ကိုယ့်စိတ်ကိုယ်ပြန်ကြည့်ခြင်းနဲ့ စိတ်လုံခြုံမှုရရှိခြင်း
- Feb 20
- 1 min read

တစ်ရက်က အဝတ်ဗီရိုတွေရှင်းရင်း အင်္ကျီလေးတစ်ထည်ထွက်လာတယ်။
အဲဒီအင်္ကျီကလေးက တံဆိပ်တောင်မဖြုတ်ရသေးတဲ့အသစ်ကလေးပါပဲ။ ဒါပေမဲ့ နေရာလေးတစ်ခုမှာ စုတ်ပြီးအပေါက်ကလေးဖြစ်နေပါတယ်။
ဒီအင်္ကျီကလေးကိုတွေ့မိတော့ အဖြစ်အပျက်တစ်ခုကလေး သွားသတိရလိုက်မိတယ်။ Shopping Mall တစ်ခုမှာ ဒီအင်္ကျီကလေးကိုဝယ်ခဲ့တယ်။ မဝယ်ခင် ချိတ်ထားတဲ့နေရာကနေ ဖြုတ်ယူပြီး အဝတ်လဲခန်းထဲကိုသွားပြီး အစမ်းဝတ်ကြည့်သေးတယ်။ သူက ချိတ်ချိတ်ရတဲ့နေရာကလေးတစ်ခုပါတယ်။
ကျွန်မလည်း ချိတ်ကိုဆွဲပြီး ချိတ်လိုက်တာ လက်သည်းရှည်ထားတတ်တဲ့သူဆိုတော့ လက်မက လက်သည်းကထိုးခွဲလိုက်သလိုဖြစ်ပြီး အဲဒီနေရာလေးဟာ စုတ်ပြဲသွားပါတယ်။ ဒီအဝတ်လဲခန်းထဲမှာကျွန်မတစ်ယောက်ပဲရှိပါတယ်။ ဒီအင်္ကျီစုတ်သွားတာကိုလည်း ကျွန်မတစ်ယောက်တည်း သိတာပါပဲ။
အဲဒီအချိန်မှာ ပထမဆုံးစဉ်းစားလိုက်မိတာက ဒီအင်္ကျီကိုပြန်သွားချိတ်ထားလိုက်မယ်။ သူနဲ့ဆင်တူနောက်တစ်ထည်ကို ယူလာလိုက်လည်း ဘယ်သူမှသိမှာမဟုတ်ဘူးလို့ တွေးမိတာပါပဲ။
ဒါပေမဲ့ ခက်တာက ဘယ်သူမှမသိပေမဲ့ ကိုယ်က သိနေတယ်။ ဒီအင်္ကျီကိုဝတ်တိုင်း ကိုယ့်ကြောင့်စုတ်သွားတဲ့ အင်္ကျီတစ်ထည်ကို တခြားတစ်ယောက်က သေချာမကြည့်ဘဲ ဝယ်ခဲ့မိရင် သူ့မှာ အနာအဆာပါသွားမယ်။ ဝယ်မဲ့သူမရှိရင်တောင် နောက်ဆုံးစာရင်းချုပ်လိုက်ရင် ကိုယ့်ကြောင့်ပျက်စီးသွားတဲ့ အရာတစ်ခုပဲ။
စဉ်းစားမိရင်း တစ်ယောက်တည်း စိတ်တွေဒွိဟဖြစ်နေတယ်။ အမှန်တိုင်းပြောရရင် အဲဒီလိုစုတ်သွားတဲ့အင်္ကျီကို ကျွန်မလည်း ဘယ်လိုချင်ပါတော့မလဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ကိုယ့်ကြောင့်စုတ်ပြဲသွားတဲ့ပစ္စည်းတခုအတွက် ကိုယ်ပဲတာဝန်ရှိတယ်လေဆိုပြီး အဲဒီအစုတ်ကလေးကိုပဲ ယူခဲ့ပါတော့တယ်။ ဝတ်လည်းမဝတ်ဖြစ်တော့ပါဘူး။
ဒါပေမဲ့ စိတ်ထဲမှာတော့လုံလုံခြုံခြုံဖြစ်သွားတယ်။ ကိုယ့်ကြောင့်ဘယ်သူ့မှာမှ အမှားမဖြစ်တော့ဘူးဆိုတာ သိပ်ကိုလုံခြုံတဲ့ခံစားမှုပဲဆိုတာ သိလိုက်ရတယ်။ စိတ်လုံတယ်ဆိုတာ ဒါမျိုးကို ပြောတာဖြစ်မှာပါပဲ။ ဒါမျိုးလေးလုပ်နိုင်ခဲ့လို့ ကျွန်မဟာ အလွန်တရာမှ မြင့်မြတ်နေတဲ့သူတော်ကောင်းမကြီးပါလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ဘယ်သူမှမသိဘူးဆိုရင် မသိသလို လစ်ရင် လစ်သလိုလုပ်ချင်တဲ့စိတ်က ကျွန်မဆီမှာလည်းရှိတာပါပဲ။
ဒီလို စိတ်မျိုးတွေကို စိတ်အညစ်အကြေးလေးတွေလို့ ခေါ်ရမယ်ထင်ပါတယ်။ သာမာန်ပုထုဇဥ်လူသားတွေမှာ ဒီလို စိတ်အညစ်အကြေးလေးတွေက ခိုအောင်းနေတတ်ကြတယ်။
