top of page
Search

အချိန်တိုင်း ချစ်ပါ

  • Aug 20, 2025
  • 1 min read
Family walking on a beach, holding hands; parents embracing. Overlaid with text in Burmese. Sky is cloudy. "Mon Halsey" is visible.

ကျွန်မတို့ ချစ်တဲ့သူမှန်သမျှ တစ်နေ့တော့ သေဆုံးရလိမ့်မယ်။

အမေသာသေသွားရင်

အဖေသာသေသွားရင်

ယောကျာ်းသာသေသွားရင်

မောင်လေးသာသေသွားရင်

ခွေးလေးသာသေသွားရင် စသည်ဖြင့် ကိုယ်ချစ်တဲ့သူတွေ ကွယ်လွန်သွားမှာကို ကျွန်မတို့ တွေးမိတိုင်း အပူကြီးပူပန်တတ်ကြပါတယ်။


ဒါပေမဲ့ စိတ်ပူနေတိုင်း ကြောက်နေတိုင်း လူတစ်ယောက်ရဲ့သေဖို့ပါတဲ့ ကံတရားကို တားဆီးလို့မရနိုင်ပါ။


မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်။


Expired Date လို့ ခေါ်တဲ့ ကျွန်မတို့ရဲ့ သက်တမ်းကုန်ဆုံးရက်ဟာ နောက်ထပ် ၁ ပတ်ပဲကျန်တော့တာဖြစ်နိုင်သလို အနှစ်၃၀လောက်မှ ရောက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ကျွန်မတို့ချစ်တဲ့သူတွေ အရင်သေတာဖြစ်နိုင်သလို ကိုယ်က သူတို့ထက် အရင်သေသွားတာမျိုးလည်းဖြစ်နိုင်တာပဲလေ။


မသိနိုင်တဲ့အရာတစ်ခုကို ကြိုတွေးပြီး ကြောက်လန့်စိတ်ပူနေမဲ့အစား အသက်ရှင်ကျန်းမာလျက် အတူတူရှိနေခိုက်မှာ ပိုချစ်ဖို့လိုပါတယ်။


အမေ့ဆီ ဖုန်းမဆက်မိတာကြာပြီလား။ ခုပဲဆက်လိုက်ပါ။
အဖိုးအဖွား အိမ်မရောက်တာကြာပြီလား။ ခုပဲသွားတွေ့လိုက်ပါ။
မောင်နှမအချင်းချင်း ကတောက်ကဆဖြစ်ထားလား။ ခုပဲပြန်ခေါ်လိုက်ပါ။

ဒီတစ်ကြိမ်တွေ့လိုက်ရတာ၊ စကားပြောလိုက်ရတာ၊ နှုတ်ဆက်လိုက်ရတာ၊ ရယ်မောလိုက်ရတာ ဒီဘဝအတွက် နောက်ဆုံးလည်း ဖြစ်နိုင်ပါတယ်။


ချစ်သူကို နမ်းတဲ့အခါ ပွေ့ဖက်တဲ့အခါ ဒါနောက်ဆုံးဖြစ်နိုင်ပါလားလို့ သဘောထားပြီး ထွေးပွေ့နမ်းမွှေးပါ။


မကြာခင် သူ့ကို ဆုံးရှုံးရတော့မှာပါလားဆိုတဲ့စိတ်မျိုးနဲ့ အစွမ်းကုန်ချစ်လိုက်ပါ။ ဖက်လိုက်ပါ။


ကိုယ်ချစ်ရသူတွေနဲ့ အတူရှိနေရတဲ့ဘဝကြောင့် ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ..စဉ်းစားမိပါစေတဲ့။


တစ်ခါတစ်လေ အိမ်မှာ မိသားစုတွင်းမှာ ချစ်သူတွေကြားမှာ အဆင်မပြေတာတွေ၊ တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးနဲ့ စိတ်အခန့်မသင့်ဖြစ်ကြတာတွေ၊ ကပ်သပ်နေတာတွေ၊ စကားအနိုင်လုပြောနေတာတွေ၊ စိတ်နာအောင် ပြောနေကြတာတွေကို ရှိတတ်ပါတယ်။

အဲဒါတွေကို အချိန်မှီရပ်လိုက်ပါ။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်မတို့မှာ အချိန်ဘယ်လောက်ကျန်သေးသလဲဆိုတာ ဘယ်သူမှကို မသိနိုင်ကြလို့ပါ။


တစ်ယောက်ထဲ ရပ်တည်မနေနိုင်တဲ့လူ့ဘဝ၊ ချစ်သူခင်သူတွေဝန်းရံနေမှ လုံခြုံနွေးထွေးတဲ့လူ့ဘဝမှာ ဆက်ဆံရေးဆိုတာဟာ အရေးအကြီးဆုံးပါ။


ကျွန်မတို့ ကိုယ်တိုင်အပါအဝင် ကျွန်မတို့ချစ်သူတွေလည်း ဘယ်တော့မှန်းမသိတဲ့ တစ်နေ့မှာတော့ 6သဆုံးကြ ရလိမ့်မယ်ဆိုတာ သိထားရင် သူတို့နဲ့ ရန်ဖြစ်ချင်တော့မှာ မဟုတ်ပါ။


အချင်းချင်း ပိုလို့ချစ်နိုင်ကြပါစေ။


မွန်ဟော်စီ

၂၀၁၇

 
 
 

Comments


  • Facebook
  • Youtube
bottom of page