top of page
Search

"Live Now" ဆိုတာ ဘာကို ဆိုလိုသလဲ? ယခုအချိန်မှာနေထိုင်ခြင်း၏ အဓိပ္ပာယ်

  • Mar 5
  • 1 min read


Tents on a hillside overlook a scenic valley under a clear blue sky. Trees line the right side. Text reads "Live Now!"

အခုလက်ရှိအချိန်မှာမနေထိုင်လို့..ဘယ်အချိန်မှာ..နေထိုင်မလဲ။

Live Now ဆိုတာဟာ အခုရှိနေတဲ့

ပစ္စုပ္ပန်အခိုက်အတန့်ကို သတိရှိနေဖို့၊ နက်ရှိုင်းစွာပျော်ဝင်နိုင်ဖို့၊တစ်ဆင့်ချင်းစီ ခံစားသက်ဝင်နိုင်ဖို့ အရေးကြီးကြောင်း အလေးပေးဖော်ပြတဲ့ အတွေးအခေါ်တစ်ခုပဲဖြစ်ပါတယ်။

တစ်နေ့တာမှာရှုပ်ထွေးတဲ့အချိန်ဇယားတွေရှိတယ် အဆက်မပြတ် ဖြစ်တည်နေတဲ့ အာရုံထွေပြားမှု တွေရှိတယ်။ အနာဂတ်ကို ကြိုတင်တွေးပြီး စိုးရိမ်ပူပန်မှုတွေရှိတယ်။ ဒီလိုကမ္ဘာကြီးမှာ..ပစ္စုပ္ပန်အခိုက်အတန့်ထဲနေထိုင်ခြင်းဆိုတဲ့ အယူအဆက..

အတိတ်နောင်တတွေ..သို့မဟုတ် အနာဂတ်

စိုးရိမ်ပူပန်မှုတွေကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ .. အခုလုပ်နေတဲ့အလုပ်တစ်ခုခုမှာအာရုံဝင်စားရင်း ...ကြုံတွေ့ရတဲ့အတွေ့အကြုံတစ်ခုစီရဲ့.. သဘောသဘာဝတွေကို မြည်းစမ်းနိုင်စေဖို့ အစွမ်းထက်တဲ့သတိပေးချက်တစ်ခု ဖြစ်ပါတယ်။

ဆရာကြီးဒေါက်တာဦးစိုးလွင်နဲ့ ထမင်းစားဝိုင်းတစ်ခုမှာ ဆရာ့ကို တစ်ယောက်ကမေးပါတယ် ။ဆရာထမင်းစားတဲ့အခါဘယ်လိုစားပါသလဲ..တဲ့။ ဆရာက တိုတိုတုတ်တုတ်ရှင်းရှင်းလင်းလင်းပဲ ပြန်ဖြေပါတယ်။ အရသာခံပြီးစားပါတယ်တဲ့။ ဒါဟာ Moment to Moment လို့ခေါ်တဲ့အချိန်အခိုက်အတန့်တစ်ခုချင်းဆီမှာ သတိဖြစ်နေတာ Mindful ဖြစ်နေတဲ့ သဘောကိုဆိုလိုရင်းပဲဖြစ်ပါတယ်။

အခုအချိန်မှာသင်ဟာဒီစာလေးကို ဖတ်နေတာဖြစ်ပါတယ်။ အရာအားလုံးကိုမေ့ထားပြီး အဆုံးထိဖတ်လိုက်ပါ။ အရသာခံပြီးတော့ ဖတ်လိုက်ပါ။ စာထဲမှာနှစ်နှစ်ကာကာ ပျော်ဝင်ပြီး ဖတ်လိုက်ပါ။

ဒီစာမရေးခင်ကကျွန်မဟာ ဘုရားခန်းဆောင်အတွက်ပန်းစေတီလေး ပူဇော်နေခဲ့ပါတယ်။ နှင်းဆီပန်းကလေးတွေကို ထိုးစိုက်နေရင်း ..အဲဒီအချိန်မှာ ဘာကိုမှပူပန်ကြောင့်ကြမရှိ.. သောကမရှိ.. နောင်တမရှိ..ဝမ်းနည်း အားငယ်နေတာမရှိဘဲ ပန်းကလေးတွေ လှပ ညီညာဖို့သာစိတ်ထဲမှာ အာရုံထားနေခဲ့မိပါတယ်။

အဲဒီတဒင်္ဂအတွင်းမှာတော့ အရာအားလုံးကလွတ်မြောက်နေတာ အမှန်ပါပဲ..။ လုပ်စရာရှိတဲ့အလုပ်ကလေးလုပ်ပြီးသွားတဲ့အခါမှာ ရည်ရွယ်ထားတာလေးပြီးဆုံးအောင်လုပ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတင်လိုက်ပါတယ်။

Live Now.