ဘာမှတော့မကြီးကျယ်ပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်မြင်ရတဲ့အခါမှာ အလွန်တရာ ရှက်စရာကောင်းတာကို တွေ့ရလိမ့်မယ်။
တစ်ခါတလေကျတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါ ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်အနေနဲ့ အပြင်ကထွက်ပြီး ကြည့်သလို ကြည့်စေချင်ပါတယ်။
ကြောက်စရာ ရွံစရာ မုန်းစရာ ဒေါသဖြစ်စရာ ရိုက်ချင်စရာလေးတွေနဲ့ ကျွန်မတို့ကိုယ်ကျွန်မတို့ ပြန်တွေ့ရပါလိမ့်မယ်။
တချို့ စိတ်အညစ်အကြေးတွေက သိသာတယ်။ တချို့က မသိသာဘူး။ မသိသာတာလေးတွေကတောင်မှပဲ တစ်ခါတလေကျ အကြီးအကျယ် အနှောက်အယှက် စိတ်ဒုက္ခပေးလာတတ်တာမျိုး ရှိတယ်။ တနုံ့နုံ့တွေးပြီး စိတ်မချမ်းမသာဖြစ်နေရတာမျိုးရှိတယ်။
လုပ်နေကျဖြစ်သွားလို့ အကျင့်ပါသွားရင်လည်းမကောင်းဘူး။ ကိုယ့်ကိုယ်ကိုယ် မကြည်ညိုတော့ဘူး။ မလေးစားနိုင်တော့ဘူးဆိုတာ ဒါမျိုးကစတာပဲဖြစ်မှာပဲလို့တွေးမိတယ်။အဲဒီလောက် သေးငယ်တဲ့အပြစ်အနာအဆာ အစွန်းအထင်းလေးတွေဟာ စိတ်ရဲ့ ငြိမ်သက်ခြင်းကို ရလာတဲ့အချိန်မှာ ကိုယ်တိုင် ပြန်တွေ့လာရတတ်ပါတယ်။
များသောအားဖြင့် သတိနဲ့နေတတ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုပြန်ပြီးတွေ့လာတာပါပဲ။
တရားထိုင်တာ အလေ့အကျင့်ရှိလာပြီဆိုရင် စိတ်က ငြိမ်သက်ခြင်းကိုရလာတယ်။ အဲဒီအခါမှာ ကိုယ့်စိတ်ရဲ့ အညစ်အကြေး အစွန်းအထင်းလေးတွေကို တွေ့လာရတတ်တယ်။ကိုယ်တွေ့မို့လို့ ပြောနိုင်တာပဲ ဖြစ်ပါတယ်။ ကျွန်မဆိုရင် ကိုယ့်စိတ်မစင်ကြယ်တာတွေကို အရင်ကရော အခုဟာပါ နှစ်မျိုးပေါင်းပြီး တွေ့မြင်နေရတော့ ငါ အတော်ဆိုးတဲ့လူပါလားလို့ဖြစ်တယ်။
တစ်ဆက်တည်းမှာပဲ ကောင်းတာတွေလည်း တွေ့လာရတဲ့အခါ မကောင်းတာတွေကိုပြင်ဆင်နိုင်တဲ့အခါ ကျေးဇူးတင်စိတ်တွေ ဖြစ်ရပြန်ပါတယ်။မပြင်နိုင်တာတွေလည်း အများကြီးရှိသေးတယ်။ စကားပြောနေရင်း ဆိုနေရင်းက သူများမကောင်းကြောင်း မြိန်ရေယှက်ရေ ရောက်သွားပြီး ငါ အတော်များနေပြီဆိုပြီး ဘရိတ်အုပ်လိုက်ရတဲ့ အချိန်တွေရှိတယ်။ အခု နောက်ပိုင်းမှာတော့ သိပ်အပြစ်မတင်တတ်တော့ဘူး။ ဘာလို့လည်းဆို ကိုယ့်အပြစ်တော်တော်များများကိုလည်း မြင်တတ်လာခဲ့လို့ပါပဲ။
အရင်ကတော့ ကိုယ်တစ်ခုခု အဆင်မပြေဖြစ်တိုင်း သူများကို အရင်ဆုံးအပြစ်တင်တတ်တယ်။ ကိုယ့်စိတ်မကျေနပ်မှုတွေကိုသူများအပေါ်ပဲပုံချလိုက်တယ်။
ခုတော့ ကိုယ့်အပြစ်တွေကိုမြင်တတ်လာတယ်။ ပြင်ဖို့လည်း ကြိုးစားလာမိတယ်။
အသေးအဖွဲလေးတွေကအစ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်တတ်မှ ကုစားနိုင်ပါတယ်။ Healing ရလာတယ်လို့ ပြောရမယ်။
မွန်ဟော်စီ
၂၀၂၁
Comentários