top of page
Search

You Only Live Once – လက်ရှိဘဝကို အဓိပ္ပါယ်ရှိအောင် အသုံးချပါ

  • Apr 21, 2025
  • 1 min read


White water lilies on green lily pads in a pond. Text reads "Mon Halsey" with Burmese script below. Calm and serene setting.

လောကမှာ ကောင်းတယ်၊ မကောင်းဘူးဆိုတာတွေက ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ယုံကြည်မှုနဲ့ ဘာသာတရားတွေအပေါ် မူတည်ပြီး သဘောတူညီမှုကွဲပြားတတ်ပါတယ်။ ဒါပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေမပါဘဲ တကယ်သန့်စင်တဲ့ရည်ရွယ်ချက်၊ မှန်ကန်တဲ့စိတ်ထားနဲ့လုပ်သမျှက ကောင်းမှုတွေပဲလို့ ဆိုရမှာဖြစ်ပါတယ်။

လတ်တလောနှစ်တွေမှာကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ဘာသာရေးတွေ၊ ယဉ်ကျေးမှုတွေ၊ လူမှုအဖွဲ့အစည်းတွေ မရွေးဘဲ ထိခိုက်လာတာပါ။ ကောင်းတာလုပ်နေတဲ့သူတွေလည်းပါသွားကြသလို မကောင်းတာလုပ်တဲ့သူတွေလည်းပါသွားကြတာအမှန်ပါပဲ။ ဘုရားဝတ်ပြု ဆုတောင်းရင်း၊ ဥပုသ်စောင့်တည်ရင်း၊ တရားတော်တွေကိုဖြေဆိုပူဇော်ရင်း အဖြစ်ဆိုးကြီးထဲမှာ ပါသွားကြတဲ့သူတွေလည်း ရှိခဲ့ကြတယ် မဟုတ်လား။

သေခြင်းဟာ ကောင်းတဲ့သူတွေအတွက်ရော၊ မကောင်းတဲ့သူတွေအတွက်ရော၊ မေတ္တာမရှိသူတွေအတွက်သာမက မေတ္တာအပြည့်နဲ့နေသူတွေအတွက်ပါအကျုံးဝင်ပါတယ်။ ကြီးသူ၊ ငယ်သူ၊ ရဟန်းရှင်လူ၊ ယောက်ျားမိန်းမ၊ ဆင်းရဲချမ်းသာ၊ ဘာသာမရွေး အကုန်ပါဝင်ပါတယ်။ တရားရှိတဲ့သူတွေလည်းပါတယ်။ တရားမရှိတဲ့သူတွေလည်းပါတယ်။ သီလမြဲတဲ့သူ၊မမြဲတဲ့သူ၊ဒါနလုပ်တဲ့သူ၊မလုပ်တဲ့သူ..အကုန်ပါကြတာပဲမဟုတ်လား။

အခုအချိန်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူတွေအတွက် ကောင်းတာကိုလုပ်ပါ..ကုသိုလ်တွေလုပ်ပါလို့ အချင်းချင်း မေတ္တာနဲ့ သတိပေး ပြောဆိုကြတာတွေဟာ ဒီလိုဘေး အန္တရာယ်တွေကကင်းဖို့၊ မသေဖို့ အာမခံခြင်းမျိုး မဟုတ်ပါဘူး။ ဒါဟာ ဆက်ပြီးရှင်သန်ရမယ့် ဘဝတစ်ခုလုံးကို အဓိပ္ပါယ်ရှိအောင်၊ နောင်တမရ ရအောင်တန်ဖိုးရှိရှိအသုံးချနိုင်ဖို့ ပြင်ဆင်စေချင်တဲ့အတွက်ပါပဲ။

မနက်ကပဲတရားလေးတစ်ပုဒ်နားထောင်လိုက်ရတယ်။ဘေးဘယာတွေကင်းအောင်ဆိုပြီးဘုရားကိုလူတွေက ဘယာကြော်နဲ့ ဆွမ်းကပ်ကြတယ်တဲ့။ ကုသိုလ်ကောင်းမှုလုပ်တဲ့ နေရာမှာ ချမ်းသာဖို့၊ပိုက်ဆံရဖို့၊မ​ေ--သဖို့၊အန္တရာယ်ကင်းဖို့အစရှိတဲ့မျှော်လင့်ချက်တွေ ပါနေတော့ ကောင်းမှုကုသိုလ်ရဲ့အနှစ်သာရကလျော့နည်းနေတယ်။

နောင်ဘဝကောင်းစားဖို့အတွက် ကုသိုလ်လုပ်ရမယ်ဆိုရင် နောင်ဘဝရှိတာကို မယုံကြည်ဘူးဆိုတဲ့သူတွေအတွက် ဘယ်လိုလုပ်မလဲ။

ကုသိုလ်လုပ်တယ်၊ ကောင်းတာလုပ်တယ်ဆိုတာ ရှေ့ဘဝ နောက်ဘဝ၊သံသရာနဲ့သာ သက်ဆိုင်တဲ့အရာမဟုတ်ဘူး။တကယ်တော့ နောင်ဘဝရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခုလက်ရှိကို သိနေတဲ့ဘဝမှာ ကောင်းတာလုပ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ရှင်သန်မှုတွေက အဓိပ္ပါယ်ရှိသွားတာပါ။ နောင်ဘဝဆိုတာကို ခဏမေ့ထားကြည့်ပါ။ သံသရာဆိုတာကိုလည်း မေ့ထားပါ။ မျှော်လင့်ချက်တွေ၊လိုအင်ဆန္ဒ တွေကိုမေ့ထားပါ။အခုပဲ ကောင်းအောင်နေကြည့်ပါ။

ဒီလိုခက်ခဲရှုပ်ထွေးနေတဲ့အချိန်မှာ လက်ရှိပစ္စုပ္ပန်ဘဝနဲ့တည့်မတ်စွာနေတတ်ဖို့ အရေးကြီးပါတယ်။အခုအချိန်မှာ ဘာကောင်းအောင်လုပ်နိုင်မလဲ..အကောင်းဆုံး ဘယ်လိုနေနိုင်မလဲ..လို့ပဲစဉ်းစားဖို့လိုပါတယ်။

(YOLO) You Only Live Once လို့ တချို့ကဆိုတတ်ကြတယ်။ဘဝဆိုတာ တစ်ခါသာ ရှင်သန်လိုက်ရတာပါပဲလို့ ဆိုရင်လည်း အဲဒီတစ်ခါစာလေး ..ရလာတဲ့ရှင်သန်မှုတစ်ခုကို အဓိပ္ပါယ်ရှိအောင် အသုံးချနိုင်ဖို့ပါ။ဒီဘ၀ကိုမစွန့်ခွာခင် ပြန်ကြည့်လိုက်တဲ့အခါမှာ ငါကောင်းစွာ နေထိုင်ခဲ့ပါတယ်လို့ ပြောနိုင်ဖို့ အရေးကြီးတာပါ။


မွန်ဟော်စီ

၂၀၂၅


 
 
 

Comments


  • Facebook
  • Youtube
bottom of page