ပစ္စုပ္ပန်မှာနေထိုင်ပါ။

ယခုလက်ရှိအချိန်မှာနေထိုင်ပါ..ဆိုတဲ့

ဒဿနိကဗေဒဟာ လူတစ်ဦးချင်းစီအတွက် အတိတ်ကအမှားတွေ.. ခံစားမှုတွေကိုစွန့်လွတ်တတ်ဖို့ သို့မဟုတ် ရှေ့အနာဂတ်

ရဲ့.. ဘာမှန်းမသိတဲ့အရာတွေကို အတွေးနဲ့ကြိုပြီး ကြောက်လန့်စိုးရိမ်ခြင်းတွေ မဖြစ်စေဖို့

ဖို့ ခွန်အားပေးပါတယ်။

စိုးရိမ်စိတ်တွေကိုလျော့ပါးစေနိုင်တဲ့ နည်းလမ်းတစ်ခုက..ပစ္စုပ္ပန်အခိုက်အတန့်မှာ သတိနဲ့ နေထိုင်ခြင်းပဲဖြစ်ပါတယ်။ မေတ္တာတရား..ကျေးဇူးတရားနဲ့ ကိုယ့်ရဲ့ယုံကြည်မှုတွေကိုတည်ဆောက်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းနဲ့ လူတွေဟာ အလုံးစုံသောသုခ..Positive Energy ကို မြှင့်တင်နိုင်ပြီး၊နေ့စဉ်ဘဝမှာပျော်ရွှင်မှုနဲ့ ပြည့်စုံမှုကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Live Now ယခုလက်ရှိအချိန်မှာနေထိုင်တယ် ဆိုတဲ့နေရာမှာ သတိပဋ္ဌာန်တရားအားထုတ်ခြင်း၊ သတိရှိနေခြင်းနှင့် ကျေးဇူးတရား ပွားများအောက်မေ့ခြင်းစတဲ့ လေ့ကျင့်ခန်းတွေပါဝင်ပါတယ်။။

လက်ရှိအခိုက်အတန့်မှာ နေထိုင်ခြင်းအားဖြင့် မိမိတို့ ရဲ့ပျံ့လွင့်နေတဲ့အာရုံတွေကို မြဲမြံစေတာ ဖြစ်ပါတယ်။ ပူပင်သောကတွေနဲ့ဝေးကွာနေတဲ့အချိန်မှာဘဝရဲ့ အလှတရားတွေ၊ မိမိတို့လုပ်နိုင်စွမ်းအားရဲ့ အံ့သြဖွယ်ရာတွေကို..တန်ဖိုးထား သိမြင်လာရတာဖြစ်ပါတယ်။

အတွေးတွေ..ခံစားချက်တွေဟာ အခုရောက်ရှိနေတဲ့အချိန်ရဲ့ Reality အစစ်အမှန်မဟုတ်ဘဲ ရုပ်ရှင်ပိတ်ကားပေါ်မှာ ကိုယ်တိုင်ဒါရိုက်တာလုပ်.. ဇာတ်ညွှန်းရေး ..သရုပ်ဆောင်လုပ်ပြီး ငိုလိုက်ရယ်လိုက်ဖြစ်နေတဲ့ Soap Opera တစ်ခုပါလားဆိုတာကို မြင်တတ်ရမှာဖြစ်ပါတယ်။

လက်ရှိပစ္စုပ္ပန်အချိန်မှာ အာရုံ စူးစိုက်နေခြင်းက အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ ရောင့်ရဲမှုတို့ကို အချိန်တိုအတွင်းမှာပဲ ခံစားရနိုင်စေပါတယ်။

နောက်ဆုံးမှာတော့ Live Now ဆိုတာဟာ

အတိတ်ကို လုံးဝလျစ်လျူရှုခြင်း သို့မဟုတ် အနာဂတ်ကို လုံးဝမပြင်ဆင်ခြင်း မဟုတ်ဘဲ ဘဝရဲ့ အစဥ်အမြဲပြောင်းလဲနေတဲ့ ရေစီးကြောင်းလို အခြေအနေတွေကြားမှာ

ဟန်ချက်ညီမှုကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။

စိတ်တွေရှုပ်ထွေးနေတယ်ဆိုရင်လက်ရှိအချိန်မှာပဲ နေထိုင်ဖို့အကြံပေးချင်တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာရှင်သန်နေသေးတာဟာလည်း ကြီးထွားမှု၊ ချိတ်ဆက်မှုနဲ့ ပျော်ရွှင်မှုတို့အတွက် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်ထက်ကောင်းတဲ့အချိန်လည်းမရှိဘူးလို့ယူဆရမှာဖြစ်ပါတယ်။

အခိုက်အတန့်တစ်ခုချင်းစီမှာရှိနေတဲ့

စစ်မှန်သောပြည့်စုံမှုဆိုတာ အဝေးကပန်းတိုင်တွေမှာ လိုက်ရှာနေဖို့

မဟုတ်ဘဲ #ဒီနေ့ဒီနေရာဒီအချိန် မှာသာရှိနေကြောင်း အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။


မွန်ဟော်စီ

၂၀၂၄ February


 
 
 

Comments


Follow our channels

  • Facebook
  • Youtube

Subscribe for more information!

Thanks for submitting!

bottom of page