တစ်ခါပြီးခဲ့တဲ့နာကျင်မှုတွေကိုပြန်မလှည့်ကြည့်တော့ဘူး — Healing Journey အတွက် အရေးကြီးသင်ခန်းစာ
- Apr 28
- 1 min read

တစ်ရက်က ရုပ်ရှင်ကြည့်တော့ ဇာတ်ဝင်ခန်းတစ်ခုမှာပါတဲ့စကားလေးတစ်ခွန်း သဘောကျလို့မှတ်ထားမိတယ်။
You Will Never Heal by Going Back to What Broke You တဲ့။
ကိုယ့်စိတ်ကို နာကျင်စေခဲ့တဲ့၊ချိုးဖျက်ပစ်လိုက်တဲ့အရာတွေဆီကို ပြန်သွားနေခြင်းက ဘယ်တော့မှ စိတ်သက်သာမှုကိုမရနိုင်ဘူးတဲ့။
သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ဘဝမှာ ကိုယ့်ရဲ့စိတ်ကိုနာကျင်စေတဲ့၊အကြီးအကျယ်ဒဏ်ရာတွေပေးခဲ့တဲ့၊ဘဝတစ်ခုလုံးကို ချိုးချေဖျက်စီးပစ်လိုက်တဲ့ အရာတွေ၊လူပုဂ္ဂိုလ်တွေ ၊အခြေအနေတွေ အမျိုးစုံရှိတတ်ကြတယ်။ ဒါပေမဲ့ တော်တော်များများက အဲဒီနေရာတွေဆီ ပြန်သွားနေတတ်ကြပြီး ဘ၀ကို Move On မလုပ်နိုင်ကြဘူး။ ရှေ့ကိုဆက်မသွားနိုင်ကြဘူး။
တကယ်တော့ မိမိကိုယ်ကို ကုစားခြင်းခရီးစဉ် Healing Journey ဆိုတာ နောက်ကိုပြန်သွားနေသရွေ့ခရီးမရောက်နိုင်ဘူး။ Healing Process မှာ Moving Forward ပဲ ရှိရတယ်။ Moving Backwards ပြန်သွားနေတယ်ဆိုရင် ဘယ်သောအခါမှ Heal မဖြစ်နိုင်ဘူး။ ဒဏ်ရာတွေကိုမကုစားနိုင်ဘူး။
လူတွေရဲ့သဘောသဘာဝအရ နောက်ကိုပြန်ပြီးလှည့်ကြည့်တတ်ကြပါတယ်။အတိတ်မှာပဲ တဝဲလည်လည်ဖြစ်နေတယ်ပေါ့။ခံစားဖူးခဲ့တဲ့အနာတွေကို ပြန်ပြီးဆွနေတတ်တယ်။ Reopen လုပ်တယ်။ ပြန်ဖွင့်ကြည့်တယ်။နာကျင်ခဲ့ရတဲ့အရာတွေဆီ စိတ်ကသွားလည်နေတယ်။ Revisit လုပ်တယ်။ အဲဒီအခါမှာဘယ်တော့မှ ရုန်းမထွက်နိုင်တဲ့ ထပ်ခါတလဲလဲပုံစံ Repetitive Same Old Patters တွေ ပြန်ဖြစ်လာတတ်ပါတယ်။
လူတွေကလေ တစ်ခါတရံမှာ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အရာတွေကို ထပ်ခါထပ်ခါမျှော်လင့်နေမိတတ်ကြတယ်။သူပြန်ကောင်းလာလိမ့်မယ်။ သူပြောင်းလဲသွားပါလိမ့်မယ်။ သူပြင်ဆင်နိုင်ပါလိမ့်မယ် စတဲ့မျှော်လင့်ခြင်းတွေက မျှော်လင့်နေတဲ့သူကိုပဲ စိတ်ဒဏ်ရာ..အခါခါရစေတယ်။ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ အကြိမ်ကြိမ်ချိုးဖျက်ခံရတယ်။
အမှန်တကယ် စိတ်ကုစားသက်သာမှုကို ရရှိချင်တယ်ဆိုရင် ကိုယ့်ကို ချိုးဖျက်ခဲ့တဲ့နေရာကို ပြန်မသွားပါနဲ့။ကိုယ့်စိတ်ကို အနာတရဖြစ်စေခဲ့တဲ့လူနဲ့ ပြန်မချစ်ပါနဲ့။ကိုယ့်ရဲ့စိတ်ကို ပြိုလဲစေခဲ့တဲ့အတွေ့အကြုံတွေကို ပြန်လှန်ကြည့်မနေပါနဲ့။
အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေဟာ ပြီးဆုံးသွားခဲ့ပြီဆိုတာကို လက်ခံဖို့ လိုအပ်တယ်။အဖြေမရှိတဲ့မေးခွန်းတွေကို စိတ်ထဲမှာစွဲမထားဖို့လိုတယ်။ညှိနှိုင်းလို့မရတဲ့ ကိစ္စတွေကို ဆုပ်ကိုင်မထားဖို့လိုတယ်။ ဒီနေရာကနေငါ ထွက်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ချလိုက်ပြီဆိုရင် နောက်ကိုဘယ်တော့မှပြန်လှည့်မကြည့်ဖို့လိုတယ်။
Move on လုပ်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် လေးစားဖို့ အရေးကြီးလာပြီဆိုတဲ့ သတိပေးချက်ပါပဲ။ မတူညီတဲ့လူတွေ၊ မဖြစ်နိုင်တဲ့အခြေအနေတွေကို ငြင်းပယ်ဖို့က ကိုယ့်စိတ်ကို ကယ်တင်ဖို့လမ်းစဖြစ်တယ်။
ဒါကြောင့် အခုချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည်ညိုဖို့၊ ကိုယ့်အသက်ရှင်ခြင်းဟာ ကိုယ့်အတွက်တန်ဖိုးရှိတယ်ဆိုတာ အသိအမှတ်ပြုဖို့၊ကိုယ့်အတွက် သာယာမှုနဲ့ ငြိမ်းချမ်းမှုတွေကို ပြန် တည်ဆောက်ဖို့၊ပြီးခဲ့တဲ့အရာတွေဟာ ပြန်မလာနိုင်ပေမယ့် အနာဂတ်ကတော့ ကိုယ့်လက်ထဲမှာရှိနေတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။
ကိုယ့်အတွက်ကောင်းတဲ့အရာကို ရွေးချယ်ဖို့က ကိုယ့်ရဲ့တာဝန်ပါ။အတိတ်ကနာကျင်စရာတွေကို လွတ်မချနိုင်ဘူးဆိုရင် ဘယ်လိုမှ move on လုပ်နိုင်မှာမဟုတ်ဘူး။ကိုယ့်ရဲ့အနာဂတ်ဟာလည်း မလှပနိုင်ဘူး။
မွန်ဟော်စီ
၂၀၂၅



Comments