အတွေးတွေဟာ စွမ်းအားကြီးပါတယ်။ Powerful ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စိတ်ခံစားမှုတွေကို အတွေးတွေကထိန်းချုပ်ထားလို့ပါပဲ။
- Jan 17
- 1 min read

စိတ်ခံစားမှုတွေကနေ အမူအကျင့်တွေ၊ စရိုက်လက္ခဏာတွေဖြစ်ပေါ်လာကြပါတယ်။ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေတစ်ခုနဲ့ ကြုံဆုံလာတဲ့အခါမှာ ကျွန်မတို့ဘယ်လိုတုန့်ပြန်ပြုမူသလဲ React / Act လုပ်သလဲ ဆိုတာက ကျွန်မတို့ရဲ့အမူအကျင့်စရိုက် Behaviour တွေဖြစ်ကြပါတယ်။
အကြောင်းကိစ္စ အခြေအနေတစ်ခုခုနဲ့ကြုံကြိုက်လို့ ကျွန်မတို့ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ်ပြောလိုက်မိတဲ့ အတွေးစကားတွေဟာ အရေးကြီးပါတယ်။ ဒီအတွေးတွေဟာ ကျွန်မတို့ကို ကူညီတာလား၊ နောက်ကိုပြန်ပြီးဆွဲချတဲ့အဖျက်စိတ်တွေလား။ Helping you or holding you back ဆိုတာ စဉ်းစားဖို့လိုပါတယ်။
တစ်ခါတလေကျတော့ ကျွန်မတို့ဟာ လိုချင်တာတွေမရဘူး၊ ဖြစ်ချင်တာတွေ မဖြစ်ဘူးလို့ပြောကြတယ်။ ဒါပေမယ့် လိုချင်တာမရအောင် ကိုယ့်ရဲ့အတွေးတွေကပဲ ကိုယ့်ကိုပြန်ပြီးပိတ်ဆို့ Block လုပ်ထားတာ ကန့်သတ် Limit လုပ်ထားတာမျိုးဖြစ်တတ်တယ်။
ဥပမာအားဖြင့် ကျွန်မက ဘဝမှာတစ်ခါနှစ်ခါလောက် ထီထိုးဖူးတယ်။ ဒါပေမဲ့ ဘယ်တော့မှထီမပေါက်ခဲ့ဖူးပါဘူး။ ကံစမ်းမဲနှိုက်လည်း မပေါက်ပါဘူး။
အဲတော့ ကျွန်မရဲ့စိတ်ထဲမှာ ငါဟာဘယ်တော့မှအလကားရတဲ့ကိစ္စတွေမှာ ကံကောင်းလေ့မရှိဘူးလို့ အမြဲတွေးတတ်တယ်။
အဲဒီလိုတွေးတာမျိုးကို Limiting Beliefs လို့ခေါ်ပါတယ်။ ကျွန်မတို့ကိုကန့်သတ်ထိန်းချုပ်ထားတဲ့ ယုံကြည်မှုအတွေးတွေပါပဲ။
တကယ်တော့ ဘယ်ပြောနိုင်မလဲ။ တစ်ချိန်ချိန်မှာ ထီပေါက်ချင်လည်းပေါက်မှာပဲ။ ထီပေါက်ချင်တယ်ဆိုရင် အရင်ဆုံးထီထိုးကြည့်ဖို့တော့လိုတယ်မဟုတ်လား။
ထီကိုအမြဲပုံမှန်ထိုးတာမျိုးလည်းမဟုတ်ဘဲ တစ်သက်မှာ တစ်ခါနှစ်ခါလောက်ထိုးဖူးရုံနဲ့ ငါကတော့ဘယ်တော့မှ ပေါက်မှာမဟုတ်ပါဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကန့်သတ်လိုက်တဲ့အတွေးတွေဖြစ်ပါတယ်။ Limiting Beliefs တွေပဲ ဖြစ်ပါတယ်။
ဒီလိုအတွေးတွေဟာ ကျွန်မတို့မှာရှိနေတတ်ကြပါတယ်။
ငါအပြင်ထွက်ပြီဆိုရင် မိုးကရွာပြီ။
ငါဟာ ဘယ်တော့မှ ပိန်မဲ့သူမဟုတ်ဘူး။
မကောင်းတာတွေက ငါ့ဆီမှာပဲလာဖြစ်တယ်။
လူကြားသူကြားထဲငါစကားပြောလို့မဖြစ်ဘူး။
ငါဟာ အရောင်တောက်တောက်တွေနဲ့မလိုက်ဘူး။
ငါက အင်္ဂလိပ်စာမှာ မတော်ဘူး။
ငါ ကားမောင်းလို့ ဖြစ်မှာမဟုတ်ဘူး။
ငါပတ်သက်လိုက်မိသမျှ Relationship တွေဟာ အမြဲနာကျင်စရာကောင်းခဲ့တာချည်းပဲ။ ငါဟာ ဘယ်တော့မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး။ ငါဟာ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုကို ဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး။
ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုနှစ်ခုပေါ်မှာ အခြေခံပြီး ကျွန်မတို့က ကောင်းတာတွေမဖြစ်နိုင်တော့ဘူး။ မကောင်းတာတွေပဲဖြစ်တော့မယ်၊ ဖြစ်နေတယ်လို့ တစ်ခါတည်းကောက်ချက်ချလိုက်တာဟာ တကယ်တော့မမှန်နိုင်ပါဘူး။ ဒါဟာ Limiting Belief တွေပဲဖြစ်ပါတယ်။
တကယ်တော့ ကိုယ့်ရဲ့ Belief System ကို ပြောင်းယူလို့ရပါတယ်။
ကိုယ့်ရဲ့ Limiting Belief တွေဟာ ဘာတွေလဲဆိုတာချရေးပါ။ Identify your limiting beliefs.
