ရေပုံးက ရေလျံကျသွားဖို့ကနောက်ဆုံးရေတစ်ပေါက်နဲ့ပဲလုံလောက်တယ်။
- Apr 27
- 1 min read
Updated: Apr 30

လူတိုင်းဘဝမှာ စိတ်ကိုနာကျင်စေရတဲ့ အဖြစ်အပျက်တွေ၊ခံစားချက်တွေ တစ်ခုမဟုတ်တစ်ခုတော့ ရှိနေတတ်ကြတာဖြစ်ပါတယ်။
စိတ်ကို မထိန်းနိုင်ဘဲပေါက်ကွဲသွားတယ်ဆိုတာက ရေပုံးထဲက ရေလျှံကျသွားသလိုပါပဲ။ ရေပုံးတစ်ခုက ရေလျှံကျသွားဖို့ ရေတွေအများကြီးမလိုပါဘူး။ အဲဒီရေတွေဟာ တစ်စက်ချင်း၊တစ်စက်ချင်း ကျလာခဲ့တဲ့ ရေစက်တွေ စုပေါင်းပြီး ရေတစ်ပုံးစာလောက် ဖြစ်လာတတ်တာလေ။ ဒါကြောင့် ရေလျှံသွားဖို့ဆိုရင်လည်း ရေတစ်စက်လောက်နဲ့တင် လုံလောက်တာပါ။ နောက်ဆုံးရေတစ်စက်ပေါ့။
တစ်နေ့တစ်နေ့ စိတ်ထဲမှာ စုပြီးများလာတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေက ရေစက်လေးတွေလိုပါပဲ။ နောက်ဆုံး မခံနိုင်တဲ့အဆုံးမှာ ပေါက်ကွဲလွင့်စင်ထွက်သွားတယ်။ လျှံကျသွားတယ်။ ဒါက မုန့်ဟင်းခါးတစ်ပွဲကြောင့်လည်းဖြစ်နိုင်တယ်။ ကြက်ဥတစ်လုံးကြောင့်လည်းဖြစ်နိုင်တယ်။ကားကျပ်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာဆို..ဘာမှမဟုတ်တဲ့ စကားပြောအဆင်မပြေမှုလေးတစ်ခုကြောင့်လည်း ဖြစ်နိုင်တယ်။
တစ်ချို့စုံတွဲတွေကွဲသွားကြတယ်။ တချို့အိမ်ထောင်ရေးတွေ ပြိုကွဲသွားကြတယ်။ အကြီးအကျယ်ပြဿနာတွေတက်ကြတယ်။ ဘာကြောင့်လဲလို့မေးရင် မယ်မယ်ရရမရှိဘူး။ သူများကိုပြောပြတဲ့အခါ ရယ်စရာတောင်ဖြစ်နေသေးတယ်။ ဒီလောက်လေးနဲ့များ ကွဲရသလားကွာလို့.. ပြောကြမယ်ဆိုရင် ဒါဟာ နောက်ဆုံးရေတစ်ပေါက်ကြောင့်ဆိုတာ သူများတွေမသိကြလို့ပါပဲ။ အရှေ့မှာ တစ်စက်ချင်း တစ်စက်ချင်း ပြည့်လာတဲ့ရေစက်တွေက အများကြီးလေ။
အဲဒီရေစက်လေးတွေဟာ တစ်စက်စီပဲဖြစ်ပေမယ့် စိတ်ထဲမှာ နာရီစက္ကန့်နဲ့အမျှ အရမ်းကို မြန်မြန်ပြည့်နေတဲ့အခါ ကိုယ့်ဘာသာကိုယ်တောင် မသိသလိုဖြစ်လာတတ်တယ်။ ကိုယ့်စိတ်ထဲကို ကိုယ်ဘာတွေသွင်းနေမိသလဲဆိုတာ ကိုယ်ကိုယ်တိုင်တောင်မသိဘူး။
အခြေအနေအဖြစ်အပျက်တစ်ခု သို့မဟုတ် လူတစ်ယောက်အပေါ်ကို အလျင်အမြန်တုံ့ပြန်လိုက်ပေမယ့် တကယ်တမ်း ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တဲ့အခါ ဘာဖြစ်လို့ဒီလိုပြောမိလဲဆိုတဲ့ မေးခွန်းကို မဖြေနိုင်ဘူး။ အကြောင်းပြချက် ရှင်းရှင်းလင်းလင်းမရှိဘူး။ စိတ်ထဲမှာ ပျော်မနေဘူး။
ဒါကြောင့် ကိုယ့်စိတ်ထဲကို တစ်ပေါက်ချင်းကျနေတဲ့ ရေစက်တွေကို သတိပြုနိုင်ဖို့လိုလာတယ်။ တစ်စက်..တစ်စက်နဲ့ ရေစက်လိုကျလာတဲ့ အတွေးတွေ၊စိတ်ခံစားချက်နောက်မှာ ဘာရှိနေလဲ.. ဆိုတဲ့မေးခွန်းနဲ့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်စေချင်တယ်။နေ့စဉ် ပြည့်လာနေတဲ့ Negative Thoughts တွေ၊အတွေးတွေ၊ခံစားချက်တွေကို ရှင်းထုတ်တတ်ဖို့လိုပါတယ်။သတိပြုမိဖို့လိုပါတယ်။ ရေလျှံမကျခင် သွန်ပေးတတ်ဖို့လိုပါတယ်။
နောက်ဆုံးတော့ ကိုယ့်စိတ်ကို နေ့စဉ် အနည်းငယ်စီ ဖြုတ်ချသန့်စင်ပေးဖို့လိုပါတယ်။ စိတ်ထဲကိုမထည့်ချင်တဲ့ အတွေးတွေ၊ မလိုလားတဲ့ခံစားချက်တွေ စိတ်ဖိစီးမှုတွေကို အချိန်မီသတိပြုပြီး ဖြုတ်ချသွားဖို့ လိုတယ်။
