top of page
Search

အနာဂတ်ကို စတင်ဖန်တီးခြင်း - ကိုယ့်ဘဝကို ကျန်းမာပြီး အောင်မြင်စွာ တည်ဆောက်ပါ

  • Feb 4
  • 1 min read

Updated: Feb 19


Text in a Burmese above white pillows; a potted green plant is in the foreground. The name "Mon Halsey" is at the bottom.

မိမိရဲ့အနာဂတ်ပုံရိပ် Future Self ကို ပုံဖော်ကြည့်ခြင်းဟာ လက်ရှိနေထိုင်နေတဲ့အသက်အရွယ်ရဲ့ ဘဝနေထိုင်မှုပုံစံကို ပိုပြီးကောင်းတဲ့အတွေးတွေ၊ အမူအကျင့်တွေနဲ့ ကိုယ်တိုင်ဖန်တီးတည်ဆောက်ယူနိုင်ဖို့ ခွန်အားတွေပေးပါတယ်။ လွှမ်းမိုးမှုတွေလည်းရှိပါတယ်။


ဥပမာဆိုပါစို့ နောက်ထပ် ၁၅ နှစ်မှာ ကိုယ်ဟာကျန်းမာရေးကောင်းတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်အဖြစ် ကြီးပြင်းရှင်သန်သွားချင်တယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး အနာဂတ်ပုံရိပ်မျိုး ရှိနေခဲ့တယ်ဆိုရင် အဲဒီလူဟာ အခုအရွယ်ကတည်းက ကျန်းမာရေးလိုက်စားမှာပဲဖြစ်ပါတယ်။


 နောက်အနှစ် ၂၀ မှာ ငွေကြေးအတွက်ပူပန်စရာမရှိတဲ့ဘဝကို ပိုင်ဆိုင်လိုတဲ့သူကလည်း အခု အရွယ်တည်းက ငွေကြေးနဲ့ပတ်သက်ရင် စိစစ်တာမျိုး၊ စုဆောင်းတာမျိုးတွေလုပ်ဆောင်မှာဖြစ်ပါတယ်။


 ဒီလိုပါပဲ ဘယ်အသက်အရွယ်ရောက်ရင် ဘာတွေပိုင်ဆိုင်နေရမယ်။ ဘယ်လိုအနေအထားမျိုးကိုရောက်နေရမယ်။ ဘယ်လိုရုပ်ရည်သွင်ပြင်မျိုးဖြစ်ရမယ် စသည်ဖြင့် အခုကတည်းက ကိုယ့်ရဲ့ အနာဂတ်ပုံရိပ်ကို ကြိုတွေးကြည့်ထားတတ်တဲ့သူတွေဟာ ယခုလက်ရှိအသက်အရွယ်မှာတင်ကို ပိုပြီး ကောင်းမွန်သော နေထိုင်မှုဘဝပုံစံတွေ ကိုယ်တိုင်ဖန်တီးတည်ဆောက်ယူတတ်ကြပါတယ်။


အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက်ကပြောတယ်။ ကျွန်တော့်အသက် ၄၅ နှစ်ကျရင် ဗိုက်ရွှဲတဲ့သူမဖြစ်ချင်ဘူး။ ဒါဆိုရင် သူဟာအခုအသက်အရွယ်ကတည်းက လေ့ကျင့်ခန်းလုပ်မယ် အစားအသောက်ကိုချင့်ချိန်ပြီးစားမယ်။


အသက် ၃၀ အရွယ် မိန်းကလေးတစ်ယောက်ကလည်း ကျွန်မအသက် ၅၀ မှာ အသားအရည်တွေကိုတင်းတင်းရင်းရင်း ရှိချင်သေးတယ်။ ဒါဆိုရင် ယခုအချိန်ကတည်းက အသားအရေကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းစောင့်ရှောက်မယ်။


