မေမေ့ဘဝနဲ့ ကံကောင်းမှု: တန်ဖိုးရှိတဲ့အချိန်တွေနဲ့ တရားအားထုတ်မှု
- Apr 28
- 1 min read

အမေနဲ့ပြောဖြစ်တဲ့တချို့အကြောင်းအရာလေးတွေကို ကျွန်မက စာနဲ့ပြန်ရေးထားလေ့ရှိပါတယ်။ တချိန်မှာ အမှတ်တရဖြစ်စေဖို့နဲ့ ကျွန်မအမေကိုယ်တိုင်က အများသူငါနဲ့ ဝေမျှပေးစေချင်တဲ့စိတ်ဆန္ဒမျိုးရှိလို့ပဲ ဖြစ်ပါတယ်။
အပြင်သွားတဲ့အခါတိုင်း ကျွန်မနဲ့ကျွန်မအမေကိုတွေ့တဲ့သူတွေက အန်တီကသိပ်နုတာပဲ၊ အမေကနုပျိုလိုက်တာ၊ အသားအရည်တွေလည်းသိပ်ကောင်းတာပဲ၊ အမေကချောလိုက်တာ စသည်ဖြင့် ချီးကျူးတာကိုမကြာခဏ ကြုံရပါတယ်။
ဒါဟာလည်း သူ့ရဲ့ကုသိုလ်ကံကောင်းခြင်းတစ်ခုပါပဲ။ သူ့ရဲ့ဘဝတစ်လျှောက်လုံးဟာ ရုန်းကန်ရတယ်၊ ပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်ဆိုတာမျိုးမရှိဘဲနဲ့ ကောင်းကောင်းနေ ကောင်းကောင်းစား၊ အဖိုးအဖွားရဲ့လက်ထဲမှာ၊ ခင်ပွန်းရဲ့လက်ထဲမှာ အခုအချိန်အထိ အမြဲအလိုလိုက်နေကြတဲ့ သားသမီးတွေရဲ့လက်ထဲမှာ ဘာကိုမှအပူပင်မရှိဘဲ အေးအေးချမ်းချမ်းနေနိုင်တဲ့သူပါပဲ။
ဒါကြောင့်မို့လို့ နုပျိုတယ်ဆိုတာလည်းမပြောနဲ့တော့လေ။ သူဘာဖြစ်လို့နုပျိုနေရတာလဲဆိုတာဟာလည်း အကြောင်းတရားတွေရှိခဲ့လို့ပါပဲ။ အရင်ဘဝက လုပ်ခဲ့တဲ့ကံအကြောင်းတရားတွေကြောင့် အခုဘဝမှာ အကျိုးခံစားနေရတာပါပဲလို့ ကျွန်မကတော့ ယုံကြည်တယ်။
ဒါကြောင့် မေမေ ဘယ်လောက်ကံကောင်းတဲ့ဘဝကို ရခဲ့တယ်ဆိုတာ သိလားလို့ တစ်ခါတရံ မေးကြည့်မိပါတယ်။ ယခုဘဝမှာ ဒါန သီလအားလည်း အင်မတန်ကောင်းတယ်။ အလှုမပြတ်တဲ့သူမျိုးပေါ့။ သူ့ဘဝနဲ့သူ စိတ်တိုင်းကျနေတော့ စိတ်လည်း ချမ်းသာနေတယ်ပြောရမှာပဲ။
သူပျော်တော့ဘာဖြစ်လဲ။ ကျွန်မတို့ကကြိုက်တာပေါ့။ အမေ့ကိုပျော်စေချင်တာကိုး။ “အမေ..ကြိုက်တာဝယ်”"ကြိုက်တာလုပ်.." လို့ ဖြစ်ကြတာပဲ။ အဲ တစ်ခုရှိတာက ပျော်နေတော့လည်း တရားအားထုတ်ဖို့ သံဝေဂဉာဏ်က ပေါ်သင့်သလောက်မပေါ်တာကို တွေ့ရတယ်။(မိခင်ရဲ့ အားနည်းချက်ကို အရှိအတိုင်းထောက်ပြခြင်းပါ)
