top of page
Search

လူတွေရဲ့ကိုယ်ရောင်ကိုယ်ဝါ ကိုယ်ပိုင်အလင်းရောင်လေးတွေအကြောင်းကိုဖတ်ရတာ စိတ်ဝင်စားစရာတော့ကောင်းတယ်.....

  • Jan 18
  • 1 min read

ree

ကိုယ်ရောင်ကိုယ်ဝါကို အင်္ဂလိပ်လိုဆိုရင်တော့ Aura လို့ခေါ်ပါတယ်။ စိတ်မလုံခြုံတဲ့သူ၊ တကိုယ်ကောင်းဆန်တဲ့သူဆိုရင် အညိုရောင်ရှိတယ်တဲ့။ မျှော်လင့်ချက်မပါဘဲ ပေးကမ်းတတ်တဲ့သူဆိုရင် ပန်းရောင်ကလေးလင်းတယ်။


တီထွင်ဆန်းသစ်တတ်တဲ့ Creative ဖြစ်တဲ့သူကျတော့ လိမ္မော်ရောင်ကလေးလင်းတယ်။ စိတ်ငြိမ်သက်အေးချမ်းတဲ့သူဆိုရင် ..အစိမ်းရောင်ကလေး လင်းတယ်တဲ့။ ဒေါသများတဲ့သူဆိုရင်တော့ အမဲရောင် မှောင်ပိတ်ပိတ်ကြီး ဖြစ်နေတယ် စသည်ဖြင့် အရောင်တွေနဲ့ လူတွေရဲ့စိတ်ကို မျိုးစုံခွဲခြားပြတဲ့ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်လိုက်ရတယ်။ အရောင်တစ်ရောင်တည်းကိုပဲ Positive Energy နဲ့ Negative Energy ဆိုပြီး ထပ်ခွဲထားတာလည်းရှိသေးတယ်။


ဒီလို ကိုယ့်ဘေးမှာ ဝန်းရံနေတဲ့စွမ်းအင်အရောင်တွေကို ဓါတ်ပုံရိုက်ပြီးကြည့်လို့ရတဲ့ ဓါတ်ပုံပညာတောင် ရှိနေပါတယ်တဲ့။ Kirlian Photography လို့ခေါ်တယ်။ စိတ်ဝင်စားရင်တော့ ရှာဖတ်ကြည့်လို့ရပါတယ်။ ကျွန်မကတော့ သိပ်နားမလည်ပါဘူး။


တချို့စွမ်းအင်ပညာရှင်တွေကလည်း ဒီအရောင်တွေကို မြင်အောင်ကြည့်လို့ရတယ်လို့ ဆိုပါတယ်။ ထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ၊ လောကီကျင့်စဉ်တွေ လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ကတော့ ဖြစ်နိုင်ပါတယ်။ ကိုယ်လိုလူမျိုးကတော့ဘာမှမမြင်ရပါဘူး။ ဒါပေမယ့် လူတွေမှာ ကိုယ်ရောင်ကိုယ်ဝါတွေရှိတယ်ဆိုတာကိုတော့ယုံကြည်တယ်။


မြတ်စွာဘုရားဟာ ပဌာန်းကျမ်းကြီးကိုဆင်ခြင်တဲ့အခါမှာ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးလာတာတဲ့။ ကိလေသာတွေ အလွန်စင်ကြယ်သွားတဲ့အတွက်အရိုးတော်၊ အရေတော်၊ အသားတော် စတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းအသီးသီးက အနီရောင်၊ အဖြူရောင်၊ ရွှေရောင်၊ အညိုရော စသည်ဖြင့် အရောင်တွေအမျိုးစုံထွက်လာတာတဲ့။ ဒါကိုရောင်ခြည်တော်ကွန့်မြူးတယ်လို့ပြောကြတာဖြစ်ပါတယ်။


နတ်ဗြဟ္မာတွေမှာလည်း ကိုယ်ရောင်ကိုယ်ဝါတွေရှိကြတယ်။ အနောက်တိုင်းအယူအဆမှာရှိတဲ့ Arch Angel တွေဆိုရင်လည်း ဘယ်သူက ဘာအရောင်ဆိုတာမျိုး သတ်မှတ်ထားတာတွေ ကျွန်မအများကြီးဖတ်ခဲ့ဖူးပါတယ်။


ဒီလိုအရောင်တွေကို မျက်စိနဲ့မြင်ရတဲ့ မြင်နိုင်တဲ့ စွမ်းအင်မျိုးမရှိပေမဲ့ စိတ်နဲ့ ခံစားမိတာတော့ရှိတယ်။ အဲဒါကတော့. အလင်းနဲ့အမှောင်ပါ။ Light Aura နဲ့ Dark Aura လို့ပဲ ဆိုကြပါဆိုတော့။ ဒီလိုခံစားချက်ကတော့ လူအတော်များများမှာလည်း ရှိကြမယ်လို့ထင်ပါတယ်။


အသားမဲတာ၊ ဖြူတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ၊ စိန်တွေ ရွှေတွေဝတ်ထားတာ၊ မဝတ်ထားတာနဲ့မဆိုင်ဘဲ လူတွေမှာ ကိုယ်ပိုင်အလင်းရောင်၊ ကိုယ်ရောင်ကိုယ်ဝါတွေရှိနေတတ်ကြပါတယ်။


