top of page
Search

ပင်ပန်းနေတဲ့စိတ်ကလေးတွေအနားပေးလိုက်ပါ။ညစ်နွမ်းနေတဲ့စိတ်ကလေးတွေကို ဆေးကြောပစ်လိုက်ပါ။

  • Nov 4, 2023
  • 1 min read

Updated: May 21, 2025



Sunset over a calm sea, with two birds flying in a clear sky. The horizon glows orange, and waves gently lap at the sandy shore.

အခုနောက်ပိုင်း..ကမ်းခြေဘက်ကိုခရီးထွက်တဲ့အခါမဖြစ်မနေအချိန်ပေးပြီးလုပ်ဖြစ်တဲ့အလုပ်တစ်ခုရှိပါတယ်။


မနက်၅ နာရီခွဲနဲ့ ၆ နာရီကြား မှာကမ်းခြေဘက်ကိုသွားတယ်။ ရေလှိုင်းတွေအရှိန်ကုန်ပြီး ပြေးလာတဲ့ သဲသောင်ပြင်ဘက်မှာသေသေချာချာထိုင်လို့ အသက်ရှူတဲ့ ကိစ္စကိုအချိန်ပေးပြီးလုပ်တာပဲဖြစ်ပါတယ်။


သဲပွင့်လေးတွေရဲ့အထိတွေ့ကိုခံစားရတယ်။ နူးညံ့တယ်။ ရေလှိုင်းလေးတွေက ထိုင်နေတဲ့ကိုယ့်ကိုဖြတ်တိုက်သွားတဲ့အခါ စိုစွတ်မှုကိုခံစားရတယ်။ အေးမြခြင်းကိုခံစားရတယ်။ ဆားဓာတ်ပါတဲ့ ပင်လယ်လေရဲ့တိုက်ခတ်မှုဟာ စိတ်ဖိစီးမှုတွေကို လွင့်ပါသွားစေတယ်။ သဘာဝနဲ့ချိတ်ဆက်ပြီးသူ့ရဲ့ အားအင်တွေကိုတိတ်ဆိတ်စွာခံစားတယ်။ နှလုံးသားကိုဖွင့်ပြီး လက်ခံရယူတယ်


မိမိဟာသဘာဝနဲ့အတူရှိနေတယ်။ မိမိရဲ့ဖြစ်တည်မှုကို အင်မတန်မြတ်နိုးတယ်။တန်ဖိုးထားတယ်။ ကိုယ့်ရဲ့အနောက်မှာရှိနေတဲ့.. ကိုယ်ရယ်လို့ဖြစ်လာစေတဲ့ Support System ကြီးတစ်ခုလုံးမှာပါဝင်နေတဲ့ သက်ရှိသက်မဲ့မှန်သမျှ ရဲ့ကျေးဇူးတရားကွင်းဆက်ကြီးကို ချီးမွမ်းမိတယ်။


ကိုယ့်အပေါ်မကောင်းတဲ့သူတောင်မှကျေးဇူးတင်စရာတွေ အများကြီးရှိတယ်။ သူမကောင်းလွန်းတဲ့အတွက် ကိုယ်ကကောင်းတာတွေပိုပြီးလုပ်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျေးဇူးရှိတယ်။


မည်သည့်အရာမှကျေးဇူးတရားနဲ့မကင်းပါလားဆိုတာကို စိတ်ထဲကနေ နက်ရှိုင်းစွာ သတိပြုမိတယ် ။ကျေးဇူးတင်ရတာတွေများလွန်းလို့ ကြက်သီးထရလောက်အောင်ကိုဝမ်းမြောက် ပျော်ရွှင်ရတယ်။


ကျေးဇူးတရားနဲ့ ကပ်လိုက်လာတာဟာ အမြဲတစေ မေတ္တာတရားပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကိုကျေးဇူးတင်မိတဲ့အခါမှာ အလိုလိုနေရင်း မေတ္တာစိတ်တွေပေါက်ဖွားလာပါတယ်။


Spiritual Masters တွေ အခုအချိန်မှာမေတ္တာတရား နဲ့ပတ်သက်လို့ ပိုပြီးပြောလာကြတာတွေရှိတယ်။ မေတ္တာကမဌာန်းတွေ ပေးကြတယ်။ ဒါဟာလုံးဝအကြောင်းမဲ့မဟုတ်ပါဘူး။ Only love can save the world ချစ်ခြင်းမေတ္တာသည်သာလျှင် ကမ္ဘာကြီးကိုကယ်တင်နိုင်လိမ့်မယ်ဆိုတာ Wonder Woman ရုပ်ရှင်မှာကတည်းက လူတွေရခဲ့တဲ့ message ဖြစ်ပါတယ်။


Gratitude Practice လုပ်ပြီးတဲ့အခါမှာကိုယ့်ကိုယ်ကို Healing လုပ်ပါတယ်။ လွှတ်ချစရာရှိတာတွေကိုလွှတ်ချပါတယ်။ စိတ်ဒဏ်ရာလေးတွေကိုဆေးထည့်ပေးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပေးပါတယ်။ မေတ္တာပေးပါတယ်။ ကုစားပေးပါတယ်။


မိမိကိုယ်တိုင်က ကြည်လင်မှုကို ခံစားရပြီ။ အေးမြလာပြီ။ မိမိရဲ့တကိုယ်လုံးမှာ အလင်းစက် အလင်းမှုန်လေးတွေ နဲ့တောက်ပလာပြီ။ မိမိရဲ့ နှလုံးသားလေးဟာ မေတ္တာတရားနဲ့ တဖြည်းဖြည်းချင်း ပြည့်ဝလာပြီ လို့ခံစားမိတဲ့အခါမှာ မျှဝေခြင်းကို ဆောင်ရွက်ပြုလုပ်ပါတယ် ။


လက်ခံနိုင်တဲ့ မည်သူမဆို မိမိရဲ့ မေတ္တာကိုရရှိ နိုင်ပါစေ လို့ ဆန္ဒပြုပြီး ပို့လွှတ်ပေးပါတယ်


ပြီးရင်ကျွန်မသစ္စာဆိုပါတယ်။ မဟာပထဝီမြေကြီးပေါ်က သဲမွမွလေးတွေကို ထိကိုင်ပြီး ဘဝအဆက်ဆက်ကလုပ်ခဲ့တဲ့ကုသိုလ်တွေ.. အခုဘဝမှာလုပ်တဲ့ကုသိုလ်တွေ.. နေ့စဉ်လစဉ်အပတ်စဉ်လုပ်တဲ့ ကုသိုလ်တွေ.. သွားရင်းလာရင်းလုပ်မိတဲ့ ကုသိုလ်..အနီးဆုံးလုပ်ဖြစ်ခဲ့တဲ့ ကုသိုလ်.. ယခုလုပ်နေဆဲကုသိုလ်.. ဒါတွေအားလုံးကို သစ္စာပြုပြီးအမျှဝေလိုက်ပါတယ်။


တကယ်တော့ ဒါတွေကိုကျွန်မအနေနဲ့ Morning Rituals အဖြစ် အိမ်မှာလည်းမနက်တိုင်းလုပ်လေ့ရှိပါတယ် ။အချိန်သိပ်မရဘူးဆိုရင်တော့ ခပ်တိုတိုပဲလုပ်လိုက်တဲ့နေ့တွေလည်းရှိတယ်။


ဒါပေမယ့်ပင်လယ်ကိုလာတဲ့အချိန်မှာတော့ ဓာတ်ကြီလေးပါးပေါင်းစုံနေတဲ နေရာ ဖြစ်တဲ့အတွက် အချိန်ပေးပြီးလုပ်ဖြစ်တာပါပဲ။ ပူနွေးတဲ့ မနက်ခင်း နေရောင်ခြည်လေး ဖြာကျလာတာနဲ့အတူ ပင်လယ်ကမ်းခြေမှာလုပ်တဲ့ Morning Rituals ဟာလုံးဝပြီးပြည့်စုံခြင်းကိုရောက်ရှိပါတယ်။


တစ်နေ့တာရဲ့အချိန်တိုင်းမှာ ငြိမ်သက်ခြင်းကိုရစေဖို့အတွက် Grounding လုပ်ပေးပါ။ ပင်ပန်းနေတဲ့စိတ်ကလေးတွေအနားပေးလိုက်ပါ။ တင်းထားတာတွေကိုလျှော့ချလိုက်ပါ ။ညစ်နွမ်းနေတဲ့စိတ်ကလေးတွေကို ဆေးကြောပစ်လိုက်ပါ။


ကျွန်မတို့ကို ခွန်အားဖြည့်ပေးနိုင်တာလည်းသဘာဝတရားရဲ့စွမ်းအင်တွေကပဲဖြစ်ပါတယ်။ ပင်လယ်ဘက်ကိုရောက်တယ်ဆိုရင်သဘာဝနဲ့ချိတ်ဆက်ပြီးအနားယူလိုက်ပါ။ တစ်နေ့တာလုံးမှာ ခွန်အားပြည့်နေတဲ့ Energy ကို ခံစားရမှာဖြစ်ပါတယ်။


မွန်ဟော်စီ

နိုဝင်ဘာ ၂၀၂၃




 
 
 

Comments


  • Facebook
  • Youtube
bottom of page