top of page
Search

ဆံပင်နဲ့ ဒေါသ – ကျွန်မအကြောင်း

  • Feb 19
  • 1 min read


Open book and lantern on a table with Burmese text on a beige wall. The book cover reads "Mon Halsey," creating a calm mood.

ကျွန်မကလေးဘဝတုန်းက ဆံပင်သိပ်မရှိပါဘူး။ မွေးကတည်းက ဆံပင်တစ်ချောင်း၊နှစ်ချောင်းပဲ ပါလာတယ်လို့ ကျွန်မအမေက ပြောတတ်ပါတယ်။

ခေါင်းကပြောင်တောင်တောင်နဲ့ဆိုတော့ကျွန်မအမေက ကျွန်မကို ဆံပင်သန်အောင်ဆိုပြီး ကတုံး ခဏခဏရိတ်ပါတယ်။ ကျွန်မအမေကိုမေးရင် သူ့ကို ဆံပင်သန်အောင် ကတုံးဆယ်ခါ ရိတ်ခဲ့တာပေါ့လို့ အားရပါးရပြောပြပါလိမ့်မယ်။ ဆံပင်ရိတ်ရုံတင်မကဘူး။ မျက်ခုံးမွေးတွေပါ ရိတ်တာပါ။ ပြီးရင် အသားဖြူအောင်လို့ဆိုပြီး သနပ်ခါးကိုလည်း တင်းကြမ်းလိမ်းထားတာပါ။

အဲတော့ နွေရာသီကျောင်းပိတ်တဲ့အချိန်ဆိုရင် ကျွန်မဘဝက ဆံပင်လည်းမရှိ၊မျက်ခုံးလည်းမရှိ။ ဘယ်လောက်များလှနေလိုက်မလဲ။ မြင်ယောင်ကြည့်နိုင်ပါတယ်။

ဒါပေမဲ့ အဲဒီလိုလုပ်ခံခဲ့ရတဲ့အကျိုးကျေးဇူးကြောင့် ကျွန်မဟာ ဆံပင်တော်တော်ကောင်းတဲ့ထဲမှာ ပါပါတယ်။ ဆံပင်ဆိုင်ကိုသွားရင် ဆံပင်နဲ့ပတ်သက်ပြီး ချီးကျူးခံရတာချည်းပါပဲ။ အဲဒီတော့ အမေ့ကိုကျေးဇူးတင်ရပါတယ်။

ဒါပေမဲ့ ငယ်ငယ်ကအကြောင်းဆက်ပြောရရင် ကျွန်မက ဆံပင်ကိစ္စနဲ့ပတ်သက်ပြီး အမေ့ကို သိပ်မကျေနပ်ပါဘူး။ ကတုံးရိတ်မယ်ဆို ပတ်ပြေးတယ်။ ဆံပင်ညှပ်မယ်ဆို ပတ်ပြေးတယ်။ အမေကလည်း သူ့သမီးကို ဆံပင်တွေအများကြီးနဲ့ ခေါင်းမှာ ဖဲကြိုးလေးတွေ၊ ကလစ်ကလေးတွေ ဆင်ပေးချင်တာနဲ့တူပါတယ်။ ကျွန်မမှာ ဆံပင်သာမရှိတာ ဆံပင်မှာတပ်တဲ့ ကလစ်တွေ ၊ခေါင်းစည်းတွေကတော့ ဗူးနဲ့အပြည့်ပါပဲ။

အမေက တစ်နေ့တစ်နေ့ ကျောင်းသွားခါနီးဆိုရင် မရှိမဲ့ရှိမဲ့ ကျွန်မဆံပင်ကိုဆွဲပြီး ဟိုဟာချည်၊ဒီဟာတပ် လုပ်ပါတယ်။ သူအဲလိုလုပ်ရင် ကျွန်မက စည်းထားတဲ့ဆံပင်ကို ကျောင်းရောက်တာနဲ့ ပြန်ဖြုတ်ပစ်တယ်။သနပ်ခါးလိမ်းရင် သနပ်ခါးကိုပြန်ဖျက်တယ်။ အမေက ကျွန်မနှာခေါင်းထဲက နှပ်ချေးနှိုက်ရင်တောင် အဲဒီနှပ်ချေးကို ငိုယိုပြီးနှာခေါင်းထဲပြန်ထည့်ပစ်တဲ့လူမျိုးပါ။

ကောင်းတယ်၊မကောင်းဘူးဆိုတဲ့အကျိုးကျေးဇူးထက် ကိုယ်မကြိုက်တာကိုလုပ်ရင် လက်မခံဘူးပေါ့။ ကျွန်မစာကျက်နေလျက်နဲ့ တစ်ယောက်ယောက်က ကျက်၊ကျက်လို့ပြောရင် ဆက်မကျက်ချင်တော့တဲ့သဘောမျိုးရှိပါတယ်။ လုပ်နေလျက်သားနဲ့ လုပ်..လုပ်ဆိုရင်မလုပ်ချင်တော့ဘူး။ ကောင်းစေချင်လို့ပြောတာကိုသိပေမယ့် မာန်မာနကလည်း ထောင်လွှားသေးတာကိုး။