ဒါကြောင့် ကိုယ်ဘယ်လိုကြီးပြင်းသွားချင်သလဲ။ ကိုယ်ဘယ်အိုမင်းသွားချင်သလဲဆိုတဲ့ ပုံစံကို အသက်ငယ်ရွယ်စဉ်ကတည်းက နည်းနည်းကြိုပြီး တွေးထားဖို့ လိုပါတယ်။ လူတွေဟာ တဖြည်းဖြည်းအသက်ကြီးလာကြတာပါပဲ။ အိုလာတယ်ဆိုရင်လည်းမမှားဘူးပေါ့။


ငယ်ငယ်ရွယ်ရွယ်နဲ့ သေမသွားဘူးဆိုရင် ကျွန်မတို့မှာ အသက်ကြီးပိုင်းမှာဖြစ်လာမယ့်ရုပ်ရည်သွင်ပြင်နဲ့ စိတ်နေစိတ်ထား၊ ဘဝနေထိုင်မှုအခြေအနေတွေကို ဘယ်လိုအနေအထားအထိရောက်အောင် ပြင်ဆင်ထားလို့ရပါတယ်။


ရည်မှန်းချက်ဆိုတာ ကြီးကြီးမားမားရှိတဲ့သူလည်း ရှိလိမ့်မယ်။ မရှိချင်လည်း မရှိပါဘူး။ ပြင်ဆင်ခြင်း၊ ကြိုတင်တွေးဆကြည့်ခြင်းတွေကတော့ အကျိုးမဲ့မဖြစ်နိုင်ပါဘူး။ တစ်ခါတလေ ကျွန်မတို့ကို ပျော်ရွှင်စေတာမျိုးတောင် ဖြစ်နိုင်သေးတာပါပဲ။


အသက်နှစ်ဆယ်ကျော်တုန်းက သုံးဆယ်ဖြစ်သွားမှာကိုသိပ်ကြောက်မိတယ်။ အခုကျတော့ ၄၀ တောင်ကျော်လာခဲ့ပြီပဲ။ အချိန်တွေက သိပ်မြန်ပါတယ်။


အိမ်မှာအမေနဲ့ရယ်စရာပြောဖြစ်တာလေးတွေရှိသေးတယ်။ကျွန်မရဲ့အဖွား(အမာ) မဆုံးခင်ကဆိုရင် မနက်မနက် သူ့အခန်းရှိတဲ့အိမ်ပေါ်ထပ်ကနေ အောက်ထပ်ကိုဆင်းလာတဲ့အခါတိုင်း ခြင်းတောင်းကလေးတစ်လုံး ကိုင်ဆင်းလာတတ်ပါတယ်။ အဲဒီခြင်းကလေးထဲမှာ စိတ်ပုတီး၊ ရင်ကျပ်ရင်ရှုတဲ့ Inhaler လက်ကိုင်ပုဝါ၊ အတိုအထွာရေးမှတ်တဲ့ မှတ်စုစာအုပ်ကလေး စသည်ဖြင့်အစုံပါလာတတ်ပါတယ်။


အောက်ထပ် သူထိုင်တဲ့နေရာဘေးမှာ ဒီခြင်းတောင်းကလေးကိုချပြီး တစ်နေ့တာပတ်လုံး Stayချနေတော့တာပါပဲ။ ညဘက်အိပ်ခါနီးကျမှ ခြင်းတောင်းကလေးကိုယူပြီး အပေါ်ပြန်တက်သွားတယ်။


အဖွားရဲ့ချွေးမဖြစ်တဲ့ ကျွန်မအမေဟာ အဲဒီတုန်းကအသက် ၄၀ အရွယ်လောက် ဖြစ်ပါတယ်။ အဖွားက အမေ့ကို “ဟယ်..ခြင်းလေးထဲမှာ..တစ်ခုခုရှာပေးပါဦး”ဆိုရင် ကျွန်မအမေက အဖွားခြင်းတောင်းကလေးကို မွှေနှောက်ရင်းနဲ့ “မာမီရေ မာမီတို့ ပစ္စည်းတွေကလည်း စုံနေတာပဲ ။ ဘာတွေမှန်းကိုမသိဘူး။ ဒီထဲမှာလက်သည်းညှပ်လည်းရှိတယ်။ ကပ်ကြေးလည်းရှိတယ်။ ဒီပိုက်ဆံအိတ်ကလေးထဲမှာလား။ ဘယ်မှာလဲ။ တွေ့လဲမတွေ့ဘူး” စသည်ဖြင့် ပစ္စည်းတွေကို ဟိုတစ်ခု ဒီတစ်ခုထုတ်ယူပြီး သူ့ရဲ့ ယောက္ခမကို ပွစိပွစိလုပ်တတ်ပါတယ်။