မျှော်လင့်ချက်အသစ်တွေနဲ့ သန့်ရှင်းတဲ့အတွေးသစ်တွေ၊စင်ကြယ်တဲ့ အမြင်သစ်တွေ နေ့စဉ်ရရှိနေအောင် လုပ်ဖို့လိုတယ်။ ကိုယ့်ရဲ့ခံစားချက်တွေကိုသိအောင်လုပ်ပါ။
"အခုစိတ်ညစ်နေတယ်၊ စိတ်မချမ်းသာဘူး၊ ဝမ်းနည်းနေတယ်။ စိတ်ဒဏ်ရာရှိနေတယ်" ဆိုတာကို ကိုယ့်ဘာသာပဲ သတိပြုတတ်ဖို့လိုတယ်။ အဲလိုသိမှသာ ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေကို ရှာဖွေနိုင်မယ်။
(Journaling) လုပ်ကြည့်ပါ။ နေ့တိုင်း တစ်နာရီလောက် ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်တွေကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ ရေးချလိုက်တာနဲ့ စိတ်ထဲမှာ ရှင်းလင်းမှုတစ်မျိုးမျိုးရလာတတ်တယ်။
အသက်ကိုသေသေချာချာလေးရှုပြီး စိတ်ကိုငြိမ်သက်အောင်ထားပါ။ (Deep breathing and Mindfulness) စိတ်ထဲမှာ ပူပန်နေတာတွေရှိတယ်ဆိုရင် ကိုယ့်ရဲ့အာရုံကို အခုလက်ရှိအချိန် (Present moment) ဆီပြန်ခေါ်ပါ။ နာရီပေါင်းများစွာ ထိုင်စိတ်ညစ်နေမယ့်အစား ၅မိနစ်–၁၀ မိနစ်လောက် အသက်ရှူလိုက်ရင် စိတ်ပေါ့ပါးလာတတ်တယ်။ စိတ်မွန်းကျပ်မှုတွေက သက်သာလာစေတယ်။
ကိုယ့်စိတ်ထဲမှာ ဘာတွေကိုစွန့်ပစ်လိုက်ရမလဲဆိုတဲ့ "Letting Go" list ကိုယ်လုပ်ကြည့်စေချင်တယ်။ "ဒီခံစားချက်ကို မထားချင်တော့ဘူး။ ဒီအတွေးကို မဖြစ်ချင်တော့ဘူး။ ဒီခံစားချက်တွေ၊အဆိပ်အတောက်တွေကို ဖြစ်စေတဲ့လူပုဂ္ဂိုလ်တွေ၊ နေရာရပ်ဝန်းတွေ၊အခြေအနေတွေကို စွန့်ခွာမယ်။ မပတ်သက်မိအောင်နေမယ်" ဆိုပြီး စာရင်းချ ရေးကြည့်မယ်။ ပြီးရင် တစ်ခုချင်းစီကို စိတ်ထဲကနေ လွှတ်ချပေးမယ်။ "မင်းကိုနားလည်တယ်၊ ဒါပေမယ့် အခု မင်းကို လွှတ်ပေးလိုက်ပြီ" ဆိုပြီး ကိုယ့်စိတ်ကို ကိုယ်စကားပြောကြည့်ပါ။
စိတ်ကိုပေါ့ပါးစေတဲ့အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုတွေလုပ်ပါ။ ရေချိုးတာ၊ ရေကူးတာ၊ အပြင်မှာလမ်းလျှောက်တာ၊ သစ်ပင်ရေလောင်းတာ စတဲ့ လှုပ်ရှားမှုတစ်ခုခုလုပ်ပါ။သူငယ်ချင်းနဲ့လည်းစကားပြောပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးပါ။ (Self-compassion) "ဒီလိုခံစားရတာ သာမန်ပဲ" "ကိုယ်ဟာ လူ့သဘာဝအတိုင်း ခံစားမှုတွေပေါ်တာပါပဲ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတွေကိုလည်း ဖြုတ်ချလိုက်ပါ။ စိတ်ထဲမှာ ချစ်ခြင်းမေတ္တာကို တည်ဆောက်ပါ။
စိတ်ဆိုတဲ့ရေပုံးထဲကို ရေစက်တွေအများကြီးကျလာပေမယ့် မလိုလားအပ်တဲ့ခံစားချက်တွေ၊စိတ်ဖိစီးမှုတွေ၊အတွေးတွေကို သတိပြုဖို့၊သန့်စင်ဖို့ ၊လွှတ်ချနိုင်ဖို့ ပြုလုပ်တယ်ဆိုရင် နောက်ဆုံးမှာ ရေလျှံမကျသွားဘဲ အချိန်မီထိန်းသိမ်းနိုင်ပါလိမ့်မယ်။ ရေလျှံကျသွားတော့ ဘေးပတ်ဝန်းကျင်မှာပါ စိုရွဲညစ်ပေကုန်တာပေါ့။ ကိုယ့်စိတ်ထဲမှာ ကျလာတဲ့ရေစက်ရေပေါက်ကလေးတွေကို သန့်စင်ပေးနိုင်ရင် နောက်ဆုံးမှာတိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းနေတဲ့ရေမျက်နှာပြင်ကို ကိုယ်တိုင်ခံစားလာနိုင်ပါလိမ့်မယ်။
မွန်ဟော်စီ
၂၀၂၅
Comments