ပြောချင်တာကတော့ ငယ်ငယ်ကတည်းက ခေါင်းမာပြီး ဒေါသဆိုတဲ့အစွယ်လေးကလည်း တမြမြနဲ့ပဲပေါ့။ ဒေါသကြီးတတ်ပါတယ်။ ဒါကြောင့် ဒေါသဖြစ်စေတတ်တဲ့အရာတွေ၊ အခြေအနေတွေ ၊လူပုဂ္ဂိုလ်တွေ ၊ရပ်ဝန်းတွေ ကို အမြဲရှောင်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ဒေါသအကြောင်း ကိုယ်သိလို့ပါပဲ ဒေါသဖြစ်ရင် ဘာမှသိပ်မမြင်တော့ဘဲ ဆဲတာ၊ဆိုတာ၊ဆောင့်တာ၊အောင့်တာတွေ လုပ်တတ်ပါတယ်။

အခုအရွယ်မှာ ကျွန်မပြန်စဉ်းစားမိတယ်။ ကျွန်မထွက်တဲ့ဒေါသက ဘဝအဆက်ဆက်ကတည်းက ထွက်လာတဲ့ဒေါသလိုပါပဲ။ အထုံပါလာတာပေါ့။ သတ္တိကိန်းလာတယ်လည်းပြောလို့ရမယ်ထင်ပါတယ်။ ဒေါသထွက်ပြီဆိုရင် ဒေါသထဲမှာ မျောပါသွားတတ်ပါတယ်။

လူတွေက တစ်နေ့တစ်နေ့ မသိလိုက်မသိဘာသာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တမာန်မာနတွေထဲမှာ မျောပါနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီလိုမျောပါနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ပါဘူး။ အဲဒီထဲမှာ မျောပါနေရင်းနဲ့ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားတတ်ကြတယ်။

ကျွန်မဆိုရင် ဒေါသတွေအများကြီးထွက်လိုက်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြယူရပါတယ်။ ငါဟာဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလောက်အထိ ဒေါသဖြစ်ဖို့လိုလားဆိုတာ ပြန်တွေးမိတိုင်း ကိုယ်ဟာ ကိုယ်မဟုတ်သလိုပါပဲ။

ဟိုတစ်ရက်က စကားပြောရတော့ အသက်ရှူတဲ့အခါ စိတ်ကအနားရလာတယ်ဆိုတဲ့အကြောင်းလေးကိုပြောဖြစ်ပါတယ်။ အသက်ကတော့လူတိုင်း အခုလည်းရှူနေတာပဲ။ ဘာများထူးဆန်းလို့လဲ။ ဒီလိုမေးနိုင်ပေမယ့် အသက်ကိုသေသေချာချာလေးအာရုံစိုက်ပြီး ၅မိနစ်လောက်ရှူလိုက်တဲ့အခါမှာ အခုဖြစ်ပေါ်ခံစားနေရတဲ့ စိတ်ခံစားမှုပြဿနာတွေကို အကုန်လုံး ဖြေရှင်းလိုက်တာမဟုတ်ပေမယ့် ခဏလေးအနားရသွားပြီး စိတ်ထဲမှာ ငြိမ်သက်တဲ့ နေရာအဝိုင်းအဝန်း Peaceful Space လေးပေါ်လာတာဖြစ်ပါတယ်။

 ၅မိနစ်လောက်အသက်ရှူလိုက်တယ်ဆိုတာနဲ့ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေကနေ ခဏလေး Break လုပ်လိုက်တာ၊ Pause လုပ်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါမှာ စိတ်က အထိန်းအကွပ်တစ်ခုရသွားတယ်။ ဒါ ..ဒီလောက်ဖြစ်ဖို့မလိုဘူး။ ဒီလောက်ထိပြောဖို့မထိုက်တန်ဘူးဆိုတာကို ပြန်ပြီးစဉ်းစားမိလာပါတယ်။

အချင်းချင်းမလိုအပ်ဘဲ ပြောကြ၊ဆိုကြ၊ပြဿနာတွေတက်ကြတာဟာ လူတွေအနေနဲ့ သေဖို့မေ့နေကြလို့ဖြစ်မှာပါပဲ။ တိုတောင်းတဲ့ဘဝလေးမှာ မကြိုက်တာ၊မကျေနပ်တာ၊မုန်းတာနဲ့ပတ်သက်တဲ့အရာတွ၊ အခြေအနေတွေအားလုံးကို ဒီနေ့ကတော့ဖြင့် ကိုယ် သို့မဟုတ် သူ့ရဲ့ နောက်ဆုံးနေ့ပဲဆိုတဲ့ပုံစံနဲ့ တွေးကြည့်လိုက်တဲ့အခါ အရာရာဘာမှမဟုတ်တော့ဘူးဆိုတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ထိန်းဖို့ဆိုတာ ဘုရားဟောတဲ့သုံးဆယ့်ရှစ်ဖြာမင်္ဂလာထဲမှာပါပြီးသားဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ထိန်းတဲ့အတွက်ကြောင့် ကိုယ်နဲ့ပတ်သက်တဲ့ ဘယ်သူ့ကိုမှလည်း ဒုက္ခမရောက်စေဘူး။ စိတ်အနှောင့်အယှက်မဖြစ်စေဘူးဆိုတာက မင်္ဂလာတရားနဲ့အညီနေထိုင်ခြင်းလည်းဖြစ်ပါတယ်။


မိမိစိတ်ကို ကောင်းစွာထိန်းခြင်းသည်မြတ်သောမင်္ဂလာမည်၏။


မွန်ဟော်စီ

၂၀၂၅



 
 
 

コメント


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page