ဒါတွေဟာ လက်တွေ့မကျတဲ့အချက်အလက်တွေပေါ်မှာတည်ဆောက်ပြီး ဖြစ်ပေါ်လာတဲ့ ထင်မြင်ချက်တစ်ခုပါပဲဆိုတာကို နားလည်လက်ခံပါ။ ဒါဟာယူဆချက်တစ်ခုသာဖြစ်တယ်။ အမှန်တရားမဟုတ်ဘူး။ It is just a BELIEF, not a FACT.
ကိုယ့်ရဲ့ Belief ကိုပြန်ပြီးစိန်ခေါ်ပါ။
Challenge your own belief.
မေးခွန်းတွေထုတ်ပါ။ ဒီလိုတွေးတာတကယ်မှန်ကန်သလား။ ဘာကြောင့် ဒီလိုမျိုးတွေးနေမိရတာလဲ။ ကိုယ့်ရဲ့ အောင်မြင်မှု၊ ရည်ရွယ်ချက်ပန်းတိုင်ကိုရောက်အောင် ဒီလိုအတွေးအမြင်တွေကတွန်းပို့နေသလား။ ဆွဲချနေသလား။
သူနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့အပြုသဘောဆောင်တဲ့ Belief တစ်ခုကို မွေးယူပါ။
မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာတွေဟာ ဖြစ်နိုင်ပါတယ်လို့ ပြောင်းပြီးတွေးကြည့်ပါ။
Choose something new to believe in.
လက်တွေ့ လုပ်ဆောင်ကြည့်ပါ။ မဖြစ်ဘူးထင်ခဲ့တာတွေကို ဖြစ်လာအောင်လုပ်ကြည့်ပါ။ Start doing things that support your new belief.
တကယ်တော့ Limiting Beliefs တွေဟာ ကျွန်မတို့ရဲ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတတ်ကြပါတယ်။ ဒီအတွေးအမြင်တွေကနေ လွတ်မြောက်သွားအောင် လေ့ကျင့်ယူလို့ရနိုင်ပါတယ်။
ကျွန်မဆိုရင် အရင်တုန်းက ရေထဲဆင်းရမှာအင်မတန်ကြောက်တယ်။ ကျွန်မ ဘယ်တော့မှ ရေကူးတတ်မှာမဟုတ်ဘူးလို့ထင်ခဲ့တယ်။ အားကစားလည်း ဝါသနာပါတဲ့သူမဟုတ်တော့ ကိုယ့်ကိုယ်ကိုယ် ဒါတွေလုပ်ရင်လည်းဖြစ်မှာမဟုတ်ဘူးပဲထင်ခဲ့တယ်။
တကယ်ရေကူးသင်ကြည့်တော့ နှစ်ရက်တည်းနဲ့ရေထဲမှာ မမြုပ်အောင်နေတတ်သွားတယ်။ ရေထဲဆင်းရတာကြောက်စရာမကောင်းဘူးလို့ ဖြစ်လာတယ်။
အိမ်ထောင်ကျလည်းပြီးရော တင်းနစ်ရိုက်တာ၊ ဂေါက်ရိုက်တာ၊ Pickleball ဆော့တာ၊ လှေလှော်တာတွေ ကျွန်မ အကုန်လုပ်နိုင်လာပါတယ်။
မလုပ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာတွေကို လုပ်နိုင်လာတဲ့အခါ ပျော်စရာပါပဲ။
ကိုယ့်ရဲ့ Limiting Beliefs တွေကို ပြောင်းပစ်ဖို့ဆိုတာ အောင်မြင်မှုကိုသွားတဲ့လမ်းမှာ အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သင်ဟာ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေအတွက် လုပ်နိုင်တယ်။ လုပ်နိုင်လိမ့်မယ်ဆိုတာယုံကြည်ပါ။
မွန်ဟော်စီ
နိုဝင်ဘာ ၂၀၂၁
#မနက်စာအာဟာရ
Comments