Positive Energy များတဲ့သူဆိုလင်းတယ်။ Negative Energy များတဲ့သူဆို မှောင်တယ်လို့ပဲ အရိုးရှင်းဆုံး သတ်မှတ်နိုင်ပါတယ်။


ကိုယ့်ရဲ့အရောင်က ဘာရောင်ဖြစ်နေသလဲဆိုတာကိုလည်း ဆန်းစစ်နိုင်တယ်။ ကိုယ်ဘယ်လိုနေရလဲ၊ ဘယ်လိုဘဝမျိုးကိုရထားလဲ၊ ကိုယ့်ရဲ့စိတ်ဓာတ်အဆင့်အတန်းက ဘယ်လောက်ရှိသလဲ။

တစ်နေ့တစ်နေ့ ကိုယ့်ကြောင့်ဘယ်သူတွေစိတ်ချမ်းသာခဲ့ရသလဲ။ ဘယ်သူတွေကို စိတ်ဒုက္ခရောက်အောင်လုပ်မိသလဲ။


တစ်နေ့ကုန်သွားတိုင်း ဒီလောက်တွေးမိတယ်ဆိုရင် ကိုယ်ရဲ့အရောင်ကလေးကလည်း အလင်းဘက်များနေမှာပဲလို့ ခံစားမိတယ်။


သာမာန်လူတွေဟာ တစ်နေ့တာမှာ စိတ်ခံစားမှုတွေကိုလိုက်ပြီး မှောင်လိုက် လင်းလိုက် အမျိုးစုံပြောင်းပြီး ဖြစ်နေတတ်ကြပါတယ်။ ကြောက်သွားတယ်ဆိုရင် မှောင်ကနဲဖြစ်သွားတယ်။ ပျော်ရွှင်ချမ်မြေ့သွားပြီဆိုရင်လည်း လင်းကနဲဖြစ်သွားပြန်တယ်။


တစ်နေ့တစ်နေ့ မနာလိုနေတာ၊ လောဘဖြစ်နေတာ၊ ဒေါသဖြစ်နေတာဆိုရင် ခဏခဏမှောင်သွားတယ်လို့ ပြောနိုင်ပါတယ်။


ဒါကြောင့် ကိုယ့်ရဲ့ဘဝထဲမှာရှိတဲ့ တစ်နေ့တာမှာ လုပ်ဖြစ်တဲ့ကောင်းတဲ့အရာတွေကို ကောင်းတဲ့စွမ်းအင်တွေကို အမြဲတမ်း အာရုံစိုက် Pay Attention လုပ်နေဖို့လိုပါတယ်။


အလင်းနဲ့ပတ်သက်ပြီး ကျွန်မ အမြဲတမ်းရေးခဲ့ဖူးသလို အလင်းရောင်ရှိမှပဲ သွားရမဲ့လမ်းကိုလည်းတွေ့မယ်။ အလင်းပျောက်သွားရင်လမ်းပျောက်သွားမှာပဲ။ ဒါဟာ အရမ်းကြောက်စရာကောင်းပါတယ်။

လောကကြီးမှာက မှောင်နေတဲ့သူတွေကများပါတယ်။ မှောင်တာတွေအရမ်းများလွန်းတော့လည်းမိုက်သွားတယ်။ မှောင်နေတော့လည်း လမ်းကိုမတွေ့ရတော့ဘူး။ လောကမှာ ပတ်ဝန်းကျင်မှာ အလင်းတွေများလာလေ ကောင်းလေပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ် မှောင်နေတဲ့သူတွေကြားထဲမှာ ကိုယ်ကအလင်းသေးသေးလေးတစ်ပွင့်ဖြစ်နေတယ်ဆိုရင်ပဲ အားတော့ရှိတာပဲ။


ကိုယ့်အလင်းရောင်လေးရှိတော့ ကိုယ့်ကိုယ်ကိုယ်လည်းပြန်ရှာတွေ့နိုင်တယ်။ Know Yourself ကိုယ့်အကြောင်းကိုယ်သိဖို့ ကိုယ့်ကိုယ်ကိုယ်သိဖို့ဆိုတာ အရေးအကြီးဆုံးပါပဲ။


စိန်ရွှေကျောက်မျက်တွေရဲ့ အရည်အသွေးကို သူတို့ရဲ့အရောင်ကပဲပြောပါတယ်တဲ့။ လူတွေရဲ့ဂုဏ်အဆင့်အတန်းကိုလည်း သူတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။


ကိုယ့်ရဲ့အလင်းရောင်ထဲမှာ ကိုယ့်ရဲ့တန်ဖိုးတွေရှိပါတယ်။ ကျွန်မတို့အကုန်လုံး ပညာအလင်း၊ ဉာဏ်အလင်း၊ ကံအလင်းတွေနဲ့ အတောက်ပဆုံး လင်းနိုင်ကြပါစေ။


မွန်ဟော်စီ

၂၀၂၁

#မနက်စာအာဟာရ

#မေတ္တာအလင်းနဲ့စွမ်းအား

 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page