အခုတော့ ကျွန်မအမေကို သတိထားကြည့်မိတယ်။မနက်မိုးလင်းလို့ အပေါ်ထပ်သူ့အခန်းကနေ အောက်ထပ်က သူအမြဲတမ်းထိုင်နေကျ လဲလျောင်းနေကျ TV ရှေ့က Couch ကြီးပေါ်ကို ခြင်းတောင်းကလေးတစ်လုံးနဲ့ ဆင်းဆင်းလာတာကိုပါပဲ။ အဲဒီခြင်းတောင်းထဲမှာ ဖုန်း၊ လက်သည်းညှပ်၊ ပိုက်ဆံအိတ်၊ ဘီး၊ ဆေး၊ သားရေကွင်းကအစ အကုန်ပါပါတယ်။ ညနေကျရင် သူအဲဒီ ခြင်းတောင်းလေးနဲ့ အပေါ်ပြန်တက်သွားပါတယ်။

သူ့ရဲ့ခြင်းတောင်းကိုကြည့်ပြီး စိတ်တွေရှုပ်နေရတာ၊ သူ့ကိုကြည့်ပြီးပြုံးမိနေသူကတော့ အသက် ၄၀ အရွယ် သမီးဖြစ်တဲ့ ကျွန်မပါပဲ။


Future Self ကို မြင်ယောင်ကြည့်တယ်ဆိုတဲ့နေရာမှာ တိုလီမိုလီလေးတွေထည့်ထားတဲ့ခြင်းတောင်းကလေးကိုင်ပြီး အိမ်ပေါ်ကဆင်းလာတဲ့ကိစ္စကိုတော့ ကျွန်မတို့ထည့်မတွက်တတ်ကြသေးဘူးထင်ပါတယ်။

လူတွေရဲ့ဘဝဟာ သိပ်ကို ရိုးရှင်းပါတယ်။ ဘဝဟာ Pattern ဆိုတဲ့ ပုံစံတွေနဲ့ ပဲလာတတ်ပါတယ်။ ဒီအရွယ်ရောက်ရင် ဒီလိုပုံစံ ဒီလိုဒီဇိုင်းဖြစ်မယ်ဆိုတာကတော့ ဗေဒင်တောင် မေးနေစရာမလိုဘူးလို့ ယူဆမိတာပါပဲ။


တစ်ခုရှိတာကတော့ ဒီလိုပုံစံ ဒီလို Pattern ရောက်လာမယ်ဆိုတာကို သိနေပြီးသားဆိုရင် ကြိုပြီးပြင်ဆင်လို့တော့ရပါတယ်။ ကျွန်မကတော့ အသက် ၇၀ အရွယ်ရောက်ရင် ဒီလိုခြင်းတောင်းကလေးနဲ့ အပေါ်တက်အောက်ဆင်းဖို့ မလိုရအောင် အောက်ထပ်မှာပဲနေမယ်။


ခြင်းတောင်းအစား ဘီးလှိမ့်လို့ရတဲ့ စင်ကလေးပေါ်မှာ ဗူးကလေးနဲ့ ပစ္စည်းတွေကို ထည့်ထားမယ်။ အဲဒါလေးကိုတွန်းပြီး ဟိုရွှေ့ဒီရွှေ့ လျှောက်သွားမယ် လို့စဉ်းစားထားပါတယ်။


မွန်ဟော်စီ

၂၀၂၀



 
 
 

Comments


Subscribe for more information!

Thanks for submitting!

Mon Halsey

FOLLOW

Author, Speaker, Artist, Best-Selling Author

  • Facebook
  • Youtube
  • Instagram
bottom of page