မရှိတတ်ခြင်းစိတ်နှင့် ပြည့်စုံတတ်ခြင်းစိတ်
- Feb 19
- 2 min read
Updated: May 20

ရှိတယ်၊ မရှိဘူးဆိုတာဟာ အတွေးအမြင် Mindset တစ်ခုပါပဲ။ ရှုထောင့် Perspective တစ်ခုပါပဲ။
ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီးရှိနေတဲ့သူတစ်ယောက်ဟာ အရာရာကို ဝယ်ယူစုဆောင်းလို့ မပြီးနိုင်တော့ဘူးဆိုတာကလုံလောက်ပါပြီဆိုတဲ့ စိတ်အမြင်မျိုးမရှိလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ Lack Mentality လိုသေးတယ်၊ မရှိသေးဘူး၊ မရသေးဘူးဆိုတဲ့စိတ်ကြောင့်ဖြစ်ပါတယ်။
တစ်ခါတလေမှာ ကျွန်မတို့က Lack Mentality နဲ့ ဘဝကို နေထိုင်နေမိတတ်ကြပါတယ်။
"If you focus on what you don't have, you will never ever have enough."
(Oprah)
မရှိတာတွေအပေါ် အာရုံစိုက်နေသရွေ့ ဘယ်တော့မှ လုံလောက်ပြီလို့ ခံစားရမှာမဟုတ်ဘူးတဲ့။
အများကြီးရှိနေတာတောင်မှ စိတ်ထဲမှာ Empty Feeling ကလိုင်ပေါက်ဖြစ်နေတဲ့သူတွေရှိပါတယ်။ တချို့ကျတော့လည်း ရလာတဲ့ အသေးအဖွဲလေးကအစ ကျေးဇူးတင်ဝမ်းမြောက်တတ်တဲ့အခါ သူ့မှာ လုံလောက်နေပြီ ပြည့်စုံကြွယ်ဝနေပြီလို့ ခံစားနေရတတ်ပါတယ်။
ဘဝထဲမှာ လက်ခံရရှိပြီးသား အရာတွေအပေါ် ဘယ်လိုအမြင်မျိုးရှိပါသလဲ။
လုံလောက်တယ်လို့ ခံစားရပါသလား။ ထပ်ဝယ်ရဦးမယ်။ ထပ်လိုချင်သေးတယ်။ ထပ်ဖြည့်ဆည်းရဦးမယ်လို့ ဖြစ်နေပါသေးလား။
ထပ်ဝယ်ဖြည့်လိုက်တဲ့အခါမှာ ဘယ်လိုခံစားရပါသလဲ။ ပြည့်စုံသွားပြီလို့ ခံစားရပါသလား။ ခံစားရတယ်ဆိုရင် အဲဒီခံစားမှုဟာ ခဏတာသာခံစားရတဲ့ ရောင့်ရဲတင်းတိမ်မှုလား။
ဘဝမှာ တကယ်ကို နှစ်နှစ်ကာကာ ပျော်ရွှင်ချင်တယ်၊ ပြည့်စုံချမ်းသာချင်တယ်၊ ငြိမ်းအေးချင်တယ်ဆိုတဲ့ Abundance Mentality ကို ရချင်တယ်ဆိုရင် Lack Mentality ကို ပြောင်းလဲယူရမှာ ဖြစ်ပါတယ်။
Focus on the good rather than on the bad
မကောင်းတဲ့အရာတွေထက် ကောင်းတဲ့အရာတွေကို ပိုပြီးအာရုံစိုက်တွေးတောပါ။
အခြေအနေ အဖြစ်အပျက်တစ်ခုဟာ ကျွန်မတို့ဆီကို ရောက်လာတဲ့အခါမှာ ကောင်းသည် ဆိုးသည်ဆိုတာ မပါဘဲနဲ့ သူ့ချည်းအတိုင်း Neutral State နဲ့ ရောက်လာတတ်ပါတယ်။တကယ် စဥ်းစားကြည့်တော့ ကောင်းတယ်၊ ဆိုးတယ်ဆိုတာက ကျွန်မတို့ရဲ့ ဘာသာပြန်ယူမှု Interpretation ပဲဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာမဆို ကောင်းတာတွေကို အာရုံစိုက်ပေးလိုက်တဲ့အခါ ကောင်းတဲ့အရာတွေအတွက် Space နေရာအကျယ်အဝန်း ပိုရလာပါတယ်။ မကောင်းတာတွေကို အာရုံစိုက်လိုက်တဲ့အခါမှာ ဒေါသ၊ ဝမ်းနည်းမှုတွေ၊ မကျေနပ်တာတွေကို နေရာပေးလိုက်သလိုဖြစ်သွားတတ်ပါတယ်။
Start Appreciating what you already have
ကိုယ့်ဘဝမှာရှိတဲ့အရာတွေကို တန်ဖိုးထား၊ ကျေးဇူးတင်တတ်ဖို့ အခုပဲစတင်လိုက်ပါ။