အဲလိုပြောတော့ အမေက ဘာလို့မပေါ်ရမှာလဲ။ ကိုယ့်ရှေ့မှာ ကိုယ့်ယောကျာ်းအပါအဝင် ဒီလောက်လူတွေတဖြုတ်ဖြုတ်သေကုန်ကြတာ သံဝေဂဉာဏ်ပေါ်တာပေါ့လို့ ကျွန်မကိုပြောပါတယ်။
တစ်ယောက်ယောက်သေဆုံးသွားလို့ရှိရင် တရားရလိုက်တာ၊ သံဝေဂရလိုက်တာလို့ ကျွန်မတို့ပြောကြပေမဲ့ ကျွန်မတို့ရတဲ့တရားအသိဟာ အပေါ်ယံကြောလောက်ပဲဖြစ်နေတတ်ပါတယ်။ တကယ် မကြောက်သေးဘူး။ တကယ်ကြောက်ရင် ဘာလုပ်မလဲ။ မနက်ဖြန်သေမယ်ဆိုရင် ဒီညမှာအွန်လိုင်းရှော့ပင်းတွေလုပ်နေနိုင်ဦးမလား ..ပေါ့။
ဒါကြောင့် အမေပျော်တာလည်း ပျော်ရမယ်။ ဒါပေမယ့်
တရားကို ပိုပြီးအားထုတ်စေချင်တာပါ။
ဒီအချိန်တွေကိုတန်ဖိုးထားရမယ်လို့ ပြောမိပါတယ်။ ဘာသတိမှမရှိတော့တဲ့အချိန်ကျမှ လက်ထဲကို သင်္ကန်းထည့်ပြီး သံဃာတော်တွေကိုကပ်လှူခိုင်းတော့လည်း ကာယကံရှင်အတွက် တကယ်ရလား မရလားဆိုတာ မသေချာနိုင်တော့ပါဘူး။ မိသားစုတွေကတော့ ဒါမျိုးကို ရသေ့စိတ်ဖြေနဲ့ လုပ်ကြတာပဲပေါ့။
အမေက လုပ်ရမယ့်အလုပ်ကို လုပ်သင့်သလောက်တော့လုပ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ လုပ်သင့်တာထက်ကို ပိုပြီးကြိုးစားပြီးလုပ်ရမယ်။ လျှော့လုပ်တာမျိုး မဖြစ်စေချင်ဘူး။ အချိန်မရှိတော့ဘူးဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရမယ်လို့ပြောမိပါတယ်။
သားအမိဆိုတော့လည်း တစ်ခါတစ်လေ သူ့ကို အဲလိုပြောရင်မကြိုက်ဘူး။ ကတောက်ကဆဖြစ်ရတာပေါ့။ တချိန်လုံးတော့လည်း လုပ်မနေနိုင်ဘူး။ facebook မှာလည်း ဆေးနည်း၊ ဟင်းချက်နည်းနဲ့ ကောင်းတာလေးတွေကြည့်နေတာ စသည်ဖြင့် သူပြောတတ်ပါတယ်။
ကျွန်မကတော့ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ဒါဟာအာရုံတွေပဲ။ စိတ်ကို တချိန်လုံးပုတ်ခတ်နေရင် ကိလေသာဖြစ်တယ်။(ကြိုက်တယ်၊ မကြိုက်ဘူးတွေဖြစ်)
ဒီကိလေသာကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ ကံသုံးပါး (တွေးမိ၊ ပြောမိ၊ လုပ်မိတဲ့ Actions တွေ) ကမ္မဝဋ်ဖြစ်တယ်။
ဒီဝဋ်ကြောင့် နောက်ဘဝ နောက်ခန္ဓာကြီးကို ပြန်ရသွားတဲ့ ဝိပါကဝဋ်ဖြစ်တယ်။
အဲဒီဝဋ်သုံးပါးဟာ စက္ကန့်နဲ့အမျှ ကိုယ့်ခန္ဓာထဲမှာ တဝှီးဝှီးးလည်နေပါတယ်လို့ နားလည်သလောက်ရှင်းပြမိပါတယ်။
အမေက အခုလိုဘဝကို ရခဲ့တာ ကံကောင်းတယ်။ ဒါနတွေလည်း မပြတ်ဘူး၊ လုပ်နိုင်တယ်။ သီလလုံခြုံတဲ့သူလည်း ဖြစ်တယ်။ ဒါပေမဲ့ ဘာဝနာအလုပ်ကို အခုထက်ပိုလုပ်ရမယ်။
တရားနာတာပဲ၊ ဘုရားလည်းရှိခိုးတာပဲ၊ အလှုတွေလည်း လုပ်နေတာပဲ၊ စိတ်လည်း ကောင်းကောင်းထားနေတာပဲဆိုတာလောက်နဲ့တော့ နောက်တစ်ဘဝကောင်းဦးမှာပဲလို့ သေချာတပ်အပ်မပြောနိုင်တာတွေရှိတယ်။ (ပါချုပ်ဆရာတော်၏တရား)
ဝိပဿနာကို မျိုးစေ့လေးလောက်မှ ပါအောင်ယူမသွားနိုင်ဘူးဆိုရင် ဒီ သံသရာထဲမှာပဲ မပြီးတော့အောင် လည်နေမှာပါပဲလို့ ပြောမိပါတယ်။
ကိုယ့်အမေမို့လို့ သံသရာဒုက္ခထဲမှာ လည်မနေစေချင်တဲ့ ဆန္ဒကလည်း ကျွန်မရဲ့လောဘဖြစ်ပါတယ်။ အဲဒီလောဘကိုလည်း ယခုစာရေးနေရင်းမှာပဲ ကျွန်မမြင်နေပါတယ်။ ကျွန်မစိတ်ကိုသိနေပါတယ်။
ဒါပေမဲ့ ပုထုဇဉ်ဆိုတော့လည်း တကယ်ဖြတ်ဖို့ကခက်နေပါသေးတယ်။ ဒါကြောင့်လည်း အမေလည်း အမေ့ဘဝနဲ့အမေ့ကံပဲ။ ရသလောက်ပေါ့လို့ ကျွန်မစိတ်က မထားနိုင်တာသေးတာပါပဲ။
အမေနားမထောင်ချင်လည်း အတင်းလိုက်ပြောနေမိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူဟာ ကျွန်မရဲ့ကျေးဇူးရှင်မိခင်မို့လို့ပါပဲ။
အင်မတန် အေးချမ်းပျော်ရွှင်စရာဘဝ ကိုရနေခိုက် သာသနာနဲ့ကြုံနေခိုက် အမေ့ကို တန်ဖိုးရှိတဲ့တရားကို ထိထိရောက်ရောက်လေး အားထုတ်ဖြစ်စေချင်တာ ကျွန်မစေတနာပါပဲ။
ကျွန်မမှာတာဝန်ရှိပါတယ်။ သူကိုယ်တိုင်လုပ်ဖို့ကလည်း သူ့မှာတာဝန်ရှိပါတယ်။ ကျွန်မကတော့ မိဘကို တရားအသိနဲ့ ကျေးဇူးဆပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ ကျန်တဲ့နေရာတွေမှာ ကျွန်မ အလုံးစုံတာဝန်ကျေနိုင်ခဲ့တဲ့သူပါ။ ဘဝတစ်လျှောက်လုံးမှာ မိခင်ကိုသာစိတ်ထဲထားပြီး အလုပ်တွေလုပ်ခဲ့တဲ့သူမို့ ကိုယ်ပြောပြလိုက်တဲ့တရားတစ်ခုကြောင့် သူ့အတွက် အကျိုးရှိသွားပြီဆို ကျွန်မလည်း ကုသိုလ်တွေအများကြီးရသွားမှာပါ။
မွန်ဟော်စီ
၂၀၂၀



Comments