ်သက်သာမှုကိုရှာတတ်ကြတယ်။ ဒါပေမဲ့ အဲဒီခဏတာစိတ်သက်သာသွားတာပါ။ အဖြေမဟုတ်ဘူး။ တကယ်ကောင်းသွားတာမဟုတ်ဘူး။


အခုအချိန်မှာ နာကျင်နေရပေမယ့် ဒီတစ်ခါနာကျင်ရတာနောက်ဆုံးပဲဖြစ်ပါစေ။ နောက်ပြန်လှည့်မယ်၊ ပြန်သွားမယ်ဆိုရင် အရင်လိုပုံစံ Same Old Pattern တွေပြန်ဖြစ်မယ်။ အရင်လိုပြဿနာတွေပြန်ဖြစ်မယ်။ ညှိနှိုင်းလို့မရတဲ့အရာတွေထဲကို တစ်ခါပြန်လည်သွားမယ်။ အခုတစ်ခါ နှလုံးသားကနာကျင်နေရတာကို မခံစားနိုင်ဘူးဆိုရင် ဘဝတစ်လျှောက်လုံးမှာ အကြိမ်ကြိမ်အခါခါနာကျင်နေရလိမ့်မယ်။


ကိုယ့်ရဲ့စိတ်ကိုယ်ကိုမလှည့်စားပါနဲ့။ ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေဟာ ဘာမှမဟုတ်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်မညာပါနဲ့။ ဘာဖြစ်လို့လဲသိလား။ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုညာနေပေမယ့်..၊ အပြင်မှာသူငယ်ချင်းတွေရှေ့မှာ ဘယ်လိုပဲ ကာဗာလုပ်ပြောနေပေမယ့် ကိုယ်တကယ်ဘယ်လိုခံစားခဲ့ရမလဲ ကိုယ်သာအသိဆုံးမို့လို့ဖြစ်ပါတယ်။ သူများကိုပြောမပြခဲ့တဲ့ အကြောင်းအရာတွေအများကြီးရှိသေးတယ်မဟုတ်လား။ မညာနဲ့နော်။ စိတ်ထဲမှာ သိမ်းထားတာတွေအများကြီးရှိနေသေးတယ်။


ဘယ်သူ့ကိုမှမပြောရဲဘူး။ ကိုယ်ခံရတာတွေများလွန်းလို့ နာကြည်းနေတယ်။ ခံပြင်းနေတယ်မဟုတ်လား။ ရှက်ရွံ့နေမိတယ်မဟုတ်လား။ ဘဝမှာ ကိုယ့်ရဲ့စိတ်ကိုနာကျင်စေတတ်တဲ့အဖြစ်အပျက်တွေဟာ အမြဲရှိနေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်နှလုံးသားလေး နာကျင်နေပြီဆိုတာကိုသိတဲ့အခါ အဲဒီလိုနာကျင်စေတဲ့အကြောင်းအရင်းတွေကို ဖြတ်လိုက်ပါ။ သစ်ပင်တစ်ပင်ကို တကယ်သေသွားစေချင်တယ်ဆိုရင် အမြစ်ကစပြီးတူးပစ်ပါ။ အကိုင်းအခက်တွေပဲ လိုက်ဖြတ်နေသမျှတော့ အဲဒီအကိုင်းအခက်တွေက ပိုပြီးကြီးထွားလာမယ်။ ပိုပြီးသန်စွမ်းလာမယ်။ Powerful ဖြစ်လာမယ်။ နောက်ဆုံးမှာ ကိုယ့်ကိုပဲဝါးမျိုသွားလိမ့်မယ်။

False comfort ရလိုက်ရင် အပေါ်ယံ အေးချမ်းသွားသလို ဖြစ်တတ်ပေမယ့် ရင်ထဲမှာတော့ မကျေနပ်တဲ့ခံစားချက်တစ်ခုက အမြဲမပြတ်စွဲမြဲနေတတ်တယ်။မမှန်ကန်တဲ့အားပေးမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်မနေပါနဲ့။


ကိုယ်တကယ်ခံစားနေရတာကိုသိပေးပါ။

နာကျင်ရင် "နာကျင်တယ်" လို့ ဝန်ခံပါ။

မျှော်လင့်ချက်မရှိရင် "မျှော်လင့်ချက်မရှိဘူး" လို့ အသိပေးပါ။

မဖြစ်နိုင်ရင်မဖြစ်နိုင်ဘူးလို့လက်ခံပေးပါ။

ရှေ့ဆက်သွားလို့မရရင်..မသွားတော့ဘူးလို့ဆုံးဖြတ်ပါ။

စိတ်ကို တစ်ခါပဲအနာခံပါ။ထပ်ခါထပ်ခါ နာအောင်မလုပ်ပါနဲ့။ကိုယ့်ကိုယ်ကိုယ်မနှိပ်စက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ Self Esteem ကိုမြှင့်တင်ပါ။


မွန်ဟော်စီ

၂၀၂၅



 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page