ကျွန်မ အခုနောက်ပိုင်းမှာ အိပ်ရာဝင်ခါနီးတိုင်း Gratitude Practice Journal ကို မပျက်မကွက်ရေးပါတယ်။ Practice ဆိုတဲ့အတိုင်း ကျေးဇူးတင်စရာအချက်ကလေးတွေကိုချရေးပြီး ကိုယ့်စိတ်ကိုယ် လေ့ကျင့်တာပါပဲ။
တစ်နေ့တာမှာဖြစ်ခဲ့တဲ့ သိသာထင်ရှားတဲ့ ပျော်စရာ၊ ကျေးဇူးတင်စရာအချက်တွေ ဆယ်ချက်ကို နံပါတ်စဉ်ထိုးပြီး ညတိုင်းချရေးကြည့်တယ်။
တချို့နေ့တွေမှာဆိုရင် ဆယ်ခုတောင်ကျော်နေသေးတယ်။ အဲဒီအခါမှာ ကိုယ်ရနေတဲ့ ဘဝဟာ Plus အပေါင်းလက္ခဏာတစ်ခုဖြစ်တယ်။ Bonus အပိုဆုတစ်ခုဖြစ်တယ်။ Beautiful Gift လှပတဲ့လက်ဆောင်လေးတစ်ခုဖြစ်တယ်လို့ သတိထားမိလာပါတယ်။
တချို့အရာလေးတွေဟာ သေးသေးလေးနဲ့ ထုပ်ပိုးပြီးရောက်လာခဲ့ပေမဲ့ တန်ဖိုးထားစရာဖြစ်တယ်ဆိုတာကို တွေးမိပါတယ်။ အဲဒီအခါမှာ ပြည့်စုံကြွယ်ဝခြင်းကို တကယ်ပဲခံစားရတယ်။
တချို့နေ့တွေကျ အထူးတလည်ကျေးဇူးတင်စရာ၊ ပျော်ရွှင်စရာအဖြစ်တွေမရှိပါဘူး။ အဲဒီအခါမှာ အသက်ရှင်နေထိုင်ဖို့အတွက် လုံလောက်တဲ့ လိုအပ်ချက် Survival Needs တွေ ရှိနေသေးတာကို တွေ့ရတဲ့အခါ အသက်ရှူနေသေးတာ၊ အသက်ရှင်နေတာ၊ ကျန်းမာရေးကောင်းနေတာကစလို့ ကြွယ်ဝများပြားနေတဲ့ အရာတွေကို သတိထားမိတာ စိတ်ချမ်းသာစရာပါပဲ။
ဒါကြောင့် ကိုယ့်ဘဝရဲ့ အရာရာတိုင်းကို ကျေးဇူးတင်တတ်အောင် ကြိုးစားပါ။ ဒီအရာတွေကို Love ချစ်ခြင်းမေတ္တာပေးပါ။ Attention အာရုံစူးစိုက်မှုပေးပါ။ Appreciation တန်ဖိုးထားမှုပေးပါ။
Give more of what you want
ကိုယ်လိုချင်တာတွေအတွက် ကိုယ့်ကပိုပြီးပေးလိုက်ပါ။
ဘဝမှာ ချစ်ခြင်းမေတ္တာတွေခံစားရရှိချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ရော သူများအတွက်ကိုပါ ချစ်ခြင်းမေတ္တာတွေပေးပါ။ အကြင်နာတရားတွေနဲ့ ဝန်းရံထားတာကိုခံချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ကြင်နာတတ်တဲ့သူဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် ပျော်ရွှင်ချင်တယ်ဆိုရင် သူများကိုလည်း ပျော်ရွှင်ခြင်းတွေဆောင်ဥ်းကျ်းပေးလိုက်ပါ။
Your state of mind creates your reality - အတွေးတွေအေးချမ်းသွားတဲ့အခါ ဘဝတွေလည်းအေးချမ်းသွားပါလိမ့်မယ်။ အေးချမ်းတဲ့အခြေအနေတွေကို ဖန်တီးယူလာနိုင်ပါလိမ့်မယ်။
Accept deeply that you are a whole and abundant
ကိုယ့်မှာ ပြည့်စုံ ကြွယ်ဝစွာရှိတယ်လို့ လေးလေးနက်နက် ယုံကြည်လက်ခံပါ။
Abundance ပြည့်စုံကြွယ်ဝခြင်းဆိုတာ ကိုယ့်ဘေးနားမှာအမြဲရှိနေတဲ့အရာပါ။ ကိုယ်မမြင်မိတာ၊ သတိမထားမိတာ၊ ကိုယ်မသုံးဖြစ်တာ၊ မသုံးတတ်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
ပြည့်စုံ ကြွယ်ဝတဲ့ဘဝကို လူတိုင်းရရှိနိုင်ကြပါစေ။
မွန်ဟော်စီ
၂၀၂